၁၀၅။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်-
(က) တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် အသေးစားတီထွင်မှုမူပိုင်ခွင့်လက်မှတ်ကို မမှန်မကန်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးစေခြင်း၊
(ခ) မှတ်ပုံတင်စာရင်းတွင် မရိုးမဖြောင့်သောသဘောဖြင့် မမှန်မကန်ရေးသွင်းခြင်း သို့မဟုတ် ရေးသွင်းစေခြင်း၊
(ဂ) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်နှင့်အတူ တီထွင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များ နှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ထုတ်ပြန်ကြေညာခြင်းမပြုမီ သတ်မှတ်သည့် ကာလအတွင်း၌ သက်ဆိုင်မှုမရှိသူအား ခွင့်ပြုချက်မရှိဘဲ ပေးအပ်ခြင်း၊ အများပြည်သူသို့ထုတ်ဖော်အသိပေးခြင်း သို့မဟုတ် အသုံးပြုခွင့်ပေးခြင်း၊
(ဃ) တီထွင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို သက်ဆိုင်မှုမရှိသူအား ခွင့်ပြုချက်မရှိဘဲ ပေးအပ်ခြင်း၊ အများပြည်သူသို့ ထုတ်ဖော်အသိပေးခြင်း သို့မဟုတ် အသုံးပြုခွင့်ပေးခြင်း။
၁၀၆။ မည်သူမဆို ထုတ်ကုန်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်တင်သွင်း ထားခြင်းမရှိဘဲဖြစ်စေ၊ တင်သွင်းထားခဲ့သည့်လျှောက်ထားချက်ကို ငြင်းပယ်ခံထားရလျက်ဖြစ်စေ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို တင်သွင်းထားသည် သို့မဟုတ် တီထွင်မှု မူပိုင်ခွင့်ရရှိခြင်းမရှိဘဲ တီထွင်မှုမူပိုင်ခွင့်ရရှိပြီးဖြစ်သည်ဟု မမှန်မကန်ဖော်ပြကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။