တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၅) တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးများကို လွှဲပြောင်းခြင်း

၅၆။ (က) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူသည် ယင်း၏ လျှောက်ထားချက်ကို ပုဂ္ဂိုလ်တစ်ဦးဦးသို့ ဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသို့ဖြစ်စေ လွှဲပြောင်းခြင်းအား မှတ်တမ်းတင်ပေးရန် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံလျှောက်ထားနိုင်သည်။

(ခ) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ယင်း၏ တီထွင်မှုမူပိုင်ခွင့်ပိုင်ဆိုင်မှုကို ပုဂ္ဂိုလ်တစ်ဦးဦးသို့ဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသို့ဖြစ်စေ လွှဲပြောင်းခြင်းအား မှတ်တမ်းတင်ပေးရန် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံလျှောက်ထားနိုင်သည်။

၅၇။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူကဖြစ်စေ၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) အရ လွှဲပြောင်းခြင်းကို လက်ခံသူကဖြစ်စေ၊ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်ကဖြစ်စေ၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (ခ) အရ လွှဲပြောင်းခြင်းကို လက်ခံသူကဖြစ်စေ သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ပိုင်ဆိုင်မှု လွှဲပြောင်းကြောင်း မှတ်တမ်းတင်ပေးရန် လျှောက်ထားလျှင် ပိုင်ဆိုင်မှုလွှဲပြောင်းကြောင်း မှတ်တမ်း တင်၍ အများပြည်သူသိရှိစေရန် သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

၅၈။ တီထွင်မှုမူပိုင်ခွင့်ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံ မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းမရှိလျှင် ယင်းပိုင်ဆိုင်မှုလွှဲပြောင်းခြင်းသည် အကျိုးသက်ရောက်မှု မရှိစေရ။

၅၉။ နိုင်ငံတော်ရှိ မျိုးရိုးဗီဇ၊ ဇီဝအရင်းအမြစ် သို့မဟုတ် ရိုးရာအသိပညာမှ တိုက်ရိုက်ဆင်းသက်လာသော တီထွင်မှုတစ်ခုနှင့် စပ်လျဉ်း၍ အေဂျင်စီသည်-

(က) ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၇) ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိဘဲ လျှောက်ထားသူက မှားယွင်းစွာချန်လှပ်၍ လျှောက်ထားခဲ့သည့် တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုခဲ့ကြောင်းတွေ့ရှိလျှင် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်း၏ အကျိုးအမြတ်ကို သက်ဆိုင်ရာအဖွဲ့အစည်းသို့ လွှဲပြောင်းပေးရန် တီထွင်မှုမူပိုင်ခွင့်ရရှိသူအား ညွှန်ကြားနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်း၏ အကျိုးအမြတ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းက လွှဲပြောင်းရယူပြီးနောက် တီထွင်မှုမူပိုင်ခွင့်သည် အများပြည်သူနှင့် အလွန်အမင်း သက်ဆိုင်လာလျှင်သော်လည်းကောင်း၊ ကိုယ်ကျင့်သိက္ခာနှင့် အေးချမ်းတည်ငြိမ်မှုဆိုင်ရာကိစ္စရပ်များ ဖြစ်ပေါ်ခဲ့လျှင်သော်လည်းကောင်း တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းကို ရုပ်သိမ်းစေရမည် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်ကို စွန့်လွှတ်စေရမည်။