၁၈။ ဤဥပဒေအရ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခွင့်ရှိသူသည် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို ရရှိလိုပါက တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုပေးရန် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံ လျှောက်ထား ရမည်။
၁၉။ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူသည်-
(က) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ ရေးသား နိုင်သည်။
(ခ) မြန်မာဘာသာဖြင့် လျှောက်ထားချက်ကို အင်္ဂလိပ်ဘာသာသို့လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် လျှောက်ထားချက်ကို မြန်မာဘာသာသို့လည်းကောင်း ဘာသာပြန်ဆိုပေးရန် မှတ်ပုံတင်အရာရှိက တောင်းဆိုခဲ့လျှင် ဘာသာပြန်ဆိုပေးရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရ ဘာသာပြန်ဆိုချက်ဖြစ်လျှင် လျှောက်ထားသူက မှန်ကန်ကြောင်း ဝန်ခံလက်မှတ် ရေးထိုးရမည်။
၂၀။ (က) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူသည် လျှောက်ထားချက်တွင် အောက်ပါအချက်များ ဖော်ပြ ရမည်-
(၁) တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုပေးရန် တောင်းဆိုချက် ၊
(၂) လျှောက်ထားသည့်ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းနှင့် တီထွင်သူတို့၏ အမည်၊ နိုင်ငံသားနှင့် နေရပ်လိပ်စာ၊
(၃) လျှောက်ထားသူက ကိုယ်စားလှယ်လွှဲအပ်၍ လျှောက်ထားခြင်းဖြစ်လျှင် ကိုယ်စားလှယ်၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် နေရပ်လိပ်စာ၊
(၄) ပြည့်စုံစွာဖော်ပြထားသော တီထွင်မှုဆိုင်ရာဖော်ပြချက်၊
(၅) တီထွင်မှုအမည်နှင့် တီထွင်မှုဆိုင်ရာ အကျဉ်းချုပ်ဖော်ပြချက်၊
(၆) သတ်မှတ်ချက်နှင့်အညီ ဖော်ပြထားသည့် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော တီထွင်မှုမူပိုင်ခွင့် ပေးရန် တောင်းဆိုချက်များ။
(ခ) ပုဒ်မခွဲ (က) ပါ အချက်များအပြင် လိုအပ်ပါက အောက်ပါအချက်များကိုလည်း ပူးတွဲတင်ပြရမည်-
(၁) လျှောက်ထားသူတွင် အရေးပါသည့် စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်းရှိပါက ယင်းတို့၏လိပ်စာနှင့် နိုင်ငံအမည်၊
(၂) လျှောက်ထားသူသည် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းအတွက် လျှောက်ထားခြင်းဖြစ်လျှင် အဆိုပါအဖွဲ့အစည်း၏ မှတ်ပုံတင်အမှတ်၊ အမျိုးအစားနှင့် နိုင်ငံအမည်၊
(၃) တီထွင်မှုကို နားလည်သဘောပေါက်စေရန် ရေးဆွဲချက်များရှိခဲ့လျှင် ရေးဆွဲချက်များ၊
(၄) လျှောက်ထားသူသည် ဦးစားပေးအခွင့်အရေးရရှိရန် တောင်းဆိုလျှင် ဦးစားပေးအခွင့်အရေး ရှိကြောင်း ခိုင်လုံသည့် အထောက်အထား၊ ဖော်ပြချက်တို့နှင့်အတူ ဦးစားပေးအခွင့်အရေး တောင်းဆိုချက်၊
(၅) လျှောက်ထားသူသည် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးရရှိရန် တောင်းဆိုလျှင် ကုန်စည် ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးရှိကြောင်း ခိုင်လုံသည့် အထောက်အထား၊ ဖော်ပြချက်တို့နှင့်အတူ ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေး တောင်းဆိုချက်၊
(၆) ပူးတွဲလျှောက်ထားသူများအနက်မှ တစ်ဦးဦးက ပူးတွဲလျှောက်ထားသူများအားလုံး၏ ကိုယ်စား လျှောက်ထားချက်ကို လက်မှတ်ရေးထိုးထားခြင်းဖြစ်လျှင် ကျန်ပူးတွဲလျှောက်ထားသူများ၏ စာဖြင့် ရေးသားထားသည့် သဘောတူညီချက်၊
(၇) မျိုးရိုးဗီဇ သို့မဟုတ် ဇီဝအရင်းအမြစ်များနှင့် ထိုအရင်းအမြစ်များနှင့် ပေါင်းစပ်သည်ဖြစ်စေ၊ မပေါင်းစပ်ဘဲဖြစ်စေ တည်ရှိနေသော ရိုးရာအသိပညာတစ်ရပ်ရပ်တို့အား တရားဝင်ရယူသုံးစွဲ ထားကြောင်းနှင့် တောင်းဆိုထားသော တီထွင်မှုကို ပြုလုပ်ရာတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုထားကြောင်း ဖော်ပြချက်၊
(၈) ဆောလျင်စွာ ထုတ်ပြန်ကြေညာပေးရန် လျှောက်ထားလိုပါက ထိုသို့ကြေညာပေးရန် တောင်းဆိုချက်၊
(၉) အေဂျင်စီနှင့် ဦးစီးဌာနတို့က အခါအားလျော်စွာ သတ်မှတ်သည့် အခြားလိုအပ်ချက်များ။
၂၁။ သတ်မှတ်သည့်အခကြေးငွေ ပေးသွင်းပြီး ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်များနှင့် ပြည့်စုံသော တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ဦးစီးဌာနက လက်ခံရရှိသည့်နေ့သည် နိုင်ငံတော်တွင် လျှောက်ထားချက် တင်သွင်းသည့်နေ့ဖြစ်သည်ဟု မှတ်ယူရမည်။
၂၂။ (က) တီထွင်မှုဆိုင်ရာဖော်ပြချက်သည် သာမန်တတ်ကျွမ်းသူတစ်ဦးက အဆိုပါတီထွင်မှုကို လုပ်ဆောင်နိုင်ရန် ထုတ်ဖော်ရေးသားချက် ဖြစ်ရမည်ဖြစ်ပြီး အဆိုပါ ရေးသားချက်တွင် လျှောက်ထားသည့်နေ့ သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆိုပါက ဦးစားပေးအခွင့်အရေး တောင်းဆိုသည့်နေ့၌ တီထွင်သူသိရှိထားသည့် အကောင်းဆုံးနည်းလမ်းဖြင့် ဖော်ပြရမည်။
(ခ) ပုဒ်မခွဲ (က) အရ တောင်းဆိုထားသော တီထွင်မှုအတွက် ထုတ်ဖော်ပြသချက်သည် လျှောက်ထားသောနေ့ရက်တွင် သက်ဆိုင်ရာ ပညာရပ်နယ်ပယ်၌ သာမန်တတ်ကျွမ်းသူက ယင်းတီထွင်မှုကို အသုံးချရန် သို့မဟုတ် ပြုလုပ်ရန် ခွင့်ပြုနိုင်သည့် လုံလောက်သော သတင်းအချက်အလက်များကို ထည့်သွင်းတင်ပြထားပါက အဆိုပါ ထုတ်ဖော်ပြသချက်ကို လွန်ကဲသော စမ်းသပ်စစ်ဆေးမှုမပြုဘဲ လုံလောက်စွာ ပြည့်စုံရှင်းလင်းသည်ဟု မှတ်ယူရမည်။
(ဂ) အကာအကွယ်ရရှိရန် တောင်းဆိုထားသော တီထွင်မှုကို ပြုလုပ်ရာ၌ နိုင်ငံတော်နယ်နိမိတ်အတွင်းမှ မျိုးရိုးဗီဇ သို့မဟုတ် ဇီဝအရင်းအမြစ်များ၏ဇစ်မြစ်ကိုသော်လည်းကောင်း၊ အဆိုပါအရင်းအမြစ်များနှင့် ဆက်စပ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရိုးရာအသိပညာဆိုင်ရာ အချက်အလက်များကိုသော်လည်းကောင်း ကြိုတင်ခွင့်ပြုချက်မရှိဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုထားပါက ယင်းတို့အား တီထွင်မှုဆိုင်ရာဖော်ပြချက်တွင် ရှင်းလင်းစွာ သတ်မှတ်ဖော်ပြပေးရမည်။
၂၃။ (က) တီထွင်မှုမူပိုင်ခွင့်ပေးရန် တောင်းဆိုချက် သို့မဟုတ် တောင်းဆိုချက်များတွင် အကာအကွယ် ပေးစေလိုသည့်အချက်ကို သတ်မှတ်ဖော်ပြပေးရမည်ဖြစ်သည်။
(ခ) တီထွင်မှုမူပိုင်ခွင့်ပေးရန် တောင်းဆိုချက် သို့မဟုတ် တောင်းဆိုချက်များသည် ရှင်းလင်း၍ ကျစ်လစ်ပြည့်စုံရမည်။ ယင်းတို့ကို ရှင်းလင်းရာတွင် ဖော်ပြချက်နှင့် ရေးဆွဲချက်များကို အသုံးပြု နိုင်သည်။
၂၄။ (က) သီးခြားစီ တီထွင်ခဲ့သည့်တူညီသော တီထွင်မှုတစ်ခုကို မတူညီသောနေ့အသီးသီးတွင် တစ်ဦးထက်ပိုသူများက လျှောက်ထားရာ၌ အဆိုပါလျှောက်ထားချက်များအပေါ် အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်လာခဲ့လျှင် မှတ်ပုံတင်ပေးရန် သတ်မှတ်ချက်များနှင့် ညီညွတ်သော လျှောက်ထားချက်ကို ဦးစွာ တင်သွင်းသူအား မှတ်ပုံတင်ခွင့်ပြုရမည်။
(ခ) ပုဒ်မခွဲ (က)အရ လျှောက်ထားရာတွင် လျှောက်ထားသူအသီးသီးက ဦးစားပေးအခွင့်အရေး သို့မဟုတ် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးကို တောင်းဆိုရာ၌ အဆိုပါလျှောက်ထားချက်များအပေါ် အငြင်းပွားဖွယ်ရာဖြစ်ပေါ်လာခဲ့လျှင် မှတ်ပုံတင်ပေးရန် သတ်မှတ်ချက်များနှင့် ညီညွတ်သော လျှောက်ထားချက်တွင် ဦးစားပေးအခွင့်အရေးနေ့ အစောဆုံးပါရှိသူကိုသာ မှတ်ပုံတင်ခွင့်ပြုရမည်။
၂၅။ သီးခြားစီ တီထွင်ခဲ့သည့် တူညီသော တီထွင်မှုတစ်ခုစီနှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့်ရရှိရန် တစ်ဦးထက်ပိုသူများက တစ်နေ့တည်းတွင် လျှောက်ထားလာပါက သို့မဟုတ် တူညီသော ဦးစားပေး နေ့ရက်ကို တောင်းဆိုလျှောက်ထားလာပါက-
(က) မှတ်ပုံတင်အရာရှိသည် လျှောက်ထားသူအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး တီထွင်မှု မူပိုင်ခွင့်လျှောက်ထားသူအဖြစ် သတ်မှတ်ပေးစေလိုသူ၏ အမည်ကို သတ်မှတ်သည့် ကာလအတွင်း ပြန်လည်တင်ပြရန် လျှောက်ထားသူအားလုံးကို ညွှန်ကြားရမည်။
(ခ) လျှောက်ထားသူများသည် မှတ်ပုံတင်အရာရှိ၏ ညွှန်ကြားချက်နှင့်အညီ ယင်းတို့အချင်းချင်း ဆွေးနွေးညှိနှိုင်းချက်အရ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူအဖြစ် သတ်မှတ်ပေးရန် သဘောတူညီခြင်း ခံရသူ၏ အမည်ကိုသော်လည်းကောင်း၊ ပူးတွဲလျှောက်ထားသူများအဖြစ် သတ်မှတ်ပေးစေလိုပါက ယင်းအချက်ကိုသော်လည်းကောင်း မှတ်ပုံတင်အရာရှိထံ ပြန်လည်တင်ပြရမည်။
(ဂ) ပုဒ်မခွဲ (က) အရ ညွှန်ကြားသော်လည်း လျှောက်ထားသူများသည် ယင်းတို့ အချင်းချင်း သဘောတူညီမှု မရရှိခဲ့လျှင် မှတ်ပုံတင်အရာရှိ၏ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ဆုံးဖြတ်ခြင်းကို လိုက်နာရမည်။
၂၆။ (က) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူသည် လျှောက်ထားသည့်နေ့ရက်မှ ၃၆ လအတွင်း လျှောက်ထားချက်နှင့်စပ်လျဉ်း၍ အသေးစိတ်စစ်ဆေးပေးရန် သတ်မှတ်သည့်အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ တောင်းဆိုရမည်။ မှတ်ပုံတင်အရာရှိသည် ယင်းတောင်းဆိုချက်ကို သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော သတ်မှတ်ကာလအတွင်း စစ်ဆေးပေးရန် တောင်းဆိုခြင်း မရှိပါက တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို စွန့်လွှတ်သည်ဟု မှတ်ယူမည်ဖြစ်သည်။
၂၇။ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်သည် တီထွင်မှုတစ်ခုနှင့်သာ သို့မဟုတ် ယေဘုယျတီထွင် ကြံဆမှု သဘောတရားတစ်ခုဖြစ်လာရန် ဆက်စပ်နေသော တီထွင်မှုတစ်စုနှင့်သာ သက်ဆိုင်ရမည်။
၂၈။ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူသည်-
(က) မှတ်ပုံတင်အရာရှိက တီထွင်မှုမူပိုင်ခွင့်ကို မှတ်ပုံတင်ပေးရန်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုမီဖြစ်စေ၊ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်အပေါ် အယူခံခြင်းနှင့်စပ်လျဉ်း၍ အေဂျင်စီက ဆုံးဖြတ်ချက်မချမှတ်မီဖြစ်စေ လျှောက်ထားချက်၊ ဘာသာပြန်ဆိုချက်နှင့် စာရွက်စာတမ်း အထောက်အထားတစ်ခုခုတွင် ပါရှိသည့် စာအရေးအသားအမှားနှင့် ပြင်ဆင်ခွင့်ပြုနိုင်သည့် အခြား မှားယွင်းမှုများကို ပြင်ဆင်လိုပါက သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ပြင်ဆင်ပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
(ခ) လျှောက်ထားချက်ကို မူလလျှောက်ထားချက်ပါ ဖော်ပြချက်များထက် မကျော်လွန်စေဘဲ တီထွင်မှုမူပိုင်ခွင့် ခွင့်ပြုချိန်မတိုင်မီအထိ ပြင်ဆင်နိုင်သည်။
(ဂ) (၁) ပုဒ်မ ၂၇ နှင့် ညီညွတ်ခြင်းမရှိသည့် လျှောက်ထားချက်ကို မူလလျှောက်ထားချက်ပါ ဖော်ပြချက်များထက် မကျော်လွန်စေဘဲ ခွင့်ပြုရမည့်အချိန်အထိ တစ်ခုထက်ပိုသော လျှောက်ထားချက် အခွဲများအဖြစ်ခွဲ၍ သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ပြင်ဆင်ပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
(၂) လျှောက်ထားချက်အခွဲတစ်ခုစီအတွက် မူလလျှောက်ထားချက်၏ လျှောက်ထားသည့်နေ့ သို့မဟုတ် ဦးစားပေးအခွင့်အရေးတောင်းဆိုခဲ့ပါက ယင်းဦးစားပေးအခွင့်အရေးတောင်းဆိုသည့်နေ့တို့ကို လျှောက်ထားချက် တင်သွင်းသည့်နေ့အဖြစ်မှတ်ယူရမည်။
(ဃ) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ရုပ်သိမ်းပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထား နိုင်သည်။
၂၉။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၂၈ ပါ လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ပြင်ဆင်ခွင့်ပေးနိုင်သည်။