တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၆) မှတ်ပုံတင်အရာရှိနှင့် စစ်ဆေးရေးအရာရှိများ ခန့်အပ်ခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း

၁၀။ ဝန်ကြီးဌာနသည် ဦးစီးဌာနတွင် မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ လုပ်ငန်းများကို ဆောင်ရွက်ရန် မှတ်ပုံတင် အရာရှိနှင့် လိုအပ်သည့် စစ်ဆေးရေးအရာရှိတို့ကို အေဂျင်စီ၏ တင်ပြချက်အရ ခန့်အပ်တာဝန်ပေးအပ် နိုင်သည်။

၁၁။ မှတ်ပုံတင်အရာရှိ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊

(ခ) တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(ဂ) တီထွင်မှုမူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အဆုံးအဖြတ်ပေးခြင်း၊

(ဃ) ဗဟိုကော်မတီနှင့် အေဂျင်စီတို့က ပေးအပ်သော မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။

၁၂။ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းများကို စစ်ဆေးခြင်း၊

(ခ) တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်နှင့်ခုခံချေပချက်တို့ကို စစ်ဆေးပြီး တွေ့ရှိချက်ကို သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြခြင်း၊

(ဂ) တီထွင်မှုမူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်သော ပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်းနှင့် စာရွက်စာတမ်းအထောက်အထားများ တောင်းခံခြင်းတို့ကို မှတ်ပုံတင် အရာရှိ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း၊

(ဃ) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်ကို စစ်ဆေးပြီးနောက် ခွင့်ပြုရန် သင့် မသင့် သဘောထား မှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြခြင်း၊

(င) အေဂျင်စီ၊ ဦးစီးဌာနနှင့် မှတ်ပုံတင်အရာရှိတို့က ပေးအပ်သော မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။