တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၁) စစ်ဆေးခြင်း၊ ကန့်ကွက်ခြင်းနှင့် မှတ်ပုံတင်ခြင်း

၃၀။ စစ်ဆေးရေးအရာရှိသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍-

(က) တီထွင်မှုကို အပြည်ပြည်ဆိုင်ရာ အမျိုးအစားခွဲခြားခြင်းဖြင့် အမျိုးအစားခွဲခြား၍ ပုဒ်မ ၁၉ နှင့် ၂၀ တို့ပါ အချက်များနှင့်ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးပြီးနောက် သတ်မှတ်ချက်များနှင့်ညီညွတ်သော လျှောက်ထားချက်များကို သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။

(ခ) ပုဒ်မ ၁၉ နှင့် ၂၀ တို့ပါအချက်များနှင့် ညီညွတ်ခြင်းရှိ မရှိ စစ်ဆေးပြီးနောက် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိသော လျှောက်ထားချက်ကို လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် မှတ်ပုံတင်အရာရှိ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားသူထံ အကြောင်းကြားရမည်။ လျှောက်ထားသူက အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ဆောင်ရွက်ခြင်းမရှိပါက အဆိုပါ လျှောက်ထားချက်ကို ရုပ်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(ဂ) ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ချက်ကို လက်ခံရရှိပါက စိစစ်ပြီး လျှောက်ထားချက်ကို မိမိ၏သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။

၃၁။ (က) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူ သို့မဟုတ် ပိုင်ရှင်သည် မှတ်ပုံတင်အရာရှိထံ၌ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်တစ်ရပ်အတွက် သတ်မှတ်သည့်အချိန်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့ပြီး အဆိုပါပျက်ကွက်ခဲ့မှုကြောင့် သက်ဆိုင်ရာတီထွင်မှု မူပိုင်ခွင့် သို့မဟုတ် လျှောက်ထားချက်နှင့် စပ်လျဉ်းသည့် အခွင့်အရေး ဆုံးရှုံးမှု ဖြစ်ပေါ်စေမည်ဆိုပါက အောက်ပါအချက်များနှင့် ကိုက်ညီလျှင် တီထွင်မှုမူပိုင်ခွင့် အခွင့်အရေးများပေးရန် မှတ်ပုံတင်အရာရှိထံ ပြန်လည် လျှောက်ထားနိုင်သည်-

(၁) သတ်မှတ်သည့်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့မှုကြောင့် စွန့်လွှတ်ခံရသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း တောင်းဆိုချက်တစ်ရပ်ကို တင်ပြခြင်း၊

(၂) သတ်မှတ်သည့်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့မှုနှင့်စပ်လျဉ်းသည့် လိုအပ်ချက်များ၊ သတင်းအချက်အလက်များ သို့မဟုတ် ရှင်းလင်းချက်များကို ပူးတွဲတင်ပြခြင်း၊

(၃) သတ်မှတ်သည့်ကာလအတွင်း လိုက်နာရန်ပျက်ကွက်ခဲ့မှုအပေါ် ခိုင်လုံသော အကြောင်းပြချက်ကို တောင်းဆိုချက်တွင် ဖော်ပြခြင်း၊

(၄) အခကြေးငွေပေးသွင်းပြီးဖြစ်ခြင်း။

(ခ) မှတ်ပုံတင်အရာရှိသည် အောက်ပါအခြေအနေများတွင် ပုဒ်မခွဲ (က) အရ အခွင့်အရေးများ ပြန်လည် ပေးအပ်ခြင်းကို ဆိုင်းငံ့ထားရမည်-

(၁) အယူခံတင်သွင်းထားခြင်း၊

(၂) နှစ်ဦးနှစ်ဖက်ကြား တရားစွဲဆိုရင်ဆိုင်နေခြင်း။

၃၂။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ စစ်ဆေးရေးအရာရှိ၏ သဘောထားမှတ်ချက်ကို စိစစ်ပြီး သတ်မှတ်ချက်နှင့်ညီညွတ်သော လျှောက်ထားချက်ကို တီထွင်မှု မူပိုင်ခွင့် လျှောက်ထားသည့်နေ့မှ ၁၈ လ ကုန်ဆုံးပြီးနောက် သို့မဟုတ် ဆောလျင်စွာ ထုတ်ပြန် ကြေညာပေးရန် တောင်းဆိုပါက ထိုတောင်းဆိုသည့်နေ့တွင် သတ်မှတ်သည့်နည်းလမ်းနှင့်အညီ အများပြည်သူသိရှိနိုင်ရန်နှင့် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန် ထုတ်ပြန်ကြေညာရမည်။

၃၃။ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသူသည် ပုဒ်မ ၃၂ အရ ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ဤဥပဒေပါ ပုဒ်မ ၁၃ နှင့်  ၁၄ တို့တွင် ဖော်ပြထားသော အကြောင်းပြချက်တစ်ရပ်ရပ်ဖြင့် သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။

၃၄။ မှတ်ပုံတင်အရာရှိသည် ကန့်ကွက်လွှာကို လက်ခံရရှိပါက သတ်မှတ်သည့်အချိန်ကာလအတွင်း ကန့်ကွက်ချက်ကို ခုခံချေပနိုင်ရန် လျှောက်ထားသူထံ အကြောင်းကြားစာ ပေးပို့ရမည်။

၃၅။ မှတ်ပုံတင်အရာရှိသည် ကန့်ကွက်ချက်တင်သွင်းလာသည့် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်၊ စစ်ဆေးရေးအရာရှိ၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို စိစစ်ပြီး တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းကို ဆက်လက်လုပ်ဆောင်စေခြင်း၊ ပြင်ဆင်စေခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုနိုင်သည်။ အဆိုပါဆုံးဖြတ်ချက်ကို ကန့်ကွက်လွှာ တင်သွင်းသူနှင့်တင်သွင်းခံရသူထံ အကြောင်းကြားပြီး သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

၃၆။ စစ်ဆေးရေးအရာရှိသည် တီထွင်မှုမူပိုင်ခွင့်အား အသေးစိတ်စစ်ဆေးပေးရန် လျှောက်ထားချက် နှင့်စပ်လျဉ်း၍ ပုဒ်မ ၁၃၊ ၁၄၊ ၂၂၊ ၂၃ နှင့် ၂၇ တို့တွင် ဖော်ပြထားသည့် တီထွင်မှုမူပိုင်ခွင့်ပေးနိုင်သည့် အချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေး၍ သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။

၃၇။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍-

(က) စစ်ဆေးရေးအရာရှိ၏ သဘောထားမှတ်ချက်ကို စိစစ်ပြီး တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ခ) တီထွင်မှုမူပိုင်ခွင့်အား ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်း တင်ထားပြီး လျှောက်ထားသူထံ အကြောင်းကြားရမည်။ ထို့ပြင် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို အများပြည်သူသိရှိစေရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

(ဂ) တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုလျှင် တီထွင်မှုမူပိုင်ခွင့်လက်မှတ်ကို လျှောက်ထားသူထံ ထုတ်ပေးရမည်။

၃၈။ မှတ်ပုံတင်အရာရှိသည် နိုင်ငံတော်တွင် လျှောက်ထားသော ပြည်ပနိုင်ငံတစ်ခုခုတွင် တင်သွင်းထားပြီး ဖြစ်သည့် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်များကို စစ်ဆေးနိုင်ရေးအတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို သတ်မှတ်သည့်အချိန်အတွင်း တင်ပြရန် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားသူထံ အကြောင်းကြားနိုင်သည်-

(က) လျှောက်ထားသူရရှိထားပြီးဖြစ်သော သက်ဆိုင်ရာ ပြည်ပနိုင်ငံတစ်ခုခု၏ မူပိုင်ခွင့်ရုံးက ဆောင်ရွက် ခဲ့သည့် ရှာဖွေတွေ့ရှိချက်နှင့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတို့၏ မိတ္တူ၊

(ခ) လျှောက်ထားသူပြည်ပမှ ရရှိထားပြီးဖြစ်သော တီထွင်မှုမူပိုင်ခွင့်လက်မှတ်မိတ္တူမှန်၊

(ဂ) ပြည်ပနိုင်ငံတစ်ခုခု၏ မူပိုင်ခွင့်ရုံးမှ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လျှင်ဖြစ်စေ၊ အဆိုပါလျှောက်ထားချက်ပါ တောင်းဆိုချက်ကို ငြင်းဆိုလျှင်ဖြစ်စေ ယင်းဆုံးဖြတ်ချက်မိတ္တူ သို့မဟုတ် အဆိုပါလျှောက်ထားချက်အရ ခွင့်ပြုခဲ့သော မည်သည့်တီထွင်မှု မူပိုင်ခွင့်ကိုမဆို ပျက်ပြယ်စေလျှင် ဖြစ်စေ၊ ရုပ်သိမ်းလျှင်ဖြစ်စေ ယင်းဆုံးဖြတ်ချက်မိတ္တူ။

၃၉။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်အား စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ အစိုးရဌာန အဖွဲ့အစည်းများသို့လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ သို့မဟုတ် ပြည်ပ တီထွင်မှု မူပိုင်ခွင့်ရုံးများသို့လည်းကောင်း အေဂျင်စီ၏ ခွင့်ပြုချက်ဖြင့် စစ်ဆေးပေးရန် တောင်းဆို နိုင်သည်။

၄၀။ တီထွင်မှုမူပိုင်ခွင့်ရရှိသူသည်-

(က) တီထွင်မှုမူပိုင်ခွင့်လက်မှတ် မူရင်းပျက်စီး သို့မဟုတ် ပျောက်ဆုံးပါက မိတ္တူမှန်ထပ်မံထုတ်ပေးရန် သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

(ခ) မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားသော စာအရေးအသား အမှားနှင့်ပြင်ဆင်ခွင့်ပြုနိုင်သည့် အခြားမှားယွင်းမှုများကိုလည်းကောင်း၊ နိုင်ငံသားနှင့် နေရပ်လိပ်စာများကိုလည်းကောင်း ပြင်ဆင်ပေးရန် သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

၄၁။ မှတ်ပုံတင်အရာရှိသည်-

(က) ပုဒ်မ ၄၀၊ ပုဒ်မခွဲ (က) ပါ လျှောက်ထားချက်ကို စိစစ်ပြီး တီထွင်မှုမူပိုင်ခွင့် လက်မှတ်မိတ္တူမှန်ကို ထုတ်ပေးရမည်။

(ခ) ပုဒ်မ ၄၀၊ ပုဒ်မခွဲ (ခ) ပါ လျှောက်ထားချက်ကို စိစစ်ပြီး ပြင်ဆင်ခွင့်ပေးနိုင်သည်။

၄၂။ (က) တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခဲ့ရာတွင် နိုင်ငံတော်၏ အမျိုးသားလုံခြုံရေးကိစ္စနှင့် ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးကိစ္စရပ်များကို ထိခိုက်စေသော အချက်အလက်များ ပါဝင်သည်ဟု မှတ်ပုံတင်အရာရှိက ယူဆခဲ့လျှင် အေဂျင်စီ၏ သဘောတူညီချက်ဖြင့် အဆိုပါ တီထွင်မှုလျှောက်ထားချက်ပါ အကြောင်းအရာများနှင့်ဆက်စပ်သော ဝန်ကြီးဌာန၏ ကင်းရှင်းကြောင်း သဘောထားမှတ်ချက်ရရှိသည်အထိ အဆိုပါ လျှောက်ထားချက်ကို မထုတ်ပြန်ဘဲ လျှို့ဝှက်ထားနိုင်သည်။

(ခ) သဘောထားမှတ်ချက် လက်ခံရရှိပြီးနောက် သက်ဆိုင်သည့်ဝန်ကြီးဌာနသည် ကင်းရှင်းခြင်း မရှိသည့် လျှောက်ထားချက်ကို စစ်ဆေးခြင်းပြုလုပ်ရန်၊ သတင်းအချက်အလက်များကို လျှို့ဝှက် ထိန်းသိမ်းရန် သို့မဟုတ် လျှောက်ထားချက်နှင့် သက်ဆိုင်သည့် စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို သက်ဆိုင်ရာအစိုးရဌာနသို့လွှဲပြောင်းပေးရန် လျှောက်ထားသူအား သင့်လျော်သည့် လျော်ကြေးပေး၍ ဆောင်ရွက်နိုင်သည်။

(ဂ) နိုင်ငံတော်၏ အမျိုးသားလုံခြုံရေးကိစ္စနှင့် ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးကိစ္စရပ်များကို ထိခိုက်စေသော အချက်အလက်များ ပါဝင်သည်ဟု ထင်မြင်ယူဆသည့် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ နိုင်ငံတော်တွင် နေထိုင်သူမည်သူမဆို မှတ်ပုံတင်အရာရှိထံ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားပြီး ပုဒ်မခွဲ (က) အရ သဘောထားမှတ်ချက်မရရှိခဲ့လျှင်သော်လည်းကောင်း၊ ရုပ်သိမ်းခြင်းခံရလျှင်သော်လည်းကောင်း မှတ်ပုံတင်အရာရှိ၏ ခွင့်ပြုချက်မရှိဘဲ အခြားနိုင်ငံတွင် တီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခြင်းမပြုရ။

(ဃ) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူသည် ပုဒ်မခွဲ (ခ) အရ သင့်လျော်သည့် လျော်ကြေးရရှိရန် သက်ဆိုင်သည့် ဝန်ကြီးဌာနသို့ တောင်းဆိုနိုင်သည်။ ပေးအပ်သော လျော်ကြေးပမာဏကို ကျေနပ်မှု မရှိပါက မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားနိုင်သည်။

(င) မှတ်ပုံတင်အရာရှိသည် သက်ဆိုင်သည့် ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်အရ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်ကို ဆက်လက်၍ လျှို့ဝှက်ထိန်းသိမ်းထားရှိရန် လိုအပ်ခြင်းမရှိတော့ကြောင်း ပေါ်ပေါက်သည့်အခါ ပုဒ်မခွဲ(က) အရ လျှို့ဝှက်ထားခြင်းကို ရုပ်သိမ်းနိုင်သည်။