တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၂) ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) တီထွင်မှုမူပိုင်ခွင့်ရရှိသူနှင့် တီထွင်သူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ဤဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊

(ခ) နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် နည်းပညာဖြန့်ဖြူးလွှဲပြောင်းရေးတို့ကို မြှင့်တင် နိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေရန်၊

(ဂ) တီထွင်သူများနှင့် တီထွင်မှုကို အသုံးပြုသူများအကြား နည်းပညာ ဗဟုသုတနှင့် လူမှုစီးပွားဘဝ သာယာဝပြောရေးများကို အပြန်အလှန် အကျိုးပြုစေရန်၊

(ဃ) တီထွင်သူများနှင့်တီထွင်မှုကို သုံးစွဲသူများ၏ အခွင့်အရေးနှင့် စောင့်ထိန်းရမည့် တာဝန်ဝတ္တရား များအကြား ဟန်ချက်ညီနိုင်ရေးတို့တွင် အထောက်အကူဖြစ်စေရန်၊

(င) တီထွင်မှုမူပိုင်ခွင့်ရရှိသူ သို့မဟုတ် အခွင့်အရေးရရှိသူမှ တီထွင်မှုမူပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းနှင့် ကုန်သွယ်မှုတွင် သင့်တင့်မျှတမှုမရှိဘဲ ထိန်းချုပ်ထားခြင်းတို့ကို ဟန့်တားနိုင်ရန်၊

(စ) တီထွင်ဖန်တီးသော လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်ရေးအတွက် အားပေးရန်။