တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၉) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခွင့်ရှိသူများ

၁၅။ (က) တီထွင်သူသည် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားရန် အခွင့်အရေးရှိသူဖြစ်ပြီး အဆိုပါ တီထွင်မှု မူပိုင်ခွင့်တွင် အမည်သတ်မှတ်ဖော်ပြပိုင်ခွင့်ရှိသည်။ ထို့ပြင် တီထွင်သူ၏ လုပ်ကိုင်ခွင့်လွှဲအပ်ခြင်းခံရသူက ဖြစ်စေ၊ လွှဲပြောင်းပေးအပ်ခြင်းခံရသူကဖြစ်စေ တီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။

(ခ) တစ်ဦးထက်ပိုသူများက တူညီသော တီထွင်မှုတစ်ခုကို သီးခြားစီ တီထွင်ခဲ့လျှင် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက် ဦးစွာတင်သွင်းသူ သို့မဟုတ် ဦးစားပေးအခွင့်အရေး တောင်းဆိုချက်ပါရှိလျှင် ဦးစားပေးနေ့ကို အစောဆုံး တရားဝင်ရရှိထားသော လျှောက်ထားသူသည် တီထွင်မှုမူပိုင်ခွင့်ကို ရခွင့်ရှိ သည်။

၁၆။ တီထွင်မှုတစ်ခုကို တစ်ဦးထက်ပိုသူများက ပူးတွဲတီထွင်ခဲ့ခြင်းဖြစ်လျှင် ယင်းတို့အားလုံးသည် အဆိုပါတီထွင်မှုမူပိုင်ခွင့်ကို ပူးတွဲလျှောက်ထားခွင့်ရှိသည်။

၁၇။ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရဖြစ်စေ၊ ယင်းသဘောတူညီချက်၏ အကျိုးဆက်အရဖြစ်စေ တီထွင်မှုတစ်ခုကိုပြုလုပ်ရာတွင်-

(က) အလုပ်သမားက တီထွင်မှုတစ်ခုကို ပြုလုပ်သည့်တိုင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင်ကွဲလွဲမှုမရှိပါက အလုပ်ရှင်ကသာ ယင်းတီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့် ရှိသည်။

(ခ) တီထွင်မှုကို ပြုလုပ်ပြီးကြောင်း အလုပ်သမားက အလုပ်ရှင်ထံစာဖြင့် ဆက်သွယ်အကြောင်းကြား သည့်နေ့မှ ခြောက်လအတွင်း အဆိုပါတီထွင်မှုကို အလုပ်ရှင်က လျှောက်ထားရန် အခွင့်အရေးကို ပျက်ကွက်ခဲ့လျှင် စွန့်လွှတ်ပြီးဖြစ်သည်ဟုမှတ်ယူပြီး အလုပ်သမားသည် ယင်းတီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။

(ဂ) အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက် ကုန်ဆုံးပြီးနောက် တစ်နှစ်အတွင်းပြုလုပ်သည့် တီထွင်မှုကို တီထွင်မှုမူပိုင်ခွင့် လျှောက်ထားရာတွင် အဆိုပါတီထွင်မှုသည် ယခင်အလုပ်ရှင်၏ လုပ်ငန်း နယ်ပယ်အတွင်း ယင်း၏ အလုပ်သမားက ပြုလုပ်ရရှိသည့် တီထွင်မှုဖြစ်လျှင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင်ကွဲလွဲမှုမရှိသည့်အပြင် အလုပ်သမားက ဆန့်ကျင်ကွဲလွဲ သည့် သက်သေခံအထောက်အထား တင်ပြနိုင်ခြင်းမရှိပါက ကုန်ဆုံးပြီးသော အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရ ပြုလုပ်ခဲ့သည့် တီထွင်မှုဖြစ်သည်ဟုမှတ်ယူပြီး ယခင် အလုပ်ရှင်က အဆိုပါတီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။ သို့ရာတွင် အောက်ပါအခြေအနေ တစ်ရပ်ရပ်၌ အလုပ်သမားကသာ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခွင့်ရှိသည်-

(၁) ယခင်အလုပ်ရှင်က အဆိုပါတီထွင်မှုအပေါ် လျှောက်ထားမှုမရှိကြောင်း သဘောတူညီခြင်း၊

(၂) အလုပ်သမားက တင်ပြသည့် သက်သေခံအထောက်အထားအပေါ် ယခင်အလုပ်ရှင်က ငြင်းဆိုမှု မပြုနိုင်ခြင်း၊

(၃) ပုဒ်မခွဲ (ခ) အရ ယခင်အလုပ်ရှင်က မှတ်ပုံတင်လျှောက်ထားရန် ပျက်ကွက်သဖြင့် အလုပ်သမားက လျှောက်ထားခြင်း။

(ဃ) အလုပ်ရှင်၏ တာဝန်ပေးချက်အရမဟုတ်ဘဲ ယင်း၏ လုပ်ငန်းနယ်ပယ်နှင့် ဆက်နွှယ်နေသော တီထွင်မှုတစ်ခုကို အလုပ်ရှင်၏ပစ္စည်းကိရိယာ၊ အချက်အလက် သို့မဟုတ် နည်းပညာကိုအသုံးပြု၍ အလုပ်သမားက ပြုလုပ်ရာတွင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင် ကွဲလွဲမှုမရှိလျှင် အလုပ်သမားကသာ ယင်းတီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။

(င) အလုပ်သမားသည် ပုဒ်မခွဲ (က)၊ (ဂ) နှင့် (ဃ) တို့တွင်ဖော်ပြထားသော တီထွင်မှုပြုလုပ်ခြင်း မှတစ်ပါး အခြားသောတီထွင်မှုကို ပြုလုပ်ခဲ့လျှင် အလုပ်အကိုင်ဆိုင်ရာသဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင်ကွဲလွဲမှုမရှိလျှင် ယင်းတီထွင်မှုအတွက် တီထွင်မှုမူပိုင်ခွင့်ကို အလုပ်သမားကသာ လျှောက်ထားခွင့် ရှိသည်။