တီထွင်မှုမူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၇) မလွဲမသွေပေးရမည့်လိုင်စင်

၆၅။ (က) ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ရပ်ရပ်သည် အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်တွင် မလွဲမသွေပေးရမည့် လိုင်စင်ကို သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်-

(၁) အများပြည်သူအကျိုးအတွက်ဖြစ်သည့် နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖြည့်တင်းရေး၊ ကျန်းမာရေး သို့မဟုတ် အမျိုးသားအကျိုးစီးပွားဆိုင်ရာ အရေးကြီးသောကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထူးလိုအပ်လျက်ရှိခြင်း၊

(၂) တီထွင်မှုမူပိုင်ခွင့်ရရှိသူ သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူ၏ အသုံးပြုသည့် နည်းလမ်းသည် ယှဉ်ပြိုင်မှုပြုခြင်းကို ဆန့်ကျင်သည်ဟု တရားစီရင်ရေးအဖွဲ့အစည်း သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့အစည်းက ဆုံးဖြတ်ပြီးနောက် ဤပုဒ်မခွဲနှင့်အညီ တီထွင်မှုကို အသုံးပြုစေခြင်းသည် အဆိုပါ ယှဉ်ပြိုင်မှုပြုခြင်းကို ဆန့်ကျင်သည့် လုပ်ရပ်အား ကုစားနိုင်မည့် အခြေအနေဖြစ်ခြင်း၊

(၃) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ၎င်း၏သီးသန့်အခွင့်အရေးများကို မတရားအသုံးပြုခြင်း သို့မဟုတ် ၎င်းကခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးထားသူ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ဆိုင်ရာ သီးသန့် အခွင့်အရေးများကို မတရားအသုံးပြုခြင်းအား ဟန့်တားရန် ဆောင်ရွက်ခြင်းမရှိဘဲ လျစ်လျူရှုထားခြင်း၊

(၄) တီထွင်မှုကို ပြည်တွင်းတွင် ထုတ်လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ ပြည်တွင်းသို့တင်သွင်းခြင်းဖြင့် သော်လည်းကောင်း လုံလောက်သည့် အရေအတွက် သို့မဟုတ် လုံလောက်သည့် အရည်အသွေး သို့မဟုတ် သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ပြည်တွင်းတွင်မရရှိနိုင်ခြင်း၊

(၅) ဒုတိယတီထွင်မှု မူပိုင်ခွင့်သည် စီးပွားရေးတွင် သိသာစွာအကျိုးရှိမည့် အရေးကြီးသော နည်းပညာအဆင့်မြှင့်မှုတစ်ရပ်ပါသည့် တီထွင်မှုတစ်ခုကို အကာအကွယ်ပေးရန် တောင်းဆိုရာတွင် အဆိုပါတီထွင်မှုသည် ပထမတီထွင်မှုမူပိုင်ခွင့်တွင် တောင်းဆိုထားသည့် တီထွင်မှုနှင့်ဆက်စပ်နေပြီး ယင်းကို ချိုးဖောက်ခြင်းမရှိဘဲ ဒုတိယတီထွင်မှု မူပိုင်ခွင့်ကို မဆောင်ရွက်နိုင်ခြင်း။

(ခ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (က) အရ လျှောက်ထားလာသော လျှောက်ထားချက်ကို စိစစ်၍ အေဂျင်စီသို့ တင်ပြရမည်။ မှတ်ပုံတင်အရာရှိ၏ တင်ပြချက်အပေါ် အေဂျင်စီသည် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုရမည်။

၆၆။ (က) အေဂျင်စီသည် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်ရပ်က ရရှိပြီး ဖြစ်သော မလွဲမသွေပေးရမည့် လိုင်စင်ကိုရပ်စဲပေးရန် တီထွင်မှုမူပိုင်ခွင့်ရရှိသူက တောင်းဆိုလာလျှင် နှစ်ဖက်စလုံးမှဖြစ်စေ၊ တစ်ဖက်တည်းမှဖြစ်စေ ကြားနာရန်ဆန္ဒရှိပါက ကြားနာစစ်ဆေးပြီး ပုဒ်မ ၆၅၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်းမရှိလျှင်သော်လည်းကောင်း၊ လိုင်စင်အသုံးပြုခွင့် ပေးထားခြင်းခံရသူက ယင်းလိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်း ပေါ်ပေါက်ခဲ့လျှင်သော်လည်းကောင်း ယင်းလိုင်စင်ကို ရပ်စဲရမည်။

(ခ) ပုဒ်မခွဲ (က) အရ လိုင်စင်ကို ရပ်စဲရမည်ဖြစ်သော်လည်း လိုင်စင်အသုံးပြုခွင့်ပေးထားခြင်း ခံရသူ၏ တရားဝင်အကျိုးစီးပွားအား လုံလောက်စွာအကာအကွယ်ပေးနိုင်ရန် ယင်းလိုင်စင်ကို ဆက်လက် အသုံးပြုခွင့်ပေးသင့်သည်ဟု ယူဆလျှင်သော်လည်းကောင်း၊ ပုဒ်မ ၆၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ ယှဉ်ပြိုင်မှုပြုခြင်းကို ဆန့်ကျင်သောလုပ်ရပ်အား ကုစားနိုင်ရန် ထုတ်ပေးထားသော လိုင်စင်ဖြစ်ခဲ့လျှင် သော်လည်းကောင်း၊ မလွဲမသွေပေးရမည့် လိုင်စင်ထုတ်ပေးရန် အခြေအနေများ ထပ်မံဖြစ်ပွားဟန် ရှိလျှင်သော်လည်းကောင်း အေဂျင်စီသည် အဆိုပါ လိုင်စင်ကို ရပ်စဲခြင်းမပြုရ။

၆၇။ မလွဲမသွေပေးရမည့် လိုင်စင်သည် သီးသန့်အခွင့်အရေးမရရှိသော လိုင်စင်ဖြစ်သဖြင့် အောက်ပါ အချက်များတွင် သက်ဆိုင်ခြင်းမရှိစေရ-

(က) တီထွင်မှုမူပိုင်ခွင့်ရရှိသူကိုယ်တိုင် ပြည်တွင်း၌ ထုတ်လုပ်ရာတွင်ဖြစ်စေ၊ ပြည်တွင်းသို့ တင်သွင်းရာတွင်ဖြစ်စေ၊ နှစ်ရပ်စလုံးတွင်ဖြစ်စေ ယင်း၏တီထွင်မှုကို အသုံးပြုခြင်း၊

(ခ) တီထွင်မှုမူပိုင်ခွင့်ရရှိသူ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးရန် သဘောတူစာချုပ်များကို ချုပ်ဆိုခြင်း၊

(ဂ) တီထွင်မှု မူပိုင်ခွင့်ရရှိသူသည် ပုဒ်မ ၅၂ တွင်ပါရှိသော ယင်း၏ အခွင့်အရေးများကို ကျင့်သုံးဆဲဖြစ်ခြင်း။

၆၈။ အေဂျင်စီသည် ပုဒ်မ ၆၅ အရ မလွဲမသွေပေးရမည့် လိုင်စင်ထုတ်ပေးသည့်အခါ-

(က) ထိုသို့ လိုင်စင်ထုတ်ပေးကြောင်း သက်ဆိုင်ရာ တီထွင်မှုမူပိုင်ခွင့်ရရှိသူအား ဆောလျင်စွာ အကြောင်းကြားရမည်။

(ခ) တီထွင်မှု မူပိုင်ခွင့်ရရှိသော တီထွင်မှုအား လိုင်စင်ရရှိသူက စတင်အသုံးပြုရမည့်နေ့၊ လိုင်စင်သက်တမ်းအစရှိသည့် လိုင်စင်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် တီထွင်မှုမူပိုင်ခွင့် ရရှိသူအား ပေးအပ်ရမည့် နစ်နာကြေးတို့ကို သတ်မှတ်ဖော်ပြရမည်။

၆၉။ (က) တူညီသော ဆေးဝါးထုတ်ကုန်ကို ပြုလုပ်ရန် အခြားနည်းစဉ်တစ်ခုကို မသိရှိနိုင်သော သို့မဟုတ် မရရှိနိုင်သောအခြေအနေအတွက် ဆေးဝါးထုတ်ကုန်တစ်ခု သို့မဟုတ် ဆေးဝါးထုတ်လုပ်သည့် နည်းစဉ်တစ်ခု၏ တီထွင်မှုမူပိုင်ခွင့်တစ်ခုကို လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းအတွက် နစ်နာကြေးကို ဆုံးဖြတ်ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အထွေထွေကောင်စီ၏ ၂၀၀၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ ဆုံးဖြတ်ချက်ပါ စည်းကမ်းချက်များကို ထည့်သွင်းစဉ်းစားနိုင်သည်။

(ခ) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသည့်နေ့မှ လေးနှစ် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့် ခွင့်ပြုသည့်နေ့မှ သုံးနှစ်မတိုင်မီကာလများအနက် ပို၍နောက်ကျသည့် ကာလအတွင်းတွင် ပုဒ်မ ၆၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) တွင် ဖော်ပြထားသကဲ့သို့ တီထွင်မှုမူပိုင်ခွင့်ရရှိထားသော ထုတ်ကုန် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်ရရှိထားသော ထုတ်လုပ်မှုနည်းစဉ်မှ ထုတ်လုပ်သည့်ထုတ်ကုန်ကို လုံလောက်စွာ မထုတ်လုပ်နိုင်သည့် အကြောင်းပြချက်ဖြင့် မလွဲမသွေပေးရမည့် လိုင်စင်တစ်ရပ်ကို လျှောက်ထားခြင်း မပြုနိုင်။ ထို့ပြင်တီထွင်မှု မူပိုင်ခွင့်ရရှိသူသည် ယင်း၏မလုပ်ဆောင်နိုင်မှု သို့မဟုတ် လုံလောက်အောင် မဆောင်ရွက်နိုင်မှုအပေါ်တွင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် ခုခံချေပနိုင်ပါက အဆိုပါ လျှောက်ထားချက်ကို ငြင်းဆိုရမည်။

(ဂ) အေဂျင်စီသည် တီထွင်မှုမူပိုင်ခွင့်ရရှိသူ သို့မဟုတ် လိုင်စင်အသုံးပြုခွင့်ပေးထားခြင်း ခံရသူ၏ တောင်းဆိုချက်အပေါ်တွင် နှစ်ဖက်စလုံးမှဖြစ်စေ၊ တစ်ဖက်တည်းကဖြစ်စေ ကြားနာရန်ဆန္ဒရှိပါက ကြားနာစစ်ဆေးပြီး တီထွင်မှုမူပိုင်ခွင့်ကို လိုင်စင်ပေးသည့်ဆုံးဖြတ်ချက်ပါ သတ်မှတ်ချက်များအား ပြောင်းလဲသွားသော အခြေအနေနှင့် လိုက်လျောညီထွေဖြစ်သည်အထိ ပြင်ဆင်သတ်မှတ်နိုင်သည်။

(ဃ) မလွဲမသွေပေးရမည့် လိုင်စင်သည် လိုင်စင်ရပုဂ္ဂိုလ်၏ စီးပွားရေးလုပ်ငန်းအခွဲများကိုသာ လွှဲပြောင်းပေးအပ်နိုင်သည်။

၇၀။ (က) ပုဒ်မ ၆၅ အရ မလွဲမသွေပေးရမည့် လိုင်စင်လျှောက်ထားရာတွင် တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ယင်းလိုင်စင်လျှောက်ထားသူထံမှ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးရန်တောင်းဆိုချက်ကို လက်ခံရရှိခဲ့ သော်လည်း အဆိုပါ လျှောက်ထားသည့် ပုဂ္ဂိုလ်ကို သင့်လျော်သော အချိန်အတွင်းသင့်လျော်သော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စည်းကမ်းချက်များပါရှိသည့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ကို မပေးခဲ့ကြောင်း သက်သေခံအထောက်အထားကို ပူးတွဲတင်ပြရမည်။

(ခ) နိုင်ငံတော်၏ အရေးပေါ်အခြေအနေ သို့မဟုတ် ချက်ချင်းဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များ သို့မဟုတ် စီးပွားရေးအကျိုးအမြတ်အတွက်မဟုတ်ဘဲ အများပြည်သူအတွက်အသုံးပြုသည့် ကိစ္စရပ်များ သို့မဟုတ် တရားစီရင်ရေး သို့မဟုတ် အုပ်ချုပ်ရေးလုပ်ငန်းစဉ်ဖြင့် ဆုံးဖြတ်ထားသည့် ယှဉ်ပြိုင်မှုပြုခြင်းကို ဆန့်ကျင်ခြင်းအား ကုစားရန် လိုင်စင်ပေးအပ်သည့်အခါများတွင် ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိရန် ကြိုးပမ်းခဲ့မှုနှင့်ပတ်သက်သည့် သက်သေခံ အထောက်အထားများ ပူးတွဲတင်ပြရန်မလို။

၇၁။ အေဂျင်စီမှလိုင်စင် ထုတ်ပေးထားသောပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်းက တီထွင်မှုကို အသုံးပြုခြင်းသည် ပုဒ်မ ၆၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ ယှဉ်ပြိုင်မှုပြုခြင်းအား ဆန့်ကျင်သည့် လုပ်ရပ်ကို ကုစားရန်ခွင့်ပြုပေးထားသောအခါ သို့မဟုတ် မလွဲမသွေပေးရမည့် လိုင်စင်သည် ဆေးဝါးထုတ်ကုန် တစ်ခု သို့မဟုတ် ဆေးဝါးထုတ်လုပ်မှုနည်းစဉ်တစ်ခုကို တောင်းဆိုထားသည့် တီထွင်မှု မူပိုင်ခွင့်တစ်ခုနှင့် သက်ဆိုင်နေပြီး လိုင်စင်ထုတ်ပေးရသည့် ရည်ရွယ်ချက်သည် ထုတ်လုပ်နိုင်မှုစွမ်းရည် မရှိသော သို့မဟုတ် ထုတ်လုပ်ရန် စွမ်းရည်မပြည့်မီသော နိုင်ငံ သို့မဟုတ် နိုင်ငံခြားတိုင်းပြည်၏ နယ်နိမိတ်အတွင်းသို့ အဆိုပါ ထုတ်ကုန်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အထွေထွေကောင်စီ၏ ၂၀၀၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ ရက်စွဲပါ ဆုံးဖြတ်ချက်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တင်ပို့ရန်ဖြစ်သည့်အခါတို့မှတစ်ပါး အဓိကအားဖြင့် နိုင်ငံတော်၏ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက်ဖြစ်ရမည်။

၇၂။ ပုဒ်မ ၆၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၅) အရ မလွဲမသွေပေးရမည့် လိုင်စင်တစ်ရပ်ကို ခွင့်ပြုသည့်အခါ-

(က) ပထမတီထွင်မှုမူပိုင်ခွင့်ရရှိသူသည် ဒုတိယတီထွင်မှုမူပိုင်ခွင့်တွင် တောင်းဆိုထားသော တီထွင်မှုများကို သင့်လျော်သော စည်းကမ်းသတ်မှတ်ချက်များဖြင့် အပြန်အလှန်အသုံးပြုခွင့် လိုင်စင်ရခွင့် ရှိစေရမည်။

(ခ) ဒုတိယတီထွင်မှုမူပိုင်ခွင့်နှင့်အတူ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခြင်းမှအပ ပထမတီထွင်မှုမူပိုင်ခွင့်အား ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးထားခြင်းကို လွှဲပြောင်းလုပ်ကိုင်ခွင့်မရှိစေရ။

၇၃။ မလွဲမသွေပေးရမည့် လိုင်စင်ခွင့်ပြုပေးရန် တောင်းဆိုချက် သို့မဟုတ် နစ်နာကြေးဆိုင်ရာ ဆုံးဖြတ်ချက်အပါအဝင် ယင်းလိုင်စင်ခွင့်ပြုချက်နှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ပုဒ်မ ၉၄ အရ မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားနိုင်သည်။