၇၄။ တီထွင်မှုမူပိုင်ခွင့်ရရှိသူသည်-
(က) တီထွင်မှုမူပိုင်ခွင့်ကို ယင်း၏ဆန္ဒအလျောက် မှတ်ပုံတင်အရာရှိထံ ပြန်လည်အပ်နှံနိုင်သည်။
(ခ) တီထွင်မှုမူပိုင်ခွင့်ကို တစ်ဦးထက်ပိုသူများက ပူးတွဲရရှိထားခြင်းဖြစ်ပြီး ယင်းတို့အချင်းချင်း အခြားနည်းဖြင့် သဘောတူညီချက်တစ်စုံတစ်ရာမရှိလျှင် ပူးတွဲတီထွင်မှု မူပိုင်ခွင့်ရရှိသူအားလုံး၏ သဘောတူညီချက်ဖြင့် တီထွင်မှုမူပိုင်ခွင့်ကို မှတ်ပုံတင်အရာရှိထံ ပြန်လည်အပ်နှံနိုင်သည်။
၇၅။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့် ပြန်လည်အပ်နှံခြင်းကိုစိစစ်၍ ယင်းသို့ ပြန်လည် အပ်နှံကြောင်း မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး အများပြည်သူသိရှိစေရန် သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။
၇၆။ သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် တရားဝင် ဖွဲ့စည်းထားသောအဖွဲ့အစည်းသည် ပုဒ်မ ၇၇ ပါ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်းတွေ့ရှိပါက တီထွင်မှုမူပိုင်ခွင့်တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ရုပ်သိမ်းပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။
၇၇။ မှတ်ပုံတင်အရာရှိသည် သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်း၏ လျှောက်ထားချက်အရ တီထွင်မှုမူပိုင်ခွင့်သည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်းတွေ့ရှိပါက တီထွင်မှုမူပိုင်ခွင့် တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ရုပ်သိမ်းနိုင်သည်-
(က) တီထွင်မှုသည် ပုဒ်မ ၁၃ နှင့် ၁၄ တို့အရ တီထွင်မှုမူပိုင်ခွင့်ရနိုင်သော တီထွင်မှု မဟုတ်ကြောင်း ပေါ်ပေါက်ခြင်း၊
(ခ) တီထွင်မှုမူပိုင်ခွင့်ရရှိသူသည် တီထွင်မှုမူပိုင်ခွင့်ကိုရခွင့်ရှိသူမဟုတ်ကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားပေါ်ပေါက်ခြင်း၊
(ဂ) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်တွင် ပြင်ဆင်မှုများသည် ဖော်ပြချက်ကို ထုတ်ပြန် ကြေညာခဲ့စဉ်က မူလလျှောက်ထားချက်တွင် တောင်းဆိုထားသည့် အရာများထက် ကျော်လွန်နေကြောင်း တွေ့ရှိခြင်း၊
(ဃ) တီထွင်မှုမူပိုင်ခွင့်ကို လိမ်လည်လည့်ဖြား၍ဖြစ်စေ၊ မမှန်မကန်တင်ပြ၍ဖြစ်စေ၊ သတ်မှတ်ထားသည့် အရေးပါသော သတင်းအချက်အလက်တစ်ရပ်ရပ်ကို ချန်လှပ်၍ဖြစ်စေ ရယူထားကြောင်းပေါ်ပေါက်ခြင်း၊
(င) တီထွင်မှုမူပိုင်ခွင့်ပေးရန် တောင်းဆိုချက်တွင် တောင်းဆိုထားသော တီထွင်မှုကို ဦးစားပေးနေ့ရက် မတိုင်မီ လျှို့ဝှက်စွာ အသုံးပြုထားခြင်း၊
(စ) တီထွင်မှုမူပိုင်ခွင့်လျှောက်ထားသူသည် လိုအပ်သော သတင်းအချက်အလက်များကို မှတ်ပုံတင်အရာရှိထံ ထုတ်ဖော်ရန် ပျက်ကွက်ခြင်း သို့မဟုတ် သတင်းအချက်အလက်များကို မှားယွင်းစွာ ဖော်ပြထားခြင်း၊
(ဆ) တီထွင်မှုမူပိုင်ခွင့်ရုပ်သိမ်းပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ မူပိုင်ခွင့်တရားရုံး၏ အပြီးသတ်ဆုံးဖြတ်ချက် သို့မဟုတ် စီရင်ချက်ကို လက်ခံရရှိခြင်း။
၇၈။ မှတ်ပုံတင်အရာရှိသည် အောက်ပါအချက်တစ်ရပ်ရပ်ပေါ်ပေါက်ပါက တီထွင်မှုမူပိုင်ခွင့် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားချက်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရမည်-
(က) လျှောက်ထားသူသည် ပုဒ်မ ၄၂၊ ပုဒ်မခွဲ (က) အရ လျှို့ဝှက်ထားရှိမှုကို ဖောက်ဖျက်ခြင်း သို့မဟုတ် ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ဂ) ကို ဖောက်ဖျက်၍ အခြားနိုင်ငံတွင် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်း၊
(ခ) ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ နှစ်စဉ်ကြေးပေးသွင်းထားမှုမရှိ၍ ပျက်ပြယ်ခြင်း၊
(ဂ) တီထွင်မှုတွင် အသုံးပြုထားသော မျိုးရိုးဗီဇ သို့မဟုတ် ဇီဝအရင်းအမြစ် သို့မဟုတ် ရိုးရာအသိပညာမှ ဆင်းသက်လာသော တီထွင်မှုတွင် ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၇) နှင့်အညီဖော်ပြမထားခြင်း သို့မဟုတ် မမှန်မကန်ဖော်ပြထားခြင်း။
၇၉။ မှတ်ပုံတင်အရာရှိသည် တီထွင်မှုမူပိုင်ခွင့်ကို ရုပ်သိမ်းပါက ယင်းသို့ရုပ်သိမ်းကြောင်းကို မှတ်ပုံတင် စာရင်းတွင် မှတ်တမ်းတင်ထားပြီး သက်ဆိုင်ရာ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်ထံ အကြောင်းကြား၍ သတ်မှတ်သည့် နည်းလမ်းနှင့်အညီ အဆိုပါရုပ်သိမ်းခြင်းကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာ ရမည်။