စားသုံးသူကာကွယ်ရေးဥပဒေ
Download : Myanmar / English
အခန်း (၅) ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ

၁၃။ (က) ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(၁) စားသုံးသူ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(၂) စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊

(၃) စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ သုတေသနပြုခြင်းနှင့် ယင်းသုတေသနပြုမှုများကို ပြန်လည်သုံးသပ်၍ စားသုံးသူများ၏ အကျိုးအတွက် ဆောင်ရွက်ပေးခြင်း၊

(၄) တိုင်ကြားလာမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရန် သို့မဟုတ် ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ငှာ ဒုတိယဦးစီးမှူးအောက် မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်း၊

(၅) စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

(၆) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအလို့ငှာ စစ်ဆေးရန်လိုအပ် သည့်နေရာများသို့ ဝင်ရောက်စစ်ဆေးခြင်း၊ အချက်အလက်များ ရယူစုဆောင်းခြင်း၊ နမူနာပစ္စည်းရယူ ခြင်းနှင့် သတင်းအချက်အလက်များ ရယူစုဆောင်းခြင်းများကို စစ်ဆေးရေးအရာရှိအား တာဝန်ပေးအပ် ခြင်း၊

(၇) စားသုံးသူကို ကြီးမားသော ဘေးအန္တရာယ်ဖြစ်စေသည့် သို့မဟုတ် နစ်နာဆုံးရှုံးစေမည့် ထူးခြား သောအခြေအနေတစ်ရပ်ရပ်ကို အချိန်မီ တားဆီးဖော်ထုတ်နိုင်ရန် ဆောင်ရွက်ခြင်း၊

(၈) စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ပေး ခြင်း၊

(၉) ကော်မရှင်၏ ရုံးလုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်ခြင်းနှင့် ကော်မရှင်က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ဆောင်ရွက်ခြင်း။

(ခ) ဦးစီးဌာနသည် အောက်ပါတို့ကို ဆောင်ရွက်ရန် ဦးစီးမှူးရုံးသို့ တာဝန်လွှဲအပ်ပေးရမည်-

(၁) စစ်ဆေးရေးအရာရှိက တင်ပြလာသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်ရန်၊ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ရန်၊

(၂) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ဘေးအန္တရာယ်ရှိကြောင်း ပြန်ကြားလာသည့် ကုန်စည်နှင့်စပ်လျဉ်း၍ ဥပဒေအရ အရေးယူဆောင်ရွက်ရန်၊

(၃) စားသုံးသူတွင် နစ်နာဆုံးရှုံးမှုဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးရန်နှင့် ယင်းစေ့စပ်ညှိနှိုင်းဖြေရှင်းပေးမှုကို ဦးစီးဌာနနှင့် ကော်မတီသို့ တင်ပြရန်၊

(၄) ပုဒ်မ ၂၁၊ ၂၄၊ ၂၅ နှင့် ၂၇ တို့ပါ ပြဋ္ဌာန်းချက်များကို စီးပွားရေးလုပ်ငန်းရှင်မှ လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိပါက ပုဒ်မ ၅၂ တွင် ဖော်ပြထားသည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေ ချမှတ်ပြီး ဦးစီးဌာနနှင့် ကော်မတီသို့ တင်ပြရန်၊

(၅) ပုဒ်မ ၂၁၊ ၂၄၊ ၂၅ နှင့် ၂၇ တို့ပါ ပြဋ္ဌာန်းချက်များမှတစ်ပါး ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို စီးပွားရေးလုပ်ငန်းရှင်မှ လိုက်နာရန် ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန်အလို့ငှာ ကော်မတီသို့ တင်ပြရန်၊

(၆) ဦးစီးဌာနက အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ရန်။