၄။ အစိုးရအဖွဲ့သည်-
(က) စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ပြည်ထောင်စုအဆင့်အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ အကြီးအကဲ များမှ တာဝန်ပေးအပ်သူများက အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက အဖွဲ့ဝင်များ အဖြစ် လည်းကောင်း၊ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် လည်းကောင်း ပါဝင်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော ကော်မရှင်အဖွဲ့ဝင်ဦးရေကို ၂၉ ဦးထက်မပိုသော “မ”ဂဏန်း အရေအတွက်ဖြင့် ဖွဲ့စည်းတည်ထောင်ရမည်။
(ဂ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော ကော်မရှင်ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၅။ ကော်မရှင်ဥက္ကဋ္ဌသည် ပုဒ်မ ၄ အရ ဖွဲ့စည်းသည့် ကော်မရှင်အဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးများကို တာဝန်ပေးအပ်နိုင်သည်။
၆။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီး ဌာနက ခွင့်ပြုသော စရိတ်နှင့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိစေရမည်။
၇။ ကော်မရှင်အတွင်းရေးမှူးသည် ကော်မရှင်၏ ကိစ္စအဝဝနှင့် သက်ဆိုင်သည့် စီမံခန့်ခွဲရေးလုပ်ငန်း များကို ဆောင်ရွက်ရန် တာဝန်ရှိသည်။
၈။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များသည် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုပါက အစိုးရ အဖွဲ့၏ သဘောတူညီချက်အရ ကော်မရှင် ဥက္ကဋ္ဌက ခွင့်ပြုရမည်။
၉။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးသည် အောက်ပါအကြောင်းအရာတစ်ခုခု ဖြစ်ပေါ်သည့်အခါ ကော်မရှင် အဖွဲ့ဝင်အဖြစ်မှ အလိုအလျောက် ရပ်စဲရမည်-
(က) ကွယ်လွန်ခြင်း၊
(ခ) မိမိ၏ဆန္ဒအလျောက်နုတ်ထွက်ခြင်း၊
(ဂ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိတော့သည်အထိ ကျန်းမာရေး ချို့ယွင်းခြင်း၊
(ဃ) အကျင့်စာရိတ္တနှင့် သက်ဆိုင်သော ပြစ်မှုတစ်ခုခုအရ ပြစ်ဒဏ်ကျခံရခြင်း။
၁၀။ ကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်တစ်ဦးဦး နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်း ကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်စုံတစ်ရာကြောင့်ဖြစ်စေ ကော်မရှင် အဖွဲ့ဝင်နေရာလစ်လပ်လျှင် ဤဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်တို့နှင့်အညီ အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် အဖွဲ့ဝင်အသစ် ဖြည့်စွက်ခန့်ထားနိုင်သည်။
၁၁။ ကော်မရှင်ဥက္ကဋ္ဌသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သော မည်သည့်ကော်မရှင်အဖွဲ့ဝင်ကိုမဆို ဥပဒေနှင့် မညီဘဲ ဆောင်ရွက်ကြောင်းတွေ့ရှိလျှင် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် တာဝန်မှ ရပ်စဲနိုင်သည်။