၇၄။ ပုဒ်မ ၅၃ အရ ချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာအမိန့်သည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမ ကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းကို ပိတ်ပင်ခြင်း မရှိစေရ။
၇၅။ ပုဒ်မ ၅၃ အရ ချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချမှတ်ခြင်းခံရသူသည် ယင်းအမိန့်ကို လိုက်နာမှုမရှိပါက ဦးစီးဌာနသည် ၎င်းအပေါ်ပြစ်မှုကြောင်းအရ တရားစွဲဆိုနိုင်သည်။
၇၆။ ဤဥပဒေအရ ပြစ်ဒဏ်ချမှတ်ခြင်းခံရစေကာမူ နစ်နာဆုံးရှုံးသည့် စားသုံးသူက ယင်းနစ်နာဆုံးရှုံးမှု များအတွက် ထိုသူကို တရားမကြောင်းအရလည်း တရားစွဲဆိုနိုင်သည်။
၇၇။ အခြားတည်ဆဲဥပဒေများတွင် မည်သို့ပင်ရှိစေကာမူ ဤဥပဒေပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။ သို့ရာတွင် အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြေရှင်းဆုံးဖြတ်ခွင့် မရှိစေရ။
၇၈။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်၊ ကော်မတီအဖွဲ့ဝင် သို့မဟုတ် စားသုံးသူ ကာကွယ် ရေးဆိုင်ရာ လုပ်ငန်းကော်မတီများ၏ အဖွဲ့ဝင်တစ်ဦးဦးသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေစဉ်တွင် ယင်းအဖွဲ့ဝင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၂၁ တွင် ဖော်ပြထားသည့်အတိုင်း ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။
၇၉။ ဤဥပဒေပါပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
၈၀။ ဦးစီးဌာနသည် ကော်မရှင်၊ ကော်မတီနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ရုံးလုပ်ငန်း ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ တာဝန်ယူရမည်။
၈၁။ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀။) အရ ဖွဲ့စည်းထားသော စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီသည် ဤဥပဒေအရ ဖွဲ့စည်းမည့် ကော်မရှင်ဖွဲ့စည်းပြီးသည်အထိ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်။
၈၂။ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀။) အရ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။
၈၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့် ကော်မရှင်သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကိုလည်းကောင်း၊ ဦးစီးဌာနသည် အမိန့်နှင့် ညွှန်ကြားချက်များကိုလည်းကောင်း ထုတ်ပြန်နိုင်သည်။
၈၄။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁၀။) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။