၆၂။ မည်သူမျှ စားသုံးသူ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် မရိုးမဖြောင့် သောသဘောဖြင့် အောက်ပါတို့ကို မပြုလုပ်ရ-
(က) စားသုံးသူကို သွေးဆောင်ဖြားယောင်း၍ တိုင်ကြားစေခြင်း၊
(ခ) မမှန်မကန် သက်သေထွက်ဆိုခြင်း၊
(ဂ) မမှန်မကန်သတင်းများ ဖြန့်ဖြူးခြင်း၊
(ဃ) တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းသောကိစ္စများကို ဆောင်ရွက်ခြင်း။
၆၃။ စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ အောက်ပါကြော်ငြာအမျိုးအစားများကို ကြော်ငြာခြင်း မပြုရ-
(က) ကုန်စည်၏အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊ အသုံးပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှု နှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့် အချိန်တို့နှင့်စပ်လျဉ်း၍ လိမ်လည် လှည့်ဖြားခြင်းပြုထားသော ကြော်ငြာများ၊
(ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံပေးထားမှုနှင့်စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်း ပြုထားသော ကြော်ငြာများ၊
(ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်းအချက်အလက်များ ပါဝင်သည့် ကြော်ငြာများ၊
(ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုကို အသိပေးခြင်းမရှိသော ကြော်ငြာများ၊
(င) သက်ဆိုင်သူ၏ခွင့်ပြုချက်မရရှိဘဲ တစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခုအပေါ် အသုံးပြု ထားသော ကြော်ငြာများ၊
(စ) တည်ဆဲဥပဒေများ၊ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှုမရှိသည့် ကြော်ငြာများ။
၆၄။ စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အောက်ပါအခြေ အနေတစ်ခုခုဖြင့် အရောင်းမြှင့်တင်ခြင်း မပြုရ-
(က) သတ်မှတ်ထားသောကာလအတွင်း ကြော်ငြာထားသော ပမာဏ၊ အရေအတွက်အတိုင်း ရောင်းချရန် အစီအစဉ်မရှိဘဲ ကုန်စည်ကို အချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချရန် ကမ်းလှမ်း ခြင်း၊
(ခ) ကုန်စည်တစ်ခုကို ဆုကြေးအနေဖြင့်ပေးရန် သို့မဟုတ် အခမဲ့ဝန်ဆောင်မှုပေးရန် ကတိပြုထား သော်လည်း အမှန်တကယ် ပေးအပ်နိုင်ခြင်းမရှိဘဲ ရောင်းချရန် ကမ်းလှမ်းခြင်း၊
(ဂ) စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောင့်အယှက်ဖြစ်စေမည့် နည်းလမ်းတစ်ခုခုဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရန် ကမ်းလှမ်းခြင်း။
၆၅။ စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှု ပြုလုပ်ရာတွင် အောက်ပါအခြေအနေတစ်ခုခုဖြင့် ထင်ယောင်ထင်မှားဖြစ်စေခြင်း မပြုရ-
(က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ပြုပြင်မွမ်းမံပြီး သို့မဟုတ် ပြုပြင်ပြောင်းလဲပြီးမှ ရောင်းချခြင်း၊
(ခ) သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့် ကိုက်ညီသည်ဟု မမှန်မကန် ဖော်ပြခြင်း၊
(ဂ) နောက်ဆုံးသုံးစွဲရမည့် ရက်စွဲကျော်လွန်နေသော ကုန်စည်ကို ပြုပြင်မွမ်းမံ၍ ရောင်းချခြင်း၊ ရောနှောရောင်းချခြင်း၊
(ဃ) အမျိုးအစားတူ အရည်အသွေးနိမ့်ကုန်စည်ကို ရောနှောရောင်းချခြင်းနှင့် အမျိုးအစားမတူ စားသုံးရန်မသင့်သော ကုန်စည်ကိုရောနှောရောင်းချခြင်း။
၆၆။ စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှု ပြုလုပ်ရာတွင် အောက်ပါအခြေအနေတစ်ခုခုဖြင့် လိမ်လည်လှည့်ဖြားမှုမပြုရ-
(က) အသုံးမပြုနိုင်သော သို့မဟုတ် မရရှိနိုင်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊
(ခ) အပြစ်အနာအဆာ၊ ချို့ယွင်းချက်များကို ဖုံးကွယ်ထားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ် ခြင်း၊
(ဂ) အခြားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ချိုးနှိမ်ဖော်ပြ ခြင်း၊
(ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင် ပါဝင်ရမည့် သတင်းအချက်အလက်များကို ပြည့်စုံခိုင်မာမှု မရှိဘဲ ချဲ့ကားဖော်ပြမှုများကို အသုံးပြုခြင်း၊
(င) ကမ်းလှမ်းထားသော ကုန်စည်မဟုတ်ဘဲ အခြားကုန်စည်ကို အစားထိုးရောင်းချခြင်း၊
(စ) အရောင်းမြှင့်တင်ရောင်းချခြင်းမပြုမီ ဈေးနှုန်းများကို တိုးမြှင့်ခြင်း၊
(ဆ) အသုံးပြုလိုသော ကုန်စည်တစ်ခုကို ဝယ်ယူရာတွင် ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ စားသုံးသူမလိုအပ်သော အခြားကုန်စည်တစ်ခုနှင့် တွဲဖက်ရောင်းချခြင်း။
၆၇။ စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ အောက်ဖော်ပြပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ထုတ်လုပ် ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရ-
(က) ပုဒ်မ ၄၁ အရ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၊
(ခ) ကြော်ငြာနှင့် အရောင်းမြှင့်တင်ခြင်းတို့တွင်ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၊
(ဂ) သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၊
(ဃ) အငြင်းပွားလျက်ရှိသောကြောင့် ကာလအကန့်အသတ်ဖြင့် ကော်မတီက တားမြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု။
၆၈။ စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် ပုဒ်မ ၄၃ ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။