၅၇။ ဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ၏ ဤဥပဒေနှင့်အညီ ဆောင်ရွက်သော လုပ်ငန်းဆောင်ရွက်မှုများကို အားပေးကူညီဆောင်ရွက်ရမည်။
၅၈။ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့ တည်ထောင်ခြင်းသည် စားသုံးသူများကို ကာကွယ်ပေးမည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်သာ ဖြစ်ရမည်။
၅၉။ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သော စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဦးစီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်သည်။
၆၀။ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူထံ အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေခြင်းတို့ကို ဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သည်။
၆၁။ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များသည် စားသုံးသူကို နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် သို့မဟုတ် ချိုးဖောက်မှုဖြစ်ပေါ်စေသည့် စီးပွားရေးလုပ်ငန်းရှင်အပေါ် စားသုံးသူကိုယ်စား တိုင်ကြား အရေးဆိုမှုနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးနိုင်သည်။