၅၂။ သက်ဆိုင်ရာ ဦးစီးမှူးရုံးသည် ပုဒ်မ ၂၁ အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ပုဒ်မ ၂၄၊ ၂၅ နှင့် ၂၇ တို့အရ စားသုံးသူက တောင်းဆိုနိုင်သော အခွင့် အရေးများကို ပေးအပ်ရန်ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် ဖောက်ဖျက်သည့် မည်သည့် စီးပွားရေး လုပ်ငန်းရှင်ကိုမဆို အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-
(က) သတိပေးခြင်း၊
(ခ) ပြန်လည်ပြင်ဆင်ပေးစေခြင်း၊
(ဂ) အစားထိုးပေးစေခြင်း၊
(ဃ) ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည် ပေးစေခြင်း။
၅၃။ ကော်မတီသည် ပုဒ်မ ၂၁၊ ၂၄၊ ၂၅ နှင့် ၂၇ တို့ပါ ပြဋ္ဌာန်းချက်နှင့် အခန်း (၂၃) ပါ တားမြစ်ချက် များမှအပ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကို မဆို အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-
(က) နစ်နာမှုများအတွက် သတ်မှတ်ထားသော လျော်ကြေးငွေ ပေးစေခြင်း၊
(ခ) ဒဏ်ကြေးငွေချမှတ်ခြင်း၊
(ဂ) အငြင်းပွားလျက်ရှိသော ကုန်စည်ရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှုကို ကာလအကန့်အသတ် ဖြင့် တားမြစ်ခြင်း၊
(ဃ) လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းခြင်း သို့မဟုတ် အမြဲတမ်းပိတ်သိမ်းခြင်းကို လိုအပ်လျှင် သက်ဆိုင်ရာအစိုးရဌာနက ပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း။
၅၄။ ကော်မတီသည် ပုဒ်မ ၅၃၊ ပုဒ်မခွဲ (ခ) အရ ချမှတ်ထားသည့် ဒဏ်ကြေးငွေများကို ကော်မရှင်က သတ်မှတ်သည့်အတိုင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။