၃၅။ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အောက်ပါပုဂ္ဂိုလ်များတွင် တာဝန်ရှိသည်-
(က) ကုန်စည်ရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းရှင်၊
(ခ) ကုန်စည်ထုတ်လုပ်သူ၊
(ဂ) ကုန်စည်ပေါ်တွင် လူပုဂ္ဂိုလ်အမည်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် အခြားထင်ရှားသောအမှတ် အသားများကို အသုံးပြုခွင့်ရှိသူ၊
(ဃ) ပြည်ပမှ ကုန်စည်များတင်သွင်းလာပြီး ပြည်တွင်းရှိ စားသုံးသူများအား ပြန်လည်ရောင်းချ ဖြန့်ဖြူးသူ၊
(င) တစ်ဆင့်ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊
(စ) ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခု၌ဖြစ်စေ ဝန်ဆောင်မှုကို ပြည်တွင်းစားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူ။
၃၆။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့် အာမခံပေးထားသည့် ကာလအတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အောက်ပါပုဂ္ဂိုလ်များတွင် တာဝန်ရှိသည်-
(က) ကုန်စည်ရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းရှင်၊
(ခ) ကုန်စည်ထုတ်လုပ်သူ၊
(ဂ) ကုန်စည်ပေါ်တွင် လူပုဂ္ဂိုလ်အမည်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် အခြားထင်ရှားသောအမှတ် အသားများကို အသုံးပြုခွင့်ရှိသူ၊
(ဃ) ပြည်ပမှ ကုန်စည်များတင်သွင်းလာပြီး ပြည်တွင်းရှိ စားသုံးသူများအား ပြန်လည်ရောင်းချ ဖြန့်ဖြူးသူ၊
(င) တစ်ဆင့်ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊
(စ) ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခု၌ဖြစ်စေ ဝန်ဆောင်မှုကို ပြည်တွင်းစားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူ။
၃၇။ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ယင်း၏ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အခြားစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဦးသို့ လွှဲပြောင်းရောင်းချရာတွင် အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်သည့် အခါလွှဲပြောင်းရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်က ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ရမည်-
(က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပြုပြင်မွမ်းမံခြင်းမပြုလုပ်ဘဲ မူလအတိုင်းရောင်းချခြင်း၊
(ခ) ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ပြုပြင်မွမ်းမံခြင်း သို့မဟုတ် နမူနာပုံစံ၊ အရည်အသွေး၊ ဖွဲ့စည်းပုံတို့နှင့် ကိုက်ညီမှုမရှိခြင်းများကို သိရှိခြင်းမရှိဘဲ ကုန်သွယ် ရောင်းဝယ်မှုပြုခြင်း။
၃၈။ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပြုပြင်မွမ်းမံပြီး သို့မဟုတ် ပြုပြင်ပြောင်းလဲပြီးမှ စားသုံးသူသို့ ရောင်းချခြင်းပြုလျှင် ယင်းကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းရန် တာဝန်ရှိသည်။
၃၉။ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့်ကာလ သို့မဟုတ် အာမခံပေးထားသည့်ကာလ သက်တမ်းအတွင်း အပိုပစ္စည်းများ ရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ရောင်းချပြီးနောက် လိုအပ်သော ဝန်ဆောင်မှုများ ထပ်မံပေးခြင်းနှင့် သဘောတူညီချက်တွင်ပါရှိသည့် အာမခံချက်နှင့်အညီ ဆောင်ရွက်ခြင်းပြုရမည်။
၄၀။ ပုဒ်မ ၃၇၊ ၃၈ နှင့် ၃၉ တို့အရ နစ်နာဆုံးရှုံးမှုအတွက် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော ပုဂ္ဂိုလ်များတွင် တာဝန်ရှိပါက ပူးတွဲ၍ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ တာဝန်ယူ ဆောင်ရွက်ပေးရမည်။