၂၈။ ဦးစီးဌာနသည် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကော်မရှင်၏ သဘောတူညီချက်နှင့်အညီ ဦးစားပေး ကဏ္ဍများ သတ်မှတ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရမည်။
၂၉။ ဦးစီးဌာနသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုနှင့်စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်ရမည်-
(က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရေးအတွက် လိုအပ်သော အစီအမံများ ပြုလုပ်ခြင်း၊
(ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရေးအတွက် လိုအပ်ပါက သက်ဆိုင်ရာ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဂ) စားသုံးသူများ အသုံးပြုမည့် ကုန်စည်များ ထုတ်လုပ်ခြင်းအပေါ် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ခြင်း၊
(ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရေးအတွက် အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊
(င) စစ်ဆေးရေးအရာရှိက တင်ပြလာသော ဘေးအန္တရာယ်ရှိသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အချက်အလက်များကို အများပြည်သူသိရှိစေရန် အသိပေးကြေညာခြင်း၊
(စ) စားသုံးသူများအသုံးပြုမည့် ကုန်စည်များအတွက် ဦးစားပေး ကုန်စည်အမျိုးအစားအလိုက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်သည့် မြန်မာနိုင်ငံစံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက် နိုင်ရေး ကြီးကြပ်ကွပ်ကဲခြင်း၊
(ဆ) စံသတ်မှတ်ချက်များ အတည်ပြုသတ်မှတ်ထားခြင်းမရှိသေးသော စားသုံးသူများအသုံးပြုမည့် ကုန်စည်များအတွက် သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်း၍ အနည်းဆုံးရှိရမည့် စံသတ်မှတ်ချက်များ နှင့်အညီ ကြီးကြပ်ကွပ်ကဲခြင်း။