စားသုံးသူကာကွယ်ရေးဥပဒေ
Download : Myanmar / English
အခန်း (၁၁) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း

၂၂။ စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝ ပြောင်းလဲနိုင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာ ဖော်ပြ၍ အသိပေး ရမည်။

၂၃။ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များတွင် အောက်ပါ အချက်အလက်များ ပါဝင်စေရမည်-

(က) စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊

(ခ) ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိခြင်း၊

(ဂ) ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊

(ဃ) သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊

(င) နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊

(စ) အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း၊

(ဆ) ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် သို့မဟုတ် အရောင်း မြှင့်တင်ခြင်းတွင် ပါဝင်သော ဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်း။