သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေ
Download : Myanmar / English
အခန်း (၈) ကာကွယ်ပေးမှု အစီအမံဆုံးဖြတ်ခြင်းနှင့် ကျင့်သုံးအကောင်အထည်ဖော်ခြင်း

၂၆။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ပြီးနောက် အပြီးသတ် စိစစ်တွေ့ရှိချက်ကို သုံးသပ်အကြံပြုချက်များနှင့်အတူ ဦးစီးဌာနမှ တစ်ဆင့်ကော်မတီသို့ တင်ပြရမည်။

၂၇။ ကော်မတီသည် သွင်းကုန်ပမာဏ မြင့်တက်ခြင်း၊ ပြင်းထန်သော ထိခိုက်နစ်နာခြင်း သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်းမရှိကြောင်း အပြီးသတ်စိစစ်ချက်အရ တွေ့ရှိပါက ယာယီ ကာကွယ်ပေးမှု အကောက်ခွန် စည်းကြပ်ခြင်းကို ရပ်စဲရန် ဆုံးဖြတ်ရမည်။

၂၈။ ကော်မတီသည် သွင်းကုန်ပမာဏ မြင့်တက်ခြင်းနှင့် ယင်းကြောင့် ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုဖြစ်ပွားကြောင်း အပြီးသတ်စိစစ်ချက်အရ တွေ့ရှိ ပါက စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်အပေါ် အောက်ပါကာကွယ်ပေးမှု အစီအမံတစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ စည်းကြပ်ကျင့်သုံးရန် ဆုံးဖြတ်နိုင်သည်-

(က) ကာကွယ်ပေးမှု အကောက်ခွန် စည်းကြပ်ခြင်း၊

(ခ) သွင်းကုန်ပမာဏ ကန့်သတ်ခြင်း။

၂၉။ ကော်မတီသည် ပုဒ်မ ၂၈ အရ ကာကွယ်ပေးမှု အစီအမံကိုဆုံးဖြတ်ရာတွင် ပြည်တွင်းကုန်စည် ထုတ်လုပ်သူများ၏ လုပ်ငန်းပြန်လည်တိုးတက်ရေး ပြင်ဆင်ဆောင်ရွက်နိုင်စေရန်နှင့် ယင်းတို့၏ ထိခိုက် နစ်နာမှုများကို ကာကွယ်ကုစားပေးရန် လိုအပ်သည့် အတိုင်းအတာအထိသာ သတ်မှတ်ရမည်။

၃၀။ ကော်မတီသည် ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ခ) အရ သွင်းကုန်ပမာဏ ကန့်သတ်ရာတွင် စုံစမ်းစစ်ဆေးခြင်း ခံရသည့် ကုန်စည်နှင့်စပ်လျဉ်း၍ လွန်ခဲ့သည့် သုံးနှစ်အတွင်း တင်သွင်းခဲ့သောစာရင်းကို အခြေခံ၍ ယင်းကုန်စည်၏ ပျမ်းမျှ သွင်းကုန်ပမာဏအောက် လျော့နည်းသော ပမာဏကို သတ်မှတ်ခြင်းမပြုရ။ သို့ရာတွင် ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက်စေရန် ခြိမ်းခြောက်မှုကို ကာကွယ် ကုစားပေးရန် လုံလောက်သော ကျိုးကြောင်းဖော်ပြချက်တွေ့ရှိပါက ပျမ်းမျှ သွင်းကုန်ပမာဏအောက် လျော့နည်းသောပမာဏကို သတ်မှတ်နိုင်သည်။

၃၁။ ကော်မတီသည်-

(က) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို တင်ပို့သော ပြည်ပနိုင်ငံတစ်နိုင်ငံထက်ပိုပါက ယင်းနိုင်ငံ အသီးသီးအတွက် သွင်းကုန်ပမာဏကို ခွဲဝေသတ်မှတ်ရမည်။

(ခ) ပုဒ်မခွဲ (က) အရ ခွဲဝေသတ်မှတ်ရာတွင် ယင်းကုန်စည်ကို ပြည်တွင်းသို့ တင်ပို့ရောင်းချခြင်းဖြင့် အကျိုးစီးပွား အမြောက်အမြားရရှိသည့် ယင်းနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်း သဘောတူညီချက် ရယူရ မည်။

၃၂။ ပုဒ်မ ၃၁ အရ သွင်းကုန်ပမာဏကို ခွဲဝေသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ သဘောတူညီမှုမရရှိပါက ကော်မတီသည် ယင်းနိုင်ငံများက လွန်ခဲ့သော သုံးနှစ်အတွင်း ပြည်တွင်းသို့ ယင်းကုန်စည်ကို တင်သွင်းခဲ့ သည့် စုစုပေါင်းပမာဏ သို့မဟုတ် တန်ဖိုး၏အချိုးအပေါ်မူတည်၍ ပမာဏကို ကန့်သတ်ခွဲဝေသတ်မှတ် ရမည်။

၃၃။ စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်တွင်းသို့တင်သွင်းလာသည့် ကုန်စည်ဖြစ်ပြီး အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့် ကိုက်ညီမှုရှိပါက ကော်မတီသည် ယင်းနိုင်ငံများ အပေါ် ကာကွယ်ပေးမှု အစီအမံကို ကျင့်သုံးခြင်းမပြုရ-

(က) ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံမှ တင်သွင်းလာသည့် ပမာဏသည် ပြည်တွင်းသို့ တင်သွင်းမှု စုစုပေါင်း ပမာဏ၏ သုံးရာခိုင်နှုန်းထက် မကျော်လွန်သည့် ဝေစုဖြစ်ခြင်း၊

(ခ) ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံချင်းစီ၏ သွင်းကုန်ဝေစုပမာဏသည် သုံးရာခိုင်နှုန်းအောက်လျော့နည်း၍ တင်သွင်းလာပြီး ယင်းဖွံ့ဖြိုးဆဲနိုင်ငံအားလုံး၏ စုပေါင်းတင်သွင်းမှုသည် ပြည်တွင်းသို့ တင်သွင်းမှု စုစုပေါင်းသွင်းကုန်ပမာဏ၏ ကိုးရာခိုင်နှုန်းထက် ကျော်လွန်ခြင်းမရှိသည့် ဝေစုဖြစ်ခြင်း။

၃၄။ ဤဥပဒေအရ ကောက်ခံထားသည့် ယာယီကာကွယ်ပေးမှု အကောက်ခွန်နှင့်စပ်လျဉ်း၍ ကော်မတီ က အောက်ပါဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်လျှင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ဆောင်ရွက်ရမည်-

(က) အပြီးသတ်စစ်ဆေးဆုံးဖြတ်ပြီးနောက် စည်းကြပ်သည့် ကာကွယ်ပေးမှု အကောက်ခွန်သည် စည်းကြပ်ကောက်ခံထားပြီးဖြစ်သည့် ယာယီကာကွယ်ပေးမှု အကောက်ခွန်အောက်လျော့နည်းပါက ကွာခြားမှုပမာဏကို ပြန်အမ်းရန်ဆုံးဖြတ်ခြင်း၊

(ခ) ပုဒ်မ ၂၇ အရ ယာယီကာကွယ်ပေးမှု အကောက်ခွန် စည်းကြပ်ခြင်းကို ရပ်စဲသည့် အခြေအနေတွင် ကောက်ခံထားသော ယာယီကာကွယ်ပေးမှု အကောက်ခွန်ကို ပြန်အမ်းရန်ဆုံးဖြတ်ခြင်း။