၈။ (က) အစိုးရအဖွဲ့သည် ပုဒ်မ ၃ နှင့် ပုဒ်မ ၇ ပါစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍-
(၁) တာဝန်ခံ လုပ်ကိုင်ဆောင်ရွက်ရမည့် အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး ယင်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်၊
(၂) ဤဥပဒေစတင်အာဏာတည်ချိန်တွင် ဖွဲ့စည်းပြီးဖြစ်သည့် အဖွဲ့အစည်းများကို လိုအပ်ပါက ပြင်ဆင် ဖွဲ့စည်းပြီး ယင်းတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြင်ဆင်သတ်မှတ်ပေးနိုင်သည်၊
(၃) လိုအပ်ပါက ပုဒ်မခွဲငယ် (၁)နှင့် (၂)ပါ အဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် အဖွဲ့အစည်း တစ်ခု သို့မဟုတ် အများကိုဖွဲ့ စည်းပြီး ယင်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် အဖွဲ့အစည်း အသီးသီးသည် ကိုယ်ပိုင်အမည်နှင့်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆို ခံနိုင်ခွင့် ရှိစေရမည်။
၈-က။ (က) အစိုးရအဖွဲ့သည် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်လည်းကောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေမှ ကုန်ကျစရိတ်သက်သာစေရန်လည်းကောင်း၊ နိုင်ငံဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို ရှေးရှု၍လည်းကောင်း နိုင်ငံတော်၏ ဘဏ္ဍာငွေထည့်ဝင်ခြင်းမပြုဘဲ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းပိုင်ရန်ပုံငွေကို မတည်ရင်းနှီးစေပြီး သတ်မှတ်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အမိန့်ကြော်ငြာစာထုတ်ပြန်၍ အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်းတည်ထောင်နိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် အောက်ပါအချက်များပါဝင်စေရမည်-
(၁) လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်းအမျိုးအစားများ၊
(၂) အုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊
(၃) လက်အောက်ခံလုပ်ငန်းဆိုင်ရာအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များ၊
(၄) မတည်ရင်းနှီးငွေနှင့် ပစ္စည်းများ၊
(၅) ငွေရေးကြေးရေးဆိုင်ရာ ကိစ္စများ၊
(၆) စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စများ၊
(၇) အခြားလိုအပ်သည့် အချက်များ။
(ဂ) ပုဒ်မခွဲ (က) အရဖွဲ့စည်းသည့် အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနတွင် ဖွဲ့စည်းထားသည့် သို့မဟုတ် သီးခြားဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ရပ်ရပ်အား လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးနိုင်သည်။
(ဃ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် အဖွဲ့အစည်းအသီးသီးသည် ကိုယ်ပိုင်အမည်နှင့် တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိစေရမည်။