နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ
Download : Myanmar / English
အခန်း (၂) အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ

၃။ အောက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများကို အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ အဖြစ် လုပ်ကိုင် ဆောင်ရွက် ခွင့်ရှိသည်-

(က) ကျွန်းသစ် ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ရောင်းချခြင်းလုပ်ငန်း၊

(ခ) ကျေးရွာလူထုက စိုက်ပျိုးပြုစုထားသော မိမိသုံးကျေးရွာပိုင် ထင်းစိုက်ခင်းများမှအပ သစ်တော စိုက်ခင်းပြုစုပျိုးထောင်ခြင်း လုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊

(ဂ) ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ် ဝယ်ယူရောင်းချခြင်းလုပ်ငန်းနှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊

(ဃ) ပုလဲ၊ ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာပစ္စည်းများရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်ပသို့တင်ပို့ ရောင်းချခြင်းလုပ်ငန်း၊

(င) အစိုးရက သုတေသနပြုလုပ်ရန် သတ်မှတ်ထားသော အင်းများ၌ ငါးပုဇွန် မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်း၊

(စ) စာတိုက်နှင့်ကြေးနန်း ဆက်သွယ်ရေးလုပ်ငန်း၊

(ဆ) လေကြောင်းပို့ဆောင်ရေးလုပ်ငန်းနှင့် ရထားပို့ဆောင်ရေးလုပ်ငန်း၊

(ဇ) ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း၊

(ဈ) အသံလွှင့် လုပ်ငန်းနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်း၊

(ည) သတ္တုရှာဖွေ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်း၊

(ဋ) ဥပဒေအရ ပုဂ္ဂလိကနှင့် သမဝါယမတို့အား သတ်မှတ်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းမှအပ အခြား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊

(ဌ) အစိုးရအဖွဲ့က အခါအားလျော်စွာ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းထုတ်လုပ် ခြင်းလုပ်ငန်း။

၄။ အစိုးရအဖွဲ့သည် ပုဒ်မ ၃ အရ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ အစိုးရနှင့်အခြား မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်စီးပွားရေးအဖွဲ့ အစည်းကမဆို ဖက်စပ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းတစ်ခုခုက စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ဖြစ်စေ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခွင့်ပြု နိုင်သည်။

၅။ အစိုးရအဖွဲ့သည် ပုဒ်မ ၃အရ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်းများမှ ထွက်ရှိသည့် သို့မဟုတ် ထုတ်လုပ်သည့် သို့မဟုတ် ယင်းလုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းများကို ဝယ်ယူခြင်း၊ ရယူခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ် ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်းတို့နှင့်စပ်လျဉ်းပြီး အမိန့်ကြော်ငြာ စာထုတ် ပြန်၍ စည်းကမ်းသတ်မှတ်နိုင်သည် သို့မဟုတ် တားမြစ်နိုင်သည်။