13 June, 2024
အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် ပူးတွဲပုံစံ (Hybrid) ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းရေးဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင် ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) ဦး တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။
အစည်းအဝေးတွင် မူဘောင်သဘောတူစာချုပ်တွင် ထည့်သွင်းမည့် ညှိနှိုင်းဆွေးနွေးခြင်း အပိုဒ် အတွက် စာသားမူကြမ်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများအပြီး ဆက်လက်ဆောင်ရွက်ရမည့် အချိန်ဇယားအပေါ် ဆွေးနွေးသဘောတူညီခဲ့ကြပါသည်။ မူဘောင်သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ်၊ မေလတွင် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေးတွင် လက်မှတ်ရေးထိုးနိုင်ရေး ဦးတည်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။