ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၁၁) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း

၈၀။    စုံစမ်းစစ်ဆေးရေးကော်မတီသည် ဥပဒေအရထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူက ဖောက်ဖျက်ကြောင်း စုံစမ်းသိရှိ လျှင်ဖြစ်စေ၊ တိုင်ကြားချက် သို့မဟုတ် သတင်းတစ်စုံတစ်ရာရရှိလျှင်ဖြစ်စေ စီမံခန့်ခွဲရေးနည်းလမ်း အရ အရေးယူဆောင်ရွက်နိုင်ခြင်း ရှိ မရှိ သိရှိနိုင်ရန် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းစစ်ဆေးနိုင်သည်။

၈၁။    စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုဆောင်ရွက်ရာတွင် ကော်မတီသည် အစည်းအဝေး ကျင်းပ၍ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရမည်။ ယင်းအစည်းအဝေးသို့ စုံစမ်းစစ်ဆေးခြင်းခံရသည့် စီးပွားရေးလုပ်ငန်းရှင်ကို ပါဝင်တက်ရောက်စေ၍ ရှင်းလင်းတင်ပြခွင့်ပြုနိုင်သည်။

၈၂။     စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုသည် ကော်မတီက ချမှတ်သည့် နေ့ရက်မှစတင်၍ အကျိုးသက်ရောက်မှုရှိသည်။

၈၃။    စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို တိုင်ကြားသူထံ စာဖြင့်ရေးသား အကြောင်းပြန်ကြားရမည်။

၈၄။    စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခံရသည့် စီးပွားရေးလုပ်ငန်းရှင်သည် ကော်မတီ၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက အောက်ဖော်ပြပါ စာရွက်စာတမ်း၊ အထောက်အထားများနှင့် အတူ ကော်မရှင်သို့ အယူခံလွှာ တင်သွင်းနိုင်သည် -

(က)    စုံစမ်းစစ်ဆေးရေးကော်မတီက ချမှတ်သည့် ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်မိတ္တူမှန်၊

(ခ)     အားကိုအားထားပြုသည့် သက်သေခံအထောက်အထားများနှင့် အခြားအထောက် အထားများ၊

(ဂ)     မည်သည့်အကြောင်းကြောင့် အယူခံဝင်ရသည့် အကြောင်းပြချက်။

၈၅။    ကော်မရှင်သည် အယူခံလွှာလက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း အယူခံလွှာကို စိစစ် သုံးသပ်၍ လိုအပ်သည်ဟု ယူဆပါက -

(က)    စုံစမ်းစစ်ဆေးမှုနှင့် သက်ဆိုင်သူတစ်ဦးဦးကိုဖြစ်စေ၊ သက်သေတစ်ဦးဦးကိုဖြစ်စေ ခေါ်ယူစစ်ဆေးနိုင်သည်။

(ခ)     စုံစမ်းစစ်ဆေးမှုတစ်ရပ်လုံးကိုဖြစ်စေ၊ လိုအပ်သော အချက်အလက်များကိုဖြစ်စေ မူလ စုံစမ်းစစ်ဆေးရေးကော်မတီကိုလည်းကောင်း၊ စုံစမ်းစစ်ဆေးရေးကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့ကို ထပ်မံဖွဲ့စည်း၍လည်းကောင်း တာဝန်ပေးအပ်စစ်ဆေးစေနိုင်သည်။

၈၆။    ကော်မရှင်သည် အယူခံမှုနှင့်စပ်လျဉ်း၍ အယူခံဝင်ရောက်သည့် စီးပွားရေးလုပ်ငန်းရှင်ကို ပါဝင်တက်ရောက် ရှင်းလင်းတင်ပြခွင့်ပြုရမည်။

၈၇။    ကော်မရှင်သည် အယူခံမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၈၈။    ဝန်ကြီးဌာနသည် ကော်မရှင် သို့မဟုတ် စုံစမ်းစစ်ဆေးရေးကော်မတီက စီမံခန့်ခွဲမှုနည်းလမ်း အရ ချမှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်ခြင်းမရှိသော သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ဝင်ငွေခွန်မပြေကျန်ငွေအဖြစ် ကော်ခံနိုင်ရန် ကော်မရှင်ရုံးရှိ သင့်လျော်သော ပြန်တမ်းဝင်အရာရှိ တစ်ဦးဦးကို ကော်လိတ်တော်အရာရှိအဖြစ် သတ်မှတ်တာဝန်ပေးအပ်ရမည်။

၈၉။    နည်းဥပဒေ ၈၈ အရ ခန့်အပ်ခံရသည့် ကော်လိတ်တော်အရာရှိသည် ယင်း၏ လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရမည်။

၉၀။    ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များအတွက် ရရှိသည့်ဒဏ်ကြေးငွေများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် ပေးသွင်းရမည်။