ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၁၀) သက်ညှာမှုပြုခြင်း

၇၅။    ကော်မရှင်သည် -

(က)    စုံစမ်းစစ်ဆေးမှုစတင်ခြင်းမပြုမီ သို့မဟုတ် စုံစမ်းစစ်ဆေးမှုပြုနေစဉ်အတွင်း စီးပွား ရေး လုပ်ငန်းလုပ်ကိုင်သူက ယှဉ်ပြိုင်ဆောင်ရွက်မှုကို ချိုးဖောက်ရာတွင် မိမိကိုယ်တိုင် ပါဝင်ကြောင်း ထုတ်ဖော်၍ လာရောက်ပူးပေါင်းဆောင်ရွက်လျှင် ထိုသူအား ပူးပေါင်း ဆောင်ရွက်သည့်အချိန်နှင့် ပူးပေါင်းပါဝင်မှု အနေအထားကိုမူတည်၍ သက်ညှာမှု ပြုနိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာတရားရုံး၊ ဥပဒေရုံးတို့ထံ ဥပဒေ ပုဒ်မ ၅၂ အရ ညှိနှိုင်းဆောင်ရွက်ရမည်။

(ခ)     စုံစမ်းစစ်ဆေးသည့် အမှုကိစ္စတစ်ရပ်တွင် ကင်းလွတ်သက်သာခွင့်အဖြစ် သက်ညှာခွင့် ပြုရန် လျှောက်ထားသူ ငါးဦးအထိသာ စီစဉ်ဆောင်ရွက်ပေးနိုင်သည်။

၇၆။    သက်ဆိုင်ရာတရားရုံးသည် နည်းဥပဒေ ၇၅ အရ ကော်မရှင်၏ ညှိနှိုင်းမှုကို လက်ခံရရှိလျှင် ဥပဒေအရ ချမှတ်သည့်ပြစ်ဒဏ်များမှ ကင်းလွတ်သက်သာခွင့်အဖြစ် ခံစားခွင့်ပြုနိုင်သည်။ ယင်းသို့ သက်ညှာမှုပြုရာ၌ -

(က)    စုံစမ်းစစ်ဆေးမှု စတင်ခြင်းမပြုမီ ဥပဒေပါ တားမြစ်ချက်ချိုးဖောက်မှုတွင် မိမိကိုယ် တိုင်ပါဝင်ခဲ့ကြောင်း ဝန်ခံပြောဆို၍ လာရောက်ပူးပေါင်းဆောင်ရွက်လျှင် -

(၁)     အမှုကိစ္စအတွက် အထောက်အကူပြုသည့် သက်သေခံအထောက်အထား၊ အချက်အလက်အပြည့်အစုံကို ဦးစွာတင်ပြနိုင်သူဖြစ်ပါက ပြစ်ဒဏ်မှ ကင်း လွတ်ခွင့်ကို ၁၀၀ ရာခိုင်နှုန်းအထိ သက်ညှာမှုပြုနိုင်သည်။

(၂)      အမှုကိစ္စအတွက် အထောက်အကူပြုသည့် သက်သေခံအထောက်အထား၊ အချက်အလက်ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသော်လည်း ဦးစွာတင်ပြသူ ဖြစ်ပါ က ပြစ်ဒဏ်မှ သက်သာခွင့်ကို  ၈၀ ရာခိုင်နှုန်းအထိ လျှော့ပေါသက်ညှာမှု ပြုနိုင်သည်။

(၃)     အမှုကိစ္စအတွက် အထောက်အကူပြုသည့် သက်သေခံအထောက်အထား၊ အချက်အလက်ကို ဒုတိယတင်ပြသူဖြစ်လျှင် ပြစ်ဒဏ်မှ သက်သာခွင့်ကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ပေါ့သက်ညှာမှုပြုနိုင်သည်။

(၄)     အမှုကိစ္စအတွက် အထောက်အကူပြုသည့် သက်သေခံအထောက်အထား၊ အချက်အလက်ကို တတိယမှ ပဥ္စမမြောက်အထိ တင်ပြသူဖြစ်လျှင် ပြစ်ဒဏ်မှ သက်သာခွင့်ကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ပေါသက်ညှာမှုပြုနိုင်သည်။

(ခ)     စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေစဉ်အတွင်း ဥပဒေပါ တားမြစ်ချက်ချိုးဖောက်မှုတွင် မိမိကိုယ်တိုင်ပါဝင်ခဲ့ကြောင်း ဝန်ခံပြောဆို၍ လာရောက်ပူးပေါင်းဆောင်ရွက်လျှင် -

(၁)     ကင်းလွတ်သက်သာခွင့်အဖြစ် သက်ညှာခွင့်ပြုရန် လျှောက်ထားသူသုံးဦးအထိ သာ ခံစားခွင့်ပြုနိုင်သည်။

(၂)      အမှုကိစ္စအတွက် အထောက်အကူပြုသည့် သက်သေခံအထောက်အထား၊ အချက်အလက် တင်ပြသူကို ပြစ်ဒဏ်မှ သက်သာခွင့်အဖြစ် ၃၀ ရာခိုင်နှုန်း အထိ လျှော့ပေါ့သက်ညှာမှုပြုနိုင်သည်။

၇၇။    သက်ညှာမှုပြုရန်ကိစ္စနှင့်ပတ်သက်၍ -

          (က)    ကော်မရှင်သည် -

(၁)     သက်ညှာခွင့်ပြုရန် လျှောက်ထားမှုကို လက်ခံရာ၌ ဥပဒေချိုးဖောက်ပြုလုပ် သည့် အဓိကဦးဆောင်သူကို သက်ညှာခွင့်ပြုရန် ထည့်သွင်းစဉ်းစားခြင်း မပြုရ။

(၂)      စုံစမ်းစစ်ဆေးမှု ပြီးဆုံးချိန်နောက်ပိုင်း လာရောက်ပူးပေါင်းဆောင်ရွက်သူကို သက်ညှာမှု မပြုရ။

(ခ)     သက်ညှာမှုပြုရန် လျှောက်ထားသူသည် အမှန်တကယ်အသုံးဝင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီအနေဖြင့် မသိရှိသေးသော အချက်အလက်များ၊ သက်သေခံ အထောက် အထားများကို တင်ပြရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများတွင် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရမည်။

၇၈။    ကော်မရှင်၊ ကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များသည် တိုင်ကြားသူ သို့မဟုတ် ထုတ်ဖော် သတင်းပေးသူ၏အမည်ကို လျှို့ဝှက်ထားရှိရမည်ဖြစ်ပြီး ဥပဒေအရ လိုအပ်သည့် အကာအကွယ် အစီအမံများ ပြုလုပ်ပေးရမည်။

၇၉။    ကင်းလွတ်ခွင့်ရလိုမှုဖြင့် သတင်းပေးဖော်ထုတ်မှုသည် သဘောရိုးဖြင့် မဟုတ်ဘဲ အဖိုးစားနား ပေး၍ဖြစ်စေ၊ မပေးဘဲဖြစ်စေ တစ်နည်းနည်းဖြင့် ဆောင်ရွက်လျှင်သော်လည်းကောင်း၊ သဘောရိုး ဖြင့် အဖိုးစားနားပေး၍ ဆောင်ရွက်လျှင်သော်လည်းကောင်း ရာဇသတ်ကြီးအရ အရေးယူခြင်း ခံရမည်။