ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၆) လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၄၁။    စုံစမ်းစစ်ဆေးရေးကော်မတီသည် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေး မှုပြုလုပ်ရန် လုပ်ငန်းအဖွဲ့ဖွဲ့စည်းရာတွင် စုံစမ်းစစ်ဆေးရေးကော်မတီဝင်တစ်ဦးကို အဖွဲ့ခေါင်းဆောင် အဖြစ် ပါဝင်စေလျက် အဖွဲ့ဝင်အနည်းဆုံး သုံးဦးဖြင့် ဖွဲ့စည်းရမည်။

၄၂။     လုပ်ငန်းအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသူသည် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များအတွက် လေ့ကျင့်ပေးထားသော ဦးစီးအရာရှိနှင့် အထက်အဆင့်ရှိသူ ဖြစ်ရမည်။

၄၃။    လုပ်ငန်းအဖွဲ့သည် စုံစမ်းစစ်ဆေးရန် ယင်း၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်-

(က)    စုံစမ်းစစ်ဆေးရေးကော်မတီက ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရ မည်။

(ခ)     စုံစမ်းစစ်ဆေးရေးကော်မတီက သတ်မှတ်ပေးသော အချိန်ကာလအတွင်း စုံစမ်းစစ် ဆေးမှုကိစ္စများကို ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ရမည်။

(ဂ)     စုံစမ်းစစ်ဆေးခြင်းကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအာင် ဆောင် ရွက်နိုင်ခြင်းမရှိပါက ခိုင်လုံသော အကြောင်းပြချက်နှင့်တကွ စုံစမ်းစစ်ဆေးရေး ကော်မတီသို့ တင်ပြရမည်။

(ဃ)    စုံစမ်းစစ်ဆေးမှုပြုရာတွင် မိမိ၏နေ့စဉ်ဆောင်ရွက်ချက်များကို နေ့စဉ်မှတ်တမ်း (ပုံစံ-၄)၌ ထည့်သွင်းရေးမှတ်ရမည်။

(င)     စုံစမ်းစစ်ဆေးမှုပြီးစီးပါက စုံစမ်းစစ်ဆေးတွေ့ရှိချက် သက်သေခံအထောက်အထားနှင့် တကွ စုံစမ်းစစ်ဆေးရေးကော်မတီသို့ အစီရင်ခံစာ တင်ပြရမည်။

၄၄။    လုပ်ငန်းအဖွဲ့သည် စုံစမ်းစစ်ဆေးရေးကော်မတီက သတ်မှတ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် များ၊ အခြားပုဂ္ဂိုလ်များနှင့်  စာရွက်စာတမ်းများကို ဥပဒေနှင့်အညီ စစ်ဆေးပိုင်ခွင့်ရှိသည်။