ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၄) ကော်မရှင်ရုံး၏ လုပ်ငန်းတာဝန်များ

၂၂။     ဝန်ကြီးဌာနသည်ကော်မရှင်၊ကော်မတီများနှင့်လုပ်ငန်းအဖွဲ့များ၏ရုံးလုပ်ငန်းနှင့် ကော်မရှင်က ပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ကော်မရှင်ရုံးကို ဖွဲ့စည်းတာဝန် ပေးအပ် ရမည်။

၂၃။     ဝန်ကြီးဌာနသည် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရန်အလို့ငှာ ကော်မရှင်ရုံးရှိ ဝန်ထမ်းများ၏ အရည်အချင်း တိုးတက်မြင့်မားစေရေးအတွက် လိုအပ် သလို စီမံဆောင်ရွက်ရမည်။

၂၄။     ကော်မရှင်ရုံးသည်-

          (က)    ကော်မရှင်က ပေးအပ်သည့် လုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်ရမည်။

          (ခ)     ကော်မရှင်၊ ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များ၏ ရုံးလုပ်ငန်းကိစ္စရပ်များကို တာဝန် ယူဆောင်ရွက်ပေးရမည်။

          (ဂ)     ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှု အခြေအနေများကို သုံးလလျှင် တစ်ကြိမ် အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြနိုင်ရန် ဆောင်ရွက်ပေးရမည်။

          (ဃ)    ကော်မရှင်၏ တာဝန်ပေးအပ်မှုအရ  ဈေးကွက်အတွင်းရှိ ဈေးကွက်အခြေအနေ၊ စီးပွား ရေးလုပ်ငန်းများ၏ အခြေအနေကို စောင့်ကြပ်ကြည့်ရှုရမည်။

          (င)     ကော်မရှင်၏ တာဝန်ပေးအပ်မှုအရ တိုင်ကြားစာများကို လက်ခံခြင်း၊ စိစစ်ခြင်းနှင့် တွေ့ရှိချက်ကို ကော်မရှင်သို့ တင်ပြခြင်းတို့ ဆောင်ရွက်ရမည်။

          (စ)     တိုင်ကြားချက်များအပေါ် ကော်မရှင်မှ လက်ခံအရေးယူဆောင်ရွက်ခြင်း ပြု၊ မပြု ဆုံး ဖြတ်ချက်ကို တိုင်ကြားသူထံ စာဖြင့် ရေးသားအကြောင်းပြန်ကြားရမည်။

          (ဆ)    ကော်မရှင်သို့ အယူခံဝင်သည့်အမှုနှင့်စပ်လျဉ်း၍ လိုအပ်သော ကိစ္စရပ်များကို ဆောင် ရွက်နိုင်ရန် စီမံပေးရမည်။

          (ဇ)     ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရားစွဲဆိုရန် ကော်မရှင်၏ ညွှန်ကြား ချက်ကို  ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်။

(ဈ)     ဥပဒေပုဒ်မ ၅၂ အရ သက်ညှာမှုပြုနိုင်ရေးအတွက် သက်ဆိုင်ရာတရားရုံး၊ ဥပဒေရုံးနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးရမည်။

၂၅။     ကော်မရှင်ရုံးသည် နည်းဥပဒေ ၂၄ ၊ နည်းဥပဒေခွဲ(ဃ)အရ စောင့်ကြပ်ကြည့်ရှုရာ၌ ပုံမှန် အခြေအနေတွင် စောင့်ကြည့်ခြင်းနှင့် ထူးခြားအခြေအနေတွင် စောင့်ကြည့်ခြင်းတို့ဖြင့် စောင့်ကြပ် ကြည့်ရှုရမည်။ စောင့်ကြပ်ကြည့်ရှုရာတွင် ထူးခြားသော အခြေအနေများ၊ ဖြစ်စဉ်များကို ဆက်လက် စုံစမ်းစစ်ဆေးဆောင်ရွက်နိုင်ရန် ကော်မရှင်သို့ တင်ပြရမည်။

၂၆။     ဝန်ကြီးဌာနသည် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်နိုင်ရန် လိုအပ်သော ဌာနခွဲများကို ကော်မရှင်ရုံးအောက်၌ ဖွဲ့စည်းဆောင်ရွက်နိုင်သည်။

၂၇။     ကော်မရှင်ရုံးသည် တိုင်ကြားမှုများကို လက်ခံစိစစ်၍ ကော်မရှင်သို့ အစီရင်ခံတင်ပြရာတွင် အောက်ဖော်ပြပါ အခြေအနေ၊ အချက်အလက်များပေါ် မူတည်၍ စိစစ်သုံးသပ်တင်ပြရမည်-

(က)    အများပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ထိခိုက်စေသော သို့မဟုတ် အကျိုး ပျက်စီးမှုနှင့် သက်ဆိုင်သော သို့မဟုတ် ဖြစ်ပေါ်စေနိုင်သော အခြေအနေ၊

(ခ)     ဥပဒေချိုးဖောက်နေသော အခြေအနေ၊      

(ဂ)     ယှဉ်ပြိုင်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြည်တွင်း သို့မဟုတ် နိုင်ငံတကာ ကိစ္စရပ် များ ပါဝင်ပတ်သက်နေသည့်အခြေအနေ၊

(ဃ)    အသေးစားစီးပွားရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်စေသော ဈေးကွက်များ ၏ အခြေအနေ၊

(င)     ဥပဒေကို ယခင်က ချိုးဖောက်ခဲ့ဖူးကြောင်း မှတ်တမ်းရှိသည့် စီးပွားရေးလုပ်ငန်း ဟုတ်၊ မဟုတ်။