ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၃) အစည်းအဝေးကျင်းပခြင်း

၁၅။    ကော်မရှင်သည် ပုံမှန်အစည်းအဝေးကို သုံးလလျှင် တစ်ကြိမ် ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေးကျင်းပနိုင်သည်။

၁၆။    အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက သဘာပတိအဖြစ်လည်းကောင်း၊ ကော်မရှင်ဥက္ကဋ္ဌ မတက်ရောက်နိုင်သည့်အခါ ဒုတိယဥက္ကဋ္ဌက သဘာပတိအဖြစ်လည်ကောင်း ဆောင်ရွက်ရမည်။

၁၇။    အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်ဦးရေ ထက်ဝက်ကျော်တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။ အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကော်မရှင်အဖွဲ့ဝင်အရေအတွက် ပြည့်မီအောင် တက်ရောက်နိုင်ခြင်း မရှိလျှင် အစည်းအဝေးကို သင့်လျော်သည့်နေ့ရက်သို့ ရွှေ့ဆိုင်း ကျင်းပရမည်။ ယင်းသို့ရွှေ့ဆိုင်းခြင်းကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံ ကော်မရှင် ရုံးက အကြောင်းကြားရမည်။

၁၈။    ကော်မရှင်ရုံးသည် ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေး ကျင်းပမည့်နေ့ရက်ကိုဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာကြောင့် အစည်းအဝေးရွှေ့ဆိုင်းခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ အကြောင်းကြားမှု များကို ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။

၁၉။    ကော်မရှင်၏ ဆုံးဖြတ်ချက်ကို အစည်းအဝေးတက်ရောက်သည့် အဖွဲ့ဝင်များ၏ ထက်ဝက် ကျော် သဘောတူညီချက်ဖြင့် ချမှတ်ရမည်။

၂၀။     စုံစမ်းစစ်ဆေးရေးကော်မတီသည် စုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့၏ အစီရင်ခံစာ သို့မဟုတ် အခြားနည်းဖြင့် စုံစမ်းသိရှိမှုတို့နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချနိုင်ရန်သော်လည်းကောင်း၊ စီမံခန့်ခွဲရေး နည်းလမ်းဖြင့် အရေးယူရန် အကြောင်းပေါ်ပေါက်လျှင်သော်လည်းကောင်း၊ အခြားကိစ္စရပ်တစ်ရပ်ရပ် အတွက်သော်လည်းကောင်း ကော်မတီအစည်းအဝေးကို လိုအပ်သလို ကျင်းပရမည်။

၂၁။     ကော်မရှင်နှင့် ကော်မတီတို့၏ အစည်းအဝေးကျင်းပမှုများအတွက် စီမံခန့်ခွဲခြင်း ၊ ဖိတ်ကြား ခြင်း၊ အစည်းအဝေးမှတ်တမ်းတင်ခြင်းများနှင့် အခြားလိုအပ်သည့် ကိစ္စရပ်များကို ကော်မရှင်ရုံးက တာဝန်ယူဆောင်ရွက်ပေးရမည်။