ယှဉ်ပြိုင်မှုနည်းဥပဒေများ
Download : Myanmar / English
အခန်း(၂) မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်

၃။      ဝန်ကြီးဌာနသည် ကော်မရှင်ဖွဲ့စည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များ အမည်စာရင်းတောင်းခံ၍လည်းကောင်း၊ သက်ဆိုင်ရာပညာရှင်များကို ရွေးချယ်၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်အဖြစ် အဆိုပြုသည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို အစိုးရအဖွဲ့သို့ တင်ပြရမည်။ ယင်းသို့ တင်ပြရာတွင် ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်သင့်သည့် အမည် စာရင်းကိုလည်း အဆိုပြုတင်ပြနိုင်သည်။

၄။      ကော်မရှင်အဖွဲ့ဝင်အဖြစ် အဆိုပြုသည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်းတွင် အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အနည်းဆုံးတစ်ဦးစီ ပါဝင်စေ ရမည်-

          (က)    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

          (ခ)     ပြည်ထောင်စုရှေ့နေချုပ်ရုံး                                

          (ဂ)     ပြည်ထဲရေးဝန်ကြီးဌာန

          (ဃ)    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

          (င)     စက်မှုဝန်ကြီးဌာန

          (စ)     စီးပွားရေးပညာရှင်

          (ဆ)    ဥပဒေပညာရှင်

          (ဇ)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ

၅။      ကော်မရှင်ကို အဖွဲ့ဝင် ကိုးဦးနှင့်အထက် “မ” ဂဏန်းအရေအတွက်ဖြင့် ဖွဲ့စည်းရမည်။

၆။      ကော်မရှင်ဥက္ကဋ္ဌ သည် ဥပဒေပညာရပ်၊ စီးပွားရေးပညာရပ် သို့မဟုတ် ကူးသန်းရောင်းဝယ် ရေး ဘာသာရပ်တစ်ခုခု၌ ကျွမ်းကျင်မှုနှင့် ဗဟုသုတရှိသူဖြစ်ပြီး၊ သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်း အတွေ့အကြုံရှိရမည်။

၇။      ကော်မရှင်အဖွဲ့ဝင်များသည်-

          (က)    မြန်မာနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသားဖြစ်ရမည်။

          (ခ)     အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

          (ဂ)     ဥပဒေပညာရပ်၊ စီးပွားရေးပညာရပ် သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးဘာသာရပ် တစ်ခုခု၌ ကျွမ်းကျင်သူနှင့် ဗဟုသုတရှိပြီး သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းအတွေ့ အကြုံအနည်းဆုံး ငါးနှစ်ရှိရမည်။

          (ဃ)    နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အထက် အဆင့်ရှိသူဖြစ်ရမည်။

၈။      နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်သည် ဝန်ကြီးဌာနက ခွင့်ပြုသည့် လစာ၊ စရိတ် နှင့် ချီးမြှင့်ငွေတို့ကို ခံစားသူများဖြစ်၍ အချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်။

၉။      (က)    ကော်မရှင်ဥက္ကဋ္ဌ ၏ ရာထူးသက်တမ်းသည် ယင်း၏ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အဖြစ် ထမ်းဆောင်သည့် ရာထူးသက်တမ်းအတိုင်း ဖြစ်သည်။

          (ခ)     ကော်မရှင်အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် သုံးနှစ်ဖြစ်သည်။

၁၀။    ကော်မရှင်အဖွဲ့ဝင်သည် ရာထူးသက်တမ်း တစ်ဆက်တည်း နှစ်ကြိမ်အထိသာ ထမ်းဆောင် နိုင်သည်။ သို့ရာတွင် ကျွမ်းကျင်မှုနှင့် အခြားလိုအပ်ချက်များရှိပါက ကော်မရှင်အဖွဲ့ဝင်၏ သက်တမ်း နှစ်ကြိမ်ထက်ပို၍ တာဝန်ပေးအပ်နိုင်သည်။

၁၁။    အစိုးရအဖွဲ့သည် အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်လျှင် ကော်မရှင်ဥက္ကဋ္ဌ  သို့မဟုတ် အဖွဲ့ဝင်အဖြစ်ရပ်စဲ၍ ယင်း၏နေရာတွင် ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အစားထိုးခန့်ထားရမည်-

          (က)    သေဆုံခြင်း၊

          (ခ)     နုတ်ထွက်ခြင်း၊

          (ဂ)     ပြစ်မှုတစ်ခုခုကျူးလွန်သဖြင့် သက်ဆိုင်ရာတရားရုံးက ပြစ်မှုထင်ရှား စီရင်ခံရ၍ ထောင်ဒဏ်ကျခံရခြင်း၊

          (ဃ)    စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရ ခြင်း၊

          (င)     လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံထားရခြင်း၊

          (စ)     အကျင့်စာရိတ္တပျက်ပြားခြင်း၊

          (ဆ)    ဥပဒေအရ ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း။

၁၂။     ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် နည်းဥပဒေ ၁၁၊ နည်းဥပဒေခွဲ(ခ)အရ မိမိ၏ သဘောဆန္ဒအလျောက် နုတ်ထွက်လိုပါက နုတ်ထွက်လိုသည့် အကြောင်းပြချက်ကို ခိုင်လုံစွာ ရေးသားဖော်ပြ၍ ကော်မရှင်မှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြရမည်။

၁၃။    အကြောင်းတစ်ရပ်ရပ်ကြောင့် ကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်ရာထူးနေရာ လစ်လပ် သည့်အတွက် အစားထိုးတာဝန်ပေးအပ်ပါက ယင်းကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၏ ရာထူး သက်တမ်းသည် မူလရာထူး သက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်သည်။

၁၄။      ဝန်ကြီးဌာနသည် ကော်မရှင်အဖွဲ့ဝင်အသစ် ပြောင်းလဲတာဝန်ပေးအပ်နိုင်ရေးအတွက်ကော်မရှင် အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းမကုန်ဆုံးမီ အနည်းဆုံး သုံးလကြိုတင်၍ ကော်မရှင်အဖွဲ့ဝင်အဖြစ် အဆိုပြုသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို တောင်းခံစုစည်း၍ အစိုးရအဖွဲ့သို့ တင်ပြရမည်။