ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း(၁၃) အထွေထွေ

၄၅။    ကော်မရှင်သည် အစည်းအဝေးများကို သတ်မှတ်ချက်များနှင့်အညီ ကျင်းပရမည်။

၄၆။    နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင် သို့မဟုတ် စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင် တစ်ဦးဦးသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်စဉ်တွင် ယင်းတို့အာ ရာဇသတ်ကြီး ပုဒ်မ ၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၄၇။    ဤဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်ကို တရားစွဲဆိုရာတွင် ကော်မရှင်၏ ကြိုတင်ခွင့်ပြုမိန့် ရယူရ မည်။

၄၈။    ပုဒ်မ ၃၄၊ ပုဒ်မခွဲ(ခ)ပါ သတ်မှတ်ထားသော ဒဏ်ကြေးငွေကို ကောက်ခံနိုင်ရန် ဝန်ကြီးဌာန သည် သင့်လျော်သော အရာရှိတစ်ဦးဦးကို ကော်လိပ်တော်အရာရှိအဖြစ် ခန့်အပ်တာဝန်ပေးနိုင် သည်။

၄၉။    ဤဥပဒေအရ တရားစွဲဆိုခြင်းခံရသူသည် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းဖြစ်လျှင် ယင်းအဖွဲ့ အစည်း၏ လုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ရှိသူတစ်ဦးဦးသည် အဆိုပါ ပြစ်မှုုကို ၎င်းမသိရှိဘဲ ကျူးလွန်ကြောင်း သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းကို တားဆီးရန် ထိုက်သင့်သော လုံ့လဝီရိယ စိုက်ထုတ်၍ ဆောင်ရွက်ခဲ့ကြောင်း သက်သေပြနိုင်ခြင်းမရှိပါက အဆိုပ စီးပွားရေးလုပ်ငန်းအဖွဲ့ကို ပြစ်ဒဏ်ချမှတ်လျှင် အဆိုပါတာဝန်ရှိသူသည် ယင်းပြစ်မှုအတွက် ပူးတွဲ၍ အပြစ်ရှိသည်ဟု မှတ်ယူ ခြင်း ခံရမည်။

၅၀။    ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၅၁။    ဤဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ တစ်ဦးဦးကို နစ်နာသူက မိမိ၏နစ်နာမှုအတွက် တရားမကြောင်းအရလည်း တရားစွဲဆိုနိုင်သည်။

၅၂။     ဤဥပဒေပါပုဒ်မ ၁၃ ကို ချိုးဖောက်ရာတွင် မိမိကိုယ်တိုင်ပါဝင်ခဲ့ကြောင်း ထုတ်ဖော်သတင်း ပေးသူအား ကော်မရှင်သည် ဤဥပဒေအရ ချမှတ်သည့် ပြစ်ဒဏ်များမှ ကင်းလွတ် သက်သာခွင့်ကို သက်ညှာမှုအဖြစ် ခံစားခွင့်ပြုနိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာ တရားရုံး၊ ဥပဒေရုံးတို့ နှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။

၅၃။    သက်ဆိုင်ရာတရားရုံးသည် သက်ညှာမှုပြုရာတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဦး လာရောက်ပူးပေါင်းဆောင်ရွက်သည့်အချိန်နှင့် ပူးပေါင်းပါဝင်မှုအနေအထားအပေါ် မူတည်၍ ကွဲပြား ခြားနားသော သက်ညှာမှုပြုနိုင်သည်။

၅၄။    ဝန်ကြီးဌာနသည် ကော်မရှင်၊ ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များ၏-

          (က) ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်။

          (ခ)   ကုန်ကျစရိတ်များကို ကျခံရမည်။

၅၅။    ဤဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း သက်သေအထောက်အထား ခိုင်လုံသည့်ကိစ္စတစ်ရပ်ရပ်အတွက် ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးကို သော်လည်းကောင်း၊ စုံစမ်းစစ်ဆေးရေးကော်မတီဝင် တစ်ဦးဦးကိုသော်လည်းကောင်း၊ လုပ်ငန်း အဖွဲ့ဝင်တစ်ဦးဦးကိုသော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးဦးကိုသော်လည်းကောင်း ပြစ်မှုကြောင်း အရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ အခြားနည်းလမ်းတစ်ရပ်ရပ်အရဖြစ်စေ အရေးယူဆောင် ရွက်ခြင်း မရှိစေရ။

၅၆။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

          (က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

          (ခ)   ကော်မရှင်သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ် နည်းများကိုလည်းကောင်း၊ ကော်မတီသည် လိုအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို လည်းကောင်း ထုတ်ပြန်နိုင်သည်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုး သည်။