ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း(၁၂) ပြစ်မှုနှင့်ပြစ်ဒဏ်များ

၃၉။    မည်သူမဆို ပုဒ်မ ၁၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းတစ်ရာ့ငါးဆယ် ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၄၀။    မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမဆို ပုဒ်မ ၂၃၊ ပုဒ်မ ၂၄ သို့မဟုတ် ပုဒ်မ၁၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းတစ်ရာ့ငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။

၄၁။    မည်သူမဆို ပုဒ်မ ၁၅၊ ပုဒ်မ ၁၉၊ ပုဒ်မ ၂၂၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇၊ ပုဒ်မ၃၁ သို့မဟုတ် ပုဒ်မ ၃၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းတစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၄၂။     မည်သူမဆို ပုဒ်မ ၁၈၊ ပုဒ်မ ၂၀၊ ပုဒ်မ ၂၁၊ ပုဒ်မ ၂၅ သို့မဟုတ် ပုဒ်မ ၂၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။

၄၃။    မည်သူမဆို စုံစမ်းစစ်ဆေးရေးကော်မတီက ဤဥပဒေအရ စုံစမ်းစစ်ဆေးမှုပြုရန် သက်သေခံ အထောက်အထား၊ စာရွက်စာတမ်း သို့မဟုတ် ငွေရေးကြေးရေး အထောက်အထားတစ်ခုခုကို တောင်းယူရာတွင်ဖြစ်စေ၊ သက်သေအဖြစ်ခေါ်ယူမေးမြန်းရာတွင်ဖြစ်စေ ခိုင်လုံသော အကြောင်း ပြချက်မရှိဘဲ လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်။

၄၄။    တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေအရသာ ဆောင်ရွက်ရမည်။