ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း(၇) ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သော ဆောင်ရွက်ချက်

၁၃။    မည်သူမျှ ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သော ဆောင်ရွက်ချက်ကို ဖြစ်ပေါ်စေသည့် အောက်ပါဆောင်ရွက်မှုတစ်ခုခုကို  မပြုရ -

          (က)    ဝယ်ယူသည့်ဈေးနှုန်း သို့မဟုတ် ရောင်းချသည့်ဈေးနှုန်း သို့မဟုတ် အခြားကူးသန်း ရောင်းဝယ်သည့် အခြေအနေများ၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဈေးနှုန်း ညှိနှိုင်းသတ်မှတ်ခြင်း၊

          ( ခ )   ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များ ပြု လုပ်ခြင်း၊

          ( ဂ )   မိမိ၏စီးပွားရေးလုပ်ငန်းသည် သက်ဆိုင်ရာဈေးကွက်အတွင်း လွှမ်းမိုးထားနိုင်သည့် အခြေအနေအပေါ် အခွင့်အရေးယူ၍ အလွဲသုံးစာမှုပြုခြင်း၊

          (ဃ)    တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အဖွဲ့အစည်းကဖြစ်စေ ဈေးကွက်ကန့်သတ်ထိန်းချုပ်မှု ကို ဆောင်ရွက်ခြင်း၊

          ( င )   ဈေးကွက် သို့မဟုတ် ထောက်ပံ့မှုအရင်းအမြစ်များကို မျှဝေရန် ကန့်သတ်တားဆီး ခြင်း၊

          ( စ )   ထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှု၊ နည်းပညာနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှု တို့ကို ကန့်သတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း၊

          (ဆ)    တင်ဒါ သို့မဟုတ် လေလံဆွဲရာတွင် ညှိနှိုင်းသတ်မှတ်ခြင်း။

၁၄။    ကော်မရှင်သည် ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များနှင့်စပ်လျဉ်း၍ စားသုံးသူတို့ကို စရိတ်လျော့နည်းစေရန် ရည်ရွယ်ဆောင်ရွက်သည့် အောက်ပါကိစ္စရပ်တစ်ခုခုတွင် အကျုံးဝင်ပါက တိကျသော ကာလတစ်ရပ်သတ်မှတ်၍ ကင်းလွတ်ခွင့်ပြုနိုင်သည်-

          (က)    လုပ်ငန်းစွမ်းဆောင်ရည် တိုးမြှင့်စေရန် စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းပုံစံတို့ကို ပြုပြင်ပြောင်းလဲခြင်း၊

          (ခ)     ကုန်စည်နှင့်ဝန်ဆောင်မှု အရည်အသွေးတိုးတက်စေရန် နည်းပညာနှင့်နည်းပညာ အဆင့်မြင့်မားမှုကို တိုးတက်စေခြင်း၊

          (ဂ)     ကွဲပြားသော ထုတ်ကုန်အမျိုးမျိုး၏ နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများနှင့် အရည် အသွေးအဆင့်အတန်း တစ်ပြေးညီ တိုးတက်စေခြင်း၊

          (ဃ)    ဈေးနှုန်းနှင့်ဖြစ်စေ၊ ဈေးနှုန်းဆိုင်ရာ အချက်အလက်များနှင့်ဖြစ်စေ သက်ဆိုင်ခြင်း မရှိဘဲ စီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ ကုန်စည်များ ဖြန့်ဖြူးခြင်းနှင့် ငွေပေးချေ ခြင်းကိစ္စများ တစ်ပြေးညီဖြစ်စေခြင်း၊

          (င)     အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုစွမ်းအားကို မြင့်မားစေခြင်း၊

          (စ)     နိုင်ငံတကာဈေးကွက်တွင် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုစွမ်းအားကို မြင့်မားစေခြင်း။