ယှဉ်ပြိုင်မှုဥပဒေ
Download : Myanmar / English
အခန်း(၅) ကော်မရှင်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၈။    ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

          (က)    ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ နှင့်ဖြစ်စေ၊ နိုင်ငံအချင်းချင်းဖြစ်စေ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊

          ( ခ )   နိုင်ငံတော်၏အကျိုးစီးပွားအတွက် လိုအပ်သော စီးပွားရေးလုပ်ငန်းများနှင့် အသေးစား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအား ဤဥပဒေကို လိုက်နာဆောင်ရွက်ခြင်းမှ လိုအပ်ပါက ကင်းလွတ်ခွင့်ပြုခြင်း၊

          ( ဂ )   ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များကို လိုအပ်ချက်နှင့်အညီဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များကိုသတ်မှတ်ခြင်း၊

          (ဃ)    ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များမှ တင်ပြလာသောကိစ္စရပ်များကို အဆုံးအဖြတ် ပေးခြင်း၊

          ( င )   စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် ယှဉ်ပြိုင်မှုကို ကန့်သတ်ရန် ခွင့်ပြုချက်ရရှိရေးအတွက် လျှောက်ထားရာတွင် လိုအပ်သည့်ပုံစံ ၊ လုပ်ထုံးလုပ်နည်း များနှင့် စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊

          ( စ )   စီးပွားရေးလုပ်ငန်းတစ်ခု၏ ပိုင်ဆိုင်ခွင့်တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို အခြား စီးပွားရေးလုပ်ငန်းတစ်ခုက လွှမ်းမိုးမှု၊ ဝယ်ယူမှု၊ ရယူမှု သို့မဟုတ် စီးပွားရေးလုပ်ငန်း များပေါင်းစည်းမှုကြောင့် ယှဉ်ပြိုင်မှုအပေါ်ထိခိုက်နိုင်သည့် ဈေးကွက်ဝေစု၊ ရောင်းအား၊ ရင်းနှီးငွေပမာဏ၊ အစုရှယ်ယာအရေအတွက်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပိုင်ဆိုင် သော ပစ္စည်းပမာဏတို့ကို သတ်မှတ်ခြင်း၊

          (ဆ)    လက်ဝါးကြီးအုပ်ဆောင်ရွက်သည်ဟု ကော်မရှင်က ယူဆသည့် ဈေးကွက်ဝေစု၊ ရောင်းအား၊ ရင်းနှီးငွေပမာဏ၊ အစုရှယ်ယာအရေအတွက်နှင့် လုပ်ငန်းနှင့်သက်ဆိုင် သော ပိုင်ဆိုင်သော ပစ္စည်းပမာဏတို့ကို သတ်မှတ်ဆုံးဖြတ်ခြင်း၊

          ( ဇ )   စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် စီးပွားရေးလုပ်ငန်းစုတစ်ခုသည် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကို ထိခိုက်နိုင်သည်ဟု ကော်မရှင်ကသတ်မှတ်ထားသော ဈေးကွက်ဝေစု ပိုင်ဆိုင်မှု ပမာဏထက်ကျော်လွန်လျှင် သို့မဟုတ် ကျော်လွန်သည်ဟု ကော်မရှင်က ယူဆလျှင် ယင်းစီးပွားရေးလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်းစု၏ ဈေးကွက် ဝေစုကို သတ်မှတ်ထားသည့် လုပ်ငန်းပမာဏသို့ လျော့ချရန်ညွှန်ကြားခြင်း၊

          (ဈ)     လက်ဝါကြီးအုပ်ချုပ်ကိုင်ရန်ရှိသည်ဟု ကော်မရှင်က ယူဆသည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဦး၏ ဈေးကွက်ဝေစုနှင့် အရောင်းမြှင့်တင်မှုများကို ကန့်သတ်သည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ တားမြစ်ခြင်း၊

          (ည)    ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ကော်မရှင်က သံသယ ရှိလျှင်သော်လည်းကောင်း၊ ခိုင်လုံသောတိုင်ကြားချက် ရရှိလျှင်သော်လည်းကောင်း စုံစမ်းစစ်ဆေးရန် တာဝန်ပေးခြင်း၊

          ( ဋ )   စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးဦးထံမှ ယှဉ်ပြိုင်မှုနှင့် စပ်လျဉ်း၍ လိုအပ်သည့် အထောက်အထားများနှင့်အချက်အလက်များကို တောင်းဆိုခြင်း၊

          ( ဌ )   ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်းသည့် လိုအပ်သော စုံစမ်းမေးမြန်းမှုများဆောင်ရွက်ရန် သက် ဆိုင်သူများကို ခေါ်ယူမေးမြန်းခြင်း၊

          ( ဍ )   ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ ရှင်းလင်းချက်များ၊  အကြံပြုချက် များ သို့မဟုတ် ထင်မြင်ချက်များပေးရန် လိုအပ်ချက်နှင့်အညီ ပညာရှင်များ၊ ကျွမ်း ကျင်သူများကို ဖိတ်ခေါ်ဆွေးနွေးခြင်း၊

          ( ဎ )   ကိစ္စတစ်ရပ်ချင်းအလိုက် သတ်မှတ်ချက်နှင့်အညီ လိုအပ်သော အထာက်အထား များနှင့် ပစ္စည်းများကို စစ်ဆေးရေးအတွက်  သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်း၊ ယင်းအထောက်အထား သို့မဟုတ် ပစ္စည်းကို ခံဝန်ချုပ်ဖြင့် ပြန်လည်ပေးအပ်ထားရန် ခွင့်ပြုသည့်အမိန့်ချမှတ်ခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ်  ခွင့်ပြုချက်ကို ပြန်လည်ရုပ် သိမ်းခြင်း၊

          (ဏ)     စုံစမ်းစစ်ဆေးရေးကော်မတီက တင်ပြသောစုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍  စိစစ်ခြင်းနှင့် လိုအပ်ပါက တရားစွဲဆိုရန် ညွှန်ကြားခြင်း၊

          (တ)    ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူက ပြစ်မှုနှင့်စပ်လျဉ်း၍ တရားရုံးတွင် မိမိကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ကြောင်း မခြွင်းမချန် ထွက်ဆိုခဲ့လျှင် ထိုသူကို စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်ကင်းလွတ် ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊

          ( ထ )  ယှဉ်ပြိုင်မှုနှင့် သက်ဆိုင်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ တစ်ဆင့် အစိုးရအဖွဲ့သို့ အကြံပြုတင်ပြခြင်း။၊

          ( ဒ )   ယှဉ်ပြိုင်မှုနှင့် သက်ဆိုင်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့က အခါအား လျော်စွာ ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ခြင်း၊

၉။      ကော်မရှင်သည် မိမိ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှုအခြေအနေများကို အစိုးရအဖွဲ့သို့ သုံးလလျှင်တစ်ကြိမ် အစီရင်ခံတင်ပြရမည်။

၁၀။    ထူးခြားသည့် အခြေအနေပေါ်ပေါက်ပါက ကော်မရှင်သည် မိမိ၏ လုပ်ငန်းဆောင်ရွက်ချက် များကို အစိုးရအဖွဲ့သို့ ဆောလျင်စွာ တင်ပြရမည်။