ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၂၆) ပြစ်မှုနှင့်ပြစ်ဒဏ်များ

၁၇၁။ မည်သူမဆို ပုဒ်မ ၁၅၈၊ ၁၅၉၊ ၁၆၀၊ ၁၆၂၊ ၁၆၃၊ ၁၆၇ နှင့် ၁၆၈ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပေါ်ပေါက်လျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် နှစ်နှစ် မှ ငါးနှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ်သန်း ၅၀၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်း ခံရမည်။

၁၇၂။ မည်သူမဆို ပုဒ်မ ၁၆၁၊ ၁၆၄၊ ၁၆၅၊ ၁၆၆၊ ၁၆၉ နှင့် ၁၇၀ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပေါ်ပေါက်လျှင် ထိုသူအား နှစ်နှစ်ထက်မပိုသော ထောင် ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သန်း ၁၀၀ ငွေဒဏ်လည်း ချမှတ်ခြင်း ခံရမည်။

၁၇၃။ (က) ဗဟိုဘဏ် ဥက္ကဋ္ဌသည် အစိုးရရှေ့နေ၏ စာဖြင့်ရေးသားသော သဘောတူညီချက်ဖြင့် ဤဥပ ဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့မဟုတ် ဤဥပဒေအရ ပြုလုပ်သော စည်းမျဉ်းအရ ပြစ်မှုတစ်စုံတစ်ရာကို လူပုဂ္ဂိုလ်တစ်ဦးဦးက ကျူးလွန်ခဲ့သည်ဟု အကြောင်းအားလျော်စွာ သံသယရှိသူက ပြစ်မှုကို ဆက်လက် ကျူးလွန်သည့်ကိစ္စတွင် နေ့စဉ်ပေးရမည့် ဒဏ်ငွေရှိလျှင် ယင်းဒဏ်ငွေအပါအဝင် ဒဏ်ငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းထက်မပိုသော ပမာဏကို လက်ခံခြင်းဖြင့် သတ်မှတ်ထားသော အချိန်အတွင်း အမှုများကို ကျေအေးရန် ကမ်းလှမ်းနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ ကမ်းလှမ်းချက်တစ်ရပ်ရပ်ကို ပြစ်မှုကျူးလွန်ပြီးနောက် မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်သည့်အပြင် ကမ်းလှမ်းချက်တွင် သတ်မှတ်သည့်အချိန်အတွင်း သို့မဟုတ် ဗဟိုဘဏ်ဥက္ကဋ္ဌက တိုးမြှင့်ပေးသည့်အချိန်အတွင်း ကမ်းလှမ်းချက်ပါ ငွေပမာဏကို မပေးသည့်အခါ ပြစ်မှုအတွက် တရား စွဲဆိုမှုကို အချိန်မရွေး ပြုလုပ်နိုင်သည်။

(ဂ) ပုဒ်မခွဲ (က)အရ ငွေပမာဏ တစ်ရပ်ကို လက်ခံရရှိသည့်အခါ အမှုနှင့်စပ်လျဉ်း၍ တရားစွဲဆို ဆောင် ရွက်ခြင်း မဖြစ်စေရ။

(ဃ) ဤပုဒ်မပါ မည်သည့်အချက်ကမျှ ထပ်မံကျူးလွန်သော ပြစ်မှုတစ်စုံတစ်ရာကို ကျေအေးရန် အခွင့်အာဏာ မဖြစ်စေရ။

(င) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်များနှင့်အညီ ဗဟိုဘဏ်သို့ ပေးရသည့် ဒဏ်ကြေးတစ်စုံတစ်ရာကို တစ်စု တစ်ပေါင်းတည်း ပေးသွင်းရမည်။

၁၇၄။ မည်သူမဆို ဤဥပဒေအရ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းကို အားပေးကူညီလျှင် သို့မဟုတ် ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ကျူးလွန်ရန်ပူးပေါင်းကြံစည်လျှင် ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်။