ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၂၄) စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း

၁၅၄။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးအဖွဲ့အစည်း၏ဒါရိုက်တာ အဖွဲ့ဝင်များ၊ အမှုဆောင် အရာရှိများ၊ အစုရှယ်ယာပိုင်ရှင်များ၊ စီမံခန့်ခွဲသူများ၊ မန်နေဂျာများ၊ ဝန်ထမ်း များက ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဤဥပဒေအရ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖြစ်စေ ဖောက်ဖျက်ပါက အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊

(ဂ) ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကန့်သတ်ချက် အပါအဝင်ဖြစ် သည့် အမိန့်များချမှတ်ခြင်း၊

(ဃ) ငွေရေးကြေးရေးအဖွဲ့အစည်းအတွင်း တာဝန်ထမ်းဆောင်ခြင်းမှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်း။

၁၅၅။ (က) ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသူသည် ပြစ်ဒဏ်ချမှတ်ခံရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့သို့ အယူခံနိုင်သည်။

(ခ) ပုဒ်မခွဲ (က)အရ အယူခံမှုအပေါ် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။

၁၅၆။ ဤဥပဒေအရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များသည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်း အရဖြစ်စေ အရေးယူခြင်းကို ပိတ်ပင်ခြင်းမရှိစေရ။

၁၅၇။ ပုဒ်မ ၁၅၄ အရ စီမံခန့်ရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် နစ်နာသော ငွေရေးကြေးရေး အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို နစ်နာမှုအတွက် ငွေကြေးကို ချက်ချင်းပေးလျော်ရမည်။