ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၁၉) ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်ကို ကြီးကြပ်ထိန်းကျောင်းခြင်း

ငွေပေးချေမှု စနစ်မူဝါဒ

၁၃၃။ (က) ဗဟိုဘဏ်သည် နိုင်ငံတော်၏ ငွေပေးချေမှု မူဝါဒအကောင်အထည်ဖော်ရေးကို စနစ်တကျ စီစဉ်ဖော်ထုတ်ခွင့်၊ ချမှတ်ကျင့်သုံးခွင့်နှင့် စောင့်ကြပ်ကြည့်ရှုခွင့် လုပ်ပိုင်ခွင့်များရှိသည်။

(ခ) လုံခြုံမှုနှင့် ထိရောက်မှုရှိသော ငွေပေးချေမှုစနစ် တိုးမြှင့်ဆောင်ရွက်ရေးတွင် ဗဟိုဘဏ်သည် အခြား နိုင်ငံများ၏ ဗဟိုဘဏ်များနှင့်ဖြစ်စေ၊ အဆင့်တူအဖွဲ့အစည်းများ၊ အခြားသက်ဆိုင်ရာ ပြည်တွင်းပြည်ပ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဖြစ်စေ ပူးပေါင်းဆောင်ရွက်ရမည်။

ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်များ

၁၃၄။ ဗဟိုဘဏ်သည် အောက်ပါတို့ကို ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်ရှိသည်-

(က) ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များကို စည်းမျဉ်းစည်းကမ်းသတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်း နှင့် စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ရန်၊

(ခ) ဗဟိုဘဏ်တွင် ထိန်းသိမ်းထားသော ငွေချေးသက်သေခံလက်မှတ် စာရင်းများရှိ ငွေချေးသက်သေခံ လက်မှတ်များအား စာရင်းရှင်းလင်းရေး ဆောင်ရွက်ရန်၊

(ဂ) အများပြည်သူထံ ငွေကြေးဝန်ဆောင်မှုပေးသူများနှင့် အခြားငွေပေးချေမှု စာချုပ်စာတမ်းပုံစံဖြင့် ထုတ်ပေးသူများအား စည်းမျဉ်းများသတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန်၊

(ဃ) အီလက်ထရောနစ်နည်းဖြင့် ချက်လက်မှတ်များတင်ပြခြင်းကို ဆောင်ရွက်ပေးရန်။

၁၃၅။ ဗဟိုဘဏ်သည် အောက်ပါတို့ကို တည်ထောင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ စည်းရုံးဖွဲ့စည်း ဆောင်ရွက်ခြင်းနှင့် တိုးမြှင့် ခြင်းတို့ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေရန် လိုအပ်သော လုပ်ငန်း တည်ထောင်မှု၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု၊ စည်းရုံး ဖွဲ့စည်းမှု၊ လုပ်ငန်းမြှင့်တင်မှု၊ ပါဝင်ဆောင် ရွက်မှု သို့မဟုတ် အကူအညီပေးမှုများပြုနိုင်ပြီး လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခြင်းနှင့် ကြီး ကြပ်ခြင်းတို့ပြုနိုင်သည်-

(က) ပြည်တွင်းငွေကြေးဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေဖြင့်လည်းကောင်း၊ ငွေပေးချေမှုများ ပြုလုပ်ခြင်း သို့မဟုတ် ငွေလဲလှယ်ခြင်းများအတွက် စာရင်းရှင်းလင်းခြင်းနှင့် ပေးချေမှုစနစ် သို့မဟုတ် အခြား အစီအစဉ်များ၊

(ခ) ငွေချေးသက်သေခံလက်မှတ်များ စာရင်းရှင်းလင်းခြင်းအတွက် စနစ်တစ်မျိုးမျိုးနှင့်ငွေချေး သက်သေခံလက်မှတ် လဲလှယ်ခြင်းအတွက် အခြားအစီအစဉ်များ၊

(ဂ) စာရင်းရှင်းလင်းခြင်းနှင့် ပေးချေမှုကို ငွေကြေးတစ်ခုမှ အခြားငွေကြေးတစ်ခုဖြင့်  ပြုလုပ်ခြင်းနှင့် လဲလှယ်ခြင်း သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ခြင်းကို ငွေကြေးတစ်မျိုးမှ အခြားငွေကြေးတစ်မျိုးဖြင့် ပြုလုပ်သောစနစ် သို့မဟုတ် အခြားအစီအစဉ်များ။

၁၃၆။ (က) ငွေပေးချေမှုအဖြစ် အသုံးပြုသော ချက်လက်မှတ်များနှင့် အီလက်ထရောနစ်နည်းလမ်းများ အပါအဝင်အခြား နည်းလမ်းများကို စာရင်းရှင်းလင်းရန်အလို့ငှာ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ စာရင်းရှင်းလင်း ရေးအဖွဲ့ (clearing house) များကို လိုအပ်သည့် နေရာ များတွင် ဖွဲ့စည်းတည်ထောင်နိုင်သည်။

(ခ) ဗဟိုဘဏ်သည် စာရင်းရှင်းလင်းရေးစနစ် (clearing and settlement system) နှင့် စာရင်းရှင်းလင်းရေးအဖွဲ့များ (clearing houses) နှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ ဆောင်ရွက်ချက်များ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဗဟိုဘဏ်က သတ်မှတ်သော စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ရန် အခွင့်အာဏာရှိသည်-

(၁) ဆုံးရှုံးမှုမျှဝေကျခံခြင်း (loss-sharing mechanism) အပါအဝင် ဗဟိုမှပြန်လှန် စာရင်းရှင်းလင်း သူ (Central counter-party) အဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊

(၂) ငွေရေးကြေးရေးရရန် ပိုင်ခွင့်များကို ထိန်းသိမ်းပေးသူအဖြစ်လည်းကောင်း သို့မဟုတ် စာရင်းရှင်း လင်းရေး ကိုယ်စားလှယ်အဖြစ်လည်းကောင်း ဆောင်ရွက်ခြင်း သို့မဟုတ် နှစ်ခုလုံးကို ဆောင်ရွက်ခြင်း၊

(၃) စာရင်းရှင်းလင်းရေးအဖွဲ့ (clearing house) မှဖြစ်စေ၊ ပါဝင်ဆောင်ရွက်သူမှ ဖြစ်စေ ၊ ဗဟိုမှ ပြန်လှန်စာရင်းရှင်းလင်းသူ မှဖြစ်စေ အပ်နှံငွေများ လက်ခံခြင်းနှင့် အတိုးပေးချေခြင်း၊

(၄) ပါဝင်ဆောင်ရွက်သူများအား နေ့ချင်းငွေကြေး လိုအပ်ချက်ပမာဏ ဖြည့်ဆည်းပေးခြင်း။

စာရင်းရှင်းလင်းခြင်းသဘောတူညီချက်စာချုပ်များ၏ တရားဝင်တည်ရှိမှု

၁၃၇။ ဗဟိုဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းသည် အသားတင်ရှင်းလင်းခြင်း သဘောတူ စာချုပ်တစ်ခုတွင် အဖွဲ့ဝင် အဖြစ်ပါဝင်ပါက ဗဟိုဘဏ်မှဖြစ်စေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းမှဖြစ်စေ ထိုသဘောတူစာချုပ်အား အကျိုးသက်ရောက်စေရန် ဆောင်ရွက်ရမည်။

၁၃၈။ ပေးချေခြင်း ဝန်ဆောင်မှုလုပ်ငန်းကို ပံ့ပိုးသူတွင် ငွေကြေးဝန်ဆောင်မှုပံ့ပိုးပေးသူ၊ ငွေပေးချေမှု စာချုပ်စာတမ်းထုတ်ဝေသူ များနှင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်လုပ်ငန်း ဆောင်ရွက်သူများ ပါဝင်သည်။

စာရင်းရှင်းလင်းခြင်းဆိုင်ရာ နည်းဥပဒေများ တရားဝင်တည်ရှိမှု

၁၃၉။ (က) စာရင်းရှင်းလင်းရေးအဖွဲ့ ပါဝင်ဆောင်ရွက်သူများ၊ ဗဟိုပြန်လှန်စစ်ဆေးရေး အဖွဲ့ဝင်များ သည် စာရင်းရှင်းလင်းရေးစနစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအားလိုက်နာရမည်။

(ခ) ပေးချေမှုတစ်ခုအတွက် အာမခံထားသည့်အပေါင်ပစ္စည်း သို့မဟုတ် သတ်မှတ်ထားသည့် စာရင်းရှင်းလင်းရေး စနစ်တွင် ဖြစ်ပေါ်သည့် ပေးရန်တာဝန်ရှိမှုကို ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်သူ၊ စာရင်းရှင်းလင်းရေးအဖွဲ့၊ ဗဟိုပြန်လှန် စစ်ဆေးရေး အဖွဲ့ဝင်များ သို့မဟုတ် ဗဟို ဘဏ်၏ အခွင့်အရေးနှင့် သက်သာခွင့်များသည် လူမွဲစာရင်းခံယူခြင်း တရားစွဲဆိုခြင်းကြောင့် ထိခိုက်မှု မရှိစေရ။ ထို့ပြင် ဆိုင်းငံ့ထားသည့် ပြဋ္ဌာန်းချက် တစ်ရပ်ရပ် သို့မဟုတ် အာမခံပစ္စည်းနှင့် စပ်လျဉ်း၍ မြီရှင်၏ ကျင့်သုံးနိုင်သည့် အခွင့်အရေးနှင့်သက်သာခွင့်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

အီလက်ထရောနစ်နည်းဖြင့် ချက်လက်မှတ်များတင်ပြခြင်း

၁၄၀။ (က) အီလက်ထရောနစ်နည်းဖြင့် စာရင်းသွင်း၍ရသည့် ချက်လက်မှတ်ဖြင့် ထုတ်ယူမည့် ငွေပေး ချေမှုအတွက် ဘဏ်သို့ အီလက်ထရောနစ်နည်းလမ်းဖြင့် ချက်လက်မှတ် တင်ပြနိုင်သည်။

(ခ) ပုဒ်မခွဲ (က)အရ ချက်လက်မှတ်ကို အီလက်ထရောနစ်နည်းဖြင့် တင်ပြရာတွင် ဘဏ်သည် အခြား ဘဏ် သို့မဟုတ် စာရင်းရှင်းလင်းရေးအဖွဲ့အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းပံ့ပိုးသူ တတိယပုဂ္ဂိုလ်မှ တစ်ဆင့် အားလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ ဆောင်ရွက်နိုင်သည်။ ယင်းဝန်ဆောင်မှုပေးသူ ကို ဘဏ်၏ ကိုယ်စားလှယ်အဖြစ် မှတ်ယူရမည်။

(ဂ) ချက်လက်မှတ်ပုံရိပ် သို့မဟုတ် အီလက်ရောနစ်နည်းဖြင့်  စာရင်းသွင်း၍ရသည့် ချက်လက်မှတ်ကို တရားရုံး တစ်ရုံးရုံးတွင် တင်ပြသည့် ချက်လက်မှတ်စာရွက်နှင့် တူညီသည်ဟု အသိအမှတ်ပြု လက်ခံရ မည်။

(ဃ) ရန်ပုံငွေလွှဲပြောင်းခြင်းကို ချက်လက်မှတ်ပုံရိပ် သို့မဟုတ် အီလက်ရောနစ်နည်းဖြင့် စာရင်းသွင်း၍ ရသည့် ချက်လက်မှတ်(truncated cheque) ဖြင့် တစ်ကြိမ်အစားထိုးပြီးလျှင် မူရင်းချက်လက်မှတ် ကို ထပ်မံ၍ လွှဲပြောင်းခြင်းမပြုနိုင်။

၁၄၁။ ဗဟိုဘဏ်သည် ငြင်းပယ်သည့် ချက်လက်မှတ်များ၊ ချက်လက်မှတ်ပုံရိပ်နှင့် ကိုင်တွယ်၍ရသည့် ချက်လက်မှတ်ကို ဆက်လက် ထိန်းသိမ်းထားခြင်း၊ အီလက်ထရောနစ်တင်ပြခြင်းနှင့် စပ်လျဉ်းသည့် စနစ်များနှင့် ဤအခန်းပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လိုအပ် သလို သတ်မှတ်နိုင်သည်။