ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၁၈) အီလက်ထရောနစ် ငွေကြေး၊ အီလက်ထရောနစ် ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းဘဏ်လုပ်ငန်း

၁၂၈။ အီလက်ထရောနစ် ငွေကြေး ဆိုသည်မှာ အောက်ပါနည်းလမ်းတစ်ရပ်ရပ်အရ ကတ်ထုတ်ဝေသူ အပေါ် တောင်းခံနိုင်သည့် ငွေကြေးတန်ဖိုးကို ဆိုသည်-

(က) ကတ်တစ်ခုခုအပါအဝင် ငွေကြေးတန်ဖိုး သိုမှီးထားသော အီလက်ထရောနစ် ကိရိယာ၊

(ခ) လက်ခံရရှိသည့် ငွေကြေးတန်ဖိုးထက်မပိုသည့် ထုတ်ပေးရန် ငွေပမာဏ၊

(ဂ) ကတ်ထုတ်ဝေသူ အပါအဝင် အခြားပုဂ္ဂိုလ်များက ငွေပေးချေမှု နည်းလမ်းအဖြစ် လက်ခံခြင်း။

အီလက်ထရောနစ်ငွေကြေးနှင့် ချေးငွေတိုကင်ထုတ်ဝေခြင်းနှင့် ဆိုင်သော ကန့်သတ်ချက်များ

၁၂၉။ (က) မည်သူမျှ အောက်ပါအချက်တစ်ရပ်ရပ်နှင့် မကိုက်ညီလျှင် အီလက်ထရောနစ် ငွေကြေးကို ဖြစ်စေ၊ ချေးငွေတိုကင်ကို ဖြစ်စေ အများပြည်သူသို့ ထုတ်ပေးခြင်းမပြုရ-

(၁) ဘဏ်တစ်ခုခုဖြစ်ခြင်း၊ သို့မဟုတ်

(၂) ၎င်း၏ရည်ရွယ်ချက်အတွက် ဗဟိုဘဏ်က မှတ်ပုံတင်ပြုလုပ်ပေးထားသည့် ငွေရေးကြေးရေး အဖွဲ့ အစည်းတစ်ခုခုဖြစ်ခြင်း။

(ခ) အီလက်ထရောနစ်ငွေကြေးနှင့် ချေးငွေတိုကင်အတွက် သုံးစွဲနိုင်သည့်ကာလနှင့် ၎င်းကို မည်သို့ ပြန်လည်ပေးဆပ်မည်ဟူသော စည်းကမ်းသတ်မှတ်ချက်များပါရှိသည့် အီလက်ထရောနစ်ငွေကြေးနှင့် ချေးငွေတိုကင်ထုတ်ပေးသူနှင့်  လက်ခံသူတို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်အရ အီလက် ထရောနစ်ငွေကြေးနှင့် ချေးငွေတိုကင်ကို ထုတ်ဝေနိုင်သည်။

အီလက်ထရောနစ်ငွေကြေးနှင့် ချေးငွေတိုကင်ကို ကြပ်မတ်ကွပ်ကဲခြင်း

၁၃၀။ ဗဟိုဘဏ်သည်-

(က) ပုဂ္ဂိုလ်တစ်ဦးက အီလက်ထရောနစ်ငွေကြေး သို့မဟုတ် ချေးငွေတိုကင်ကို အများပြည်သူထံ ထုတ် ပေးခြင်းမပြုနိုင်မီ ဗဟိုဘဏ်ထံတွင် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် စည်းကမ်းချက်များ၊ လိုအပ်ချက်များ နှင့် ဗဟိုဘဏ်က ယင်းမှတ်ပုံတင်ကို ဖျက်သိမ်းရမည့် သို့မဟုတ် ဖျက်သိမ်းနိုင်သည့် အခြေအနေကို သတ်မှတ်နိုင်သည်။

(ခ) အီလက်ထရောနစ် ငွေကြေးအသုံးပြုသူများ၏ ငွေကြေးလုံခြုံရေး၊ စာရင်းရေးသွင်းချက်နှင့် သတင်း ပေးပို့ချက်များ အပါအဝင် ကြပ်မတ်ကွပ်ကဲခြင်းဆိုင်ရာ လိုအပ်ချက်များကို သတ်မှတ်နိုင်သည်။

(ဂ) အီလက်ထရောနစ်ငွေကြေး သို့မဟုတ် ချေးငွေတိုကင်ကို ထုတ်ပေး၊ လက်ခံအသုံးပြုသည့် ပုဂ္ဂိုလ် များအကြား စာချုပ်စည်းကမ်းချက်များ၊ အစီအစဉ်များနှင့် ငွေပေးချေမှု လုပ်ထုံးလုပ်နည်းများကို ထုတ် ပြန်နိုင်သည်။

(ဃ) အီလက်ထရောနစ်ငွေကြေးလုပ်ငန်းကို စစ်ဆေးမှုလွယ်ကူစေရန် အီလက်ထရောနစ်ငွေကြေး သို့မဟုတ် ချေးငွေတိုကင် ထုတ်ဝေသူများအပေါ် စည်းမျဉ်းများ သတ်မှတ်နိုင်သည်။

၁၃၁။ အီလက်ထရောနစ်ငွေကြေး သို့မဟုတ် ချေးငွေတိုကင်ထုတ်ဝေသူ တစ်ဦးဦးသည် ဤဥပဒေ၏ ပြဋ္ဌာန်းချက်ကို သော်လည်းကောင်း၊ ဤဥပဒေပုဒ်မတစ်ခုခုအရ ထုတ်ပြန်သည့် စည်းမျဉ်းများကို သော်လည်းကောင်း ချိုးဖောက်လျှင် ဤဥပဒေအရ ပြစ်မှုမြောက်သည်။

အီလက်ထရောနစ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ

၁၃၂။ (က) ဗဟိုဘဏ်သည် နိုင်ငံတော်တွင် အင်တာနက်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ မိုဘိုင်းဘဏ် လုပ်ငန်းနှင့် အခြားအီလက်ထရောနစ် ဘဏ်လုပ်ငန်းများပါဝင်သော အီလက်ထရောနစ်ဘဏ် ဝန်ဆောင် မှုများအတွက် စနစ်များနှင့် လုပ်ထုံး လုပ်နည်းများ တည်ထောင်ဖွဲ့စည်းရေးအတွက် ခွင့်ပြုပေးနိုင်သည်။

(ခ) ဗဟိုဘဏ်သည် အောက်ပါတို့အတွက် လိုအပ်သောစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များကို ထုတ်ပြန် နိုင်သည်-

(၁) ငွေရေးကြေးရေးစျေးကွက် တည်ငြိမ်မှုကို အန္တရာယ်ရှိစေနိုင်သော သို့မဟုတ် ငွေပေးချေမှုစနစ်တွင် ယုံကြည်မှု လျော့နည်းစေနိုင်သည့် စနစ်ဆိုင်ရာဆုံးရှုံးနိုင်ခြေများနှင့် အခြားဆုံးရှုံးနိုင်ခြေများကို လျော့ နည်းပပျောက်စေရန်၊

(၂) ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများအား ၎င်းတို့၏ အခွင့်အရေးနှင့်တာဝန်များကို ပညာပေးရေး နှင့် အကာအကွယ်ပေးရေးအတွက် အဖွဲ့အစည်းများအား အားပေးတိုက်တွန်းရန်၊

(၃) အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းများထံ အီလက်ထရောနစ်ဝန်ဆောင်မှုများမှတစ်ဆင့် ထိရောက်ပြီး ဆုံးရှုံးနိုင်ခြေနည်းပါးသည့် ငွေပေးချေမှုနှင့် ငွေကြေးဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာ စေရန်၊

(၄) အဖွဲ့အစည်းများသည် အီလက်ထရောနစ် ဘဏ်ဝန်ဆောင်မှုများဆိုင်ရာ စံသတ်မှတ်ချက်များကို  လိုက်နာဆောင်ရွက်စေရန်၊

(၅) အီလက်ထရောနစ် ဘဏ်ဝန်ဆောင်မှုများ ဖွဲ့စည်းတည်ထောင်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် လုပ်ငန်းစဉ်များ သတ်မှတ်ရန်။