ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၁၇) ဘဏ်များအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ဘဏ်အားလုပ်ငန်းဆောင်ရွက်ခြင်းမှ ဆန္ဒအလျောက် ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် ကြိုတင်အတည်ပြုချက်

၁၁၃။ (က) ဗဟိုဘဏ်၏ စာဖြင့်ရေးသားထားသော အတည်ပြုချက်မရှိဘဲ ဘဏ်တစ်ခု၊ လက်ရှိ စာရင်း ရှင်းလင်းဖျက်သိမ်းမည့် ဘဏ်တစ်ခုအား ဆန္ဒအလျောက်ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း အတွက်မည်သူမျှ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားခွင့် မရှိစေရ။

(ခ) အောက်ပါအချက်များအား ကျေနပ်မှုမရှိလျှင် ပုဒ်မခွဲ (က)အရ အတည်ပြုချက်အား ဗဟိုဘဏ်က ခွင့်မပြုရ-

(၁) စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်က ကြွေးမြီများအားလုံးကို ပြန်လည် ပေးဆပ်နိုင်စွမ်းရှိပြီး ငွေအပ်နှံသူများနှင့် မြီရှင် များသို့ နှောင့်နှေးမှုမရှိဘဲ ပြန်လည် ပေးဆပ်နိုင်ခြင်း၊

(၂) ဘဏ်လုပ်ငန်း အစုရှယ်ယာရှင်များ၏ အစည်းအဝေးတစ်ခုတွင် မဲပေးပိုင်ခွင့်ရှိသော ရှယ်ယာ ပိုင်ရှင်များ၏ လေးပုံသုံးပုံထက် မနည်း ကိုယ်စားပြုထားသည့် သဘောတူညီချက်တစ်ခုအရ စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်အား ရပ်စဲခြင်း နှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းအား အတည်ပြုပြီးဖြစ်ခြင်း။

(ဂ) အစိုးရအဖွဲ့၏ အတည်ပြုချက်မပါဘဲ ပြည်တွင်းလိုင်စင်ရ နိုင်ငံတော်ပိုင် ငွေရေးကြေးရေး အဖွဲ့ အစည်းတစ်ခုအား ရပ်စဲခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကို နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်း၏ စီမံ အုပ်ချုပ်သူက စာဖြင့်ရေးသားထားသည့် တောင်းဆိုချက်မပါဘဲ နိုင်ငံတော်အတွင်း ပြည်ပငွေရေးကြေး ရေး အဖွဲ့အစည်းတစ်ခု၏ ဌာနခွဲအား စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း။

ဆန္ဒအလျောက် ဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် စည်းကမ်းချက်များ

၁၁၄။ (က) ပုဒ်မ ၁၁၃၊ ပုဒ်မခွဲ (ခ) နှင့် (ဂ)တို့အရ အတည်ပြုချက်တစ်ခုအား ဗဟိုဘဏ်မှ ခွင့်မပြုသေးမီ အဆိုပါဆန္ဒအလျောက် လုပ်ငန်းရပ်စဲမည့် စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်သည် အောက်ပါတို့ကို ပြီးစီးအောင် ဆောင်ရွက်ရမည်-

(၁) ဘဏ်တွင် အပ်နှံထားသည့်ငွေများကို ငွေအပ်နှံသူများသို့ ပြန်လည်ထုတ်ပေးပြီး ဖြစ်ရမည်။

(၂) ဤဥပဒေအရ ပေါ်ပေါက်သည့် ငွေရေးကြေးရေး ပေးရန်တာဝန်များနှင့် ဆောင်ရွက်ရမည့်  တာဝန် ဝတ္တရားများ အားလုံးကို ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်းနှင့် ယင်း၏ ယုံမှတ်အပ်နှံခြင်းဆိုင်ရာ လုပ်ပိုင် ခွင့်အရ ၎င်းထံတွင်ရှိသည့် ငွေနှင့် အခြားပစ္စည်းများ အားလုံးကို ပြန်လည်ပေးအပ်ပြီး ဖြစ်ရမည်။

(ခ) ပုဒ်မခွဲ (က)အရ လိုအပ်ချက်များအပြင် စာရင်းရှင်းလင်းဖျက်သိမ်းမည့်ဘဏ်သည်-

(၁) ဆောင်ရွက်နေဆဲ လုပ်ငန်းအားလုံးအား ဖျက်သိမ်းပြီး ဖြစ်ရမည်။

(၂) စာရင်းရှင်းလင်းဖျက်သိမ်းရန်ဖြစ်သည့် ဆောင်ရွက်ဆဲစီးပွားရေးလုပ်ငန်းများ အားလုံးအား ဖျက် သိမ်းပြီး အစီအစဉ်တကျ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းအား အကျိုးသက်ရောက်မှုရှိစေမည့် လိုအပ် သည့် အခွင့်အာဏာကိုသာလျှင် ကျင့်သုံးရမည်။

(ဂ) ဗဟိုဘဏ်သည် စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်နှင့် ခွင့်ပြုချက်ရရှိအောင် ဆောင်ရွက်နေသော လူပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သည့် အစီရင်ခံစာများ စာရွက်စာတမ်းများ ဖျက်သိမ်းခြင်းနှင့် စာရင်းရှင်း လင်းဖျက်သိမ်းခြင်း စီမံချက်အပါအဝင် အခြားသောသတင်းအချက်အလက်များကို တောင်းဆိုနိုင်သည်။

(ဃ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က) ပါ လိုအပ်ချက်များကို ဖြည့်ဆည်းပြီးဖြစ်ကြောင်း သေချာမှု ရှိစေရန် အတွက် ခွင့်ပြုချက် ရရှိအောင် ဆောင်ရွက်နေသော လူပုဂ္ဂိုလ်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ် တို့ထံသို့ ညွှန်ကြားချက် ထုတ်ပြန်နိုင်သည်။

(င) စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်တစ်ခုသည် ပုဒ်မ ၁၁၃ နှင့် ဤပုဒ်မပါ လိုအပ်ချက်များအား မဖြည့်ဆည်းနိုင်လျှင် ဗဟိုဘဏ်သည် ဤဥပဒေပုဒ်မ ၉၇အရ အုပ်ချုပ်သူတစ်ဦးအား ခန့်အပ်ရမည်။

မိမိဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို အကြောင်းကြားခြင်း

၁၁၅။ (က) စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်သည် ဖျက်သိမ်းခြင်း သို့မဟုတ် မိမိဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းတို့အတွက် အောက်ပါအတိုင်း အကြောင်းကြားစာ ပေးပို့ရမည်-

(၁) ဗဟိုဘဏ်မှ ပုဒ်မ ၁၁၃ အရ အတည်ပြုချက် လက်ခံရရှိပြီး ၁၄ရက်အတွင်း ကုမ္ပဏီမှတ်ပုံတင် အရာရှိထံသို့ ပေးပို့ရန်၊

(၂) ငွေအပ်နှံသူများအားလုံးနှင့် အခြားမြီရှင်များအပြင် အခြားနည်းအားဖြင့် ဘဏ်တွင် ယုံမှတ်အပ်နှံ ထားသည့် ငွေနှင့်အခြား ပစ္စည်းများကို ပြန်လည်လက်ခံရယူရမည့်သူများ၊ လုံခြုံမှုအရ အပ်နှံထားသည့် သေတ္တာကို ငှားရမ်းထားသူများ သို့မဟုတ် ယုံမှတ် အပ်နှံထားသူများထံသို့ ပေးပို့ရန်၊

(၃) ဘဏ်မှ ငွေးချေယူထားသော မြီစားများကို မိမိတို့၏ ချေးယူငွေများအား အမြန်ဆုံး ပြင်ဆပ်နိုင် ရေးအကြောင်းကြားစာ ပေးပို့ရန်၊

(၄) နိုင်ငံတော်အတွင်း အများပြည်သူသိရှိနိုင်ရန် သတင်းစာတွင် တစ်ကြိမ် ထုတ်ပြန်ကြေညာရမည်။

(၅) ဘဏ်လုပ်ငန်း အဓိကနေရာနှင့် အခြားရုံးများရှိ အများမြင်သာသည့် နေရာတွင် ကြေညာထားရန်၊

(ခ) ပုဒ်မခွဲ (က)တွင် ရည်ညွှန်းသည့် အကြောင်းကြားစာတွင် ပါရှိရမည့် သတင်းအချက်အလက်များကို ဗဟိုဘဏ်က သတ်မှတ်ပေးရမည်။

(ဂ) ဗဟိုဘဏ်သည် အောက်ပါအချက်တစ်ရပ်ရပ်ကို တွေ့ရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်က ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)အရ ပုဂ္ဂိုလ်တစ်ဦးဦးထံ အကြောင်းကြားစာ ပေးပို့ခြင်းမှ ကင်းလွတ်ခွင့်ပြု နိုင်သည်-

(၁) ထိုသို့ပြုလုပ်ရန် လက်တွေ့မကျကြောင်း၊

(၂) ထိုပုဂ္ဂိုလ်သည် ဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍  အခြားသော နည်းဖြင့် လုံလောက်သည့် သတိပေးစာ ရရှိပြီးဖြစ်ကြောင်း။

မြီရှင်များ၏ အခွင့်အရေးများ

၁၁၆။ (က) ဖျက်သိမ်းခြင်း သို့မဟုတ် ဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းအား စတင်ရန် အတည်ပြုချက်သည် စာရှင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်တစ်ခု၏ ငွေအပ်နှံသူ သို့မဟုတ် အခြား သော မြီရှင်သို့ပေးချေရမည့် တောင်းခံမှုများအားလုံးအား တောင်းခံခွင့်များ သို့မဟုတ် ဘဏ်တွင်ထိန်း သိမ်း ထားသည့်ငွေ သို့မဟုတ် အခြားပစ္စည်းပိုင်ရှင်၏ လုပ်ပိုင်ခွင့်များအား ထိခိုက်နစ်နာစေခြင်း မရှိစေရ။

(ခ) ဥပဒေနှင့်အညီ တောင်းခံမှုများအား ချက်ချင်းပေးရမည်ဖြစ်ပြီး စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်က ထိန်းသိမ်းထားသည့်ငွေ သို့မဟုတ် အခြားပစ္စည်းများအား ဗဟိုဘဏ်က သတ်မှတ်ပေးသည့် အမြင့်ဆုံးကာလအတွင်း ပိုင်ဆိုင်ခွင့်ရှိသူ ပိုင်ရှင်ထံ ပြန်လည် ပေးရမည်။

လိုင်စင်အား ဖျက်သိမ်းခြင်းနှင့် ရရန်ပိုင်ခွင့်များအား ခွဲဝေခြင်း

၁၁၇။ (က) ဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း ပြီးစီးပါက အဆိုပါ စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်သည် စာရင်းစစ်ဆေးပြီး ရှင်းတမ်းတစ်ခုနှင့် ပြင်ပစာရင်းစစ်၏ ထင်မြင်ချက် ပါဝင်သော အတည်ပြုပြီး ဘဏ်ကလက်ခံသည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အစီရင်ခံစာ တစ်စောင် ကို ပြင်ဆင်၍ ဗဟိုဘဏ်သို့ တင်ပြရမည်။

(ခ) ပုဒ်မခွဲ (က)အရ တင်ပြထားသည့် စာရင်းစစ် ထင်မြင်ယူဆချက်တွင် အောက်ပါတို့ ပါဝင်ရမည်-

(၁) စာရင်းများသည် ပြည့်စုံမှန်ကန်စွာရေးဆွဲ ပြုစုထားကြောင်း၊

(၂) ဖျက်သိမ်းခြင်း သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း အစီရင်ခံစာသည် စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်၏ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းကို ပြည့်စုံမျှတ၍ သင့်တင့်လျောက်ပတ်စွာ ဖော်ပြထားကြောင်း၊

(၃) ပြင်ပစာရင်းစစ်သည် စာရင်းရှင်းလင်း ဖျက်သိမ်းမည့်ဘဏ်ထံမှ သတင်းအချက်အလက် သို့မဟုတ် ရှင်းလင်းချက် တောင်းခံရာတွင် လက်ခံရရှိသည့် သတင်းအချက်အလက် သို့မဟုတ် ရှင်းလင်းချက်များသည် တိကျမှန်ကန်စွာ ဖော်ပြထားကြောင်း၊

(၄) ဖျက်သိမ်းခြင်းနှင့် ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဗဟိုဘဏ်၏ ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ထားကြောင်း၊

(ဂ) လက်ရှိစာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်က ပုဒ်မ ၁၁၄ တွင် ရည်ညွှန်းထားသည့်အတိုင်း ၎င်း၏ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် တာဝန်များအားလုံးကို ပုဒ်မခွဲ (က) အရ တင်ပြရမည့် အထောက် အထားများအပေါ် အခြေခံထားသည်ဟု ဗဟိုဘဏ်က ယူဆလျှင်-

(၁) ဗဟိုဘဏ်သည် စာရင်းရှင်းလင်းဖျက်သိမ်းမည့်ဘဏ်၏ လိုင်စင်အား ဖျက်သိမ်း၍ ဤဥပဒေ ပုဒ်မ ၁၁၅၏ ပြဋ္ဌာန်းချက်များ နှင့်အညီ ဖျက်သိမ်းမှုအား အကြောင်းကြားရမည်။

(၂) ဘဏ်သည် ရရန်ပိုင်ခွင့်အမှန်ရှိသော ပိုင်ရှင်များအား ၎င်းတို့၏ ရရန်ပိုင်ခွင့်များကို ၎င်းတို့ရရှိရ မည့်အချိုးအတိုင်း ခွဲဝေပေးရမည်။

(ဃ) စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်သည် အောက်ဖော်ပြပါ ကိစ္စရပ်များ မဆောင်ရွက်မီ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) အရ ခွဲဝေမှုများကို မပြုလုပ်ရ-

(၁) တရားရုံးက ဆုံးဖြတ် သတ်မှတ်ချက်အရ ပေးချေရမည့် သို့မဟုတ် ပြန်လည်ပေးရမည့်ငွေများ သို့မဟုတ် အခြားပစ္စည်းများ နှင့် စပ်လျဉ်း၍ အငြင်းပွားနေသည့် တောင်းခံမှုများကို ဖြည့်ဆည်းရန် လုံလောက်သော ငွေကြေးအား ဗဟိုဘဏ်သို့ လွှဲပြောင်းပေးပို့ခြင်း၊

(၂) ငွေအပ်နှံသူများအားလုံး၊ အခြားမြီရှင်များ သို့မဟုတ် ရန်ပုံငွေများတောင်းခံခြင်း မပြုရသေးသည့် ပုဂ္ဂိုလ်များအား ပေးရန်ရှိသည့် ရန်ပုံငွေများကိုပေးရန် ဗဟိုဘဏ်သို့ လွှဲပြောင်းပေးပို့ခြင်း၊

(၃) ပုဒ်မ ၁၅၂ ကို လိုက်နာဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်က ထိန်းသိမ်းထားသည့် ငွေများနှင့် အခြားပစ္စည်းများကို ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂)အရ အဆိုပါပုဂ္ဂိုလ် များသို့ ခွဲဝေနိုင်မှုမရှိခြင်း။

(င) ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဘဏ်၏ ရရန်ပိုင်ခွင့်များမှ ကုန်ကျစရိတ်၊ တောင်းခံငွေနှင့် အသုံးစရိတ်အားလုံး ဦးစားပေး ပေးချေရမည်။

(စ) ပုဒ်မခွဲ (က)အရ တင်ပြထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အစီရင်ခံစာနှင့် စာရင်းစစ်ထား သည့် စာရင်းရှင်း တမ်းများအတွက် အတည်ပြုကြောင်း သတိပေးစာတစ်ခုအား စာရင်းရှင်းလင်းဖျက် သိမ်းမည့် ဘဏ်ထံမှ လက်ခံရရှိသောအခါ စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်သည် ယင်းသတိပေးစာ အား အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာရမည်။

(ဆ) ပုဒ်မခွဲ (စ) အရ ထိုကဲ့သို့ အတည်ပြု သတိပေးစာအား ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီများ ၏ မှတ်ပုံတင်အရာရှိထံတွင် ကုမ္ပဏီအမည်အား စာရင်းမှ ပယ်ဖျက်ရမည်။

(ဇ) ပုဒ်မခွဲ (စ)အရ သတိပေးစာ ထုတ်ပြန်သည့်အချိန်မှစ၍ ဘဏ်သည် တရားဝင်ဖျက်သိမ်းပြီး ဖြစ်ရ မည်။

(ဈ) ပုဒ်မခွဲ (ဆ) အရ ဘဏ်တစ်ခုအား ဖျက်သိမ်းခြင်းသည် ဘဏ်၏ ပိုင်ရှင်၊ ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ် သို့မဟုတ် အခြားသောအရာရှိတစ်ဦးဦးနှင့်  စပ်လျဉ်း၍ ဤဥပဒေနှင့်တည်ဆဲဥပဒေ တစ် ရပ်ရပ်အရ သို့မဟုတ် ဤဥပဒေအရပေးရန် တာဝန်ရှိသည်များအပေါ် အကျိုးသက်ရောက်မှု မရှိစေရ။ သို့ရာတွင် အဆိုပါပေးရန် တာဝန်ကိုဘဏ်အား တရားဝင်ဖျက်သိမ်းမှု မပြုရသေးသကဲ့သို့ ဆက်လက် အကျိုးသက်ရောက်မှု ရှိစေရမည်။

မဖြစ်မနေ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၁၁၈။ ဗဟိုဘဏ်သည် အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် ဘဏ်တစ်ခုခုအား မဖြစ်မနေ စာရင်းရှင်းလင်းဖျက်သိမ်း ရန်ဆောင်ရွက်ရမည်-

(က) ဘဏ်သည် ပေးချေရန် အချိန်စေ့ရောက်သည့် ငွေရေးကြေးရေး ပေးရန်တာဝန်များကို ပြန်လည် မပေးဆပ်နိုင်ခြင်း၊

(ခ) ဘဏ်လုပ်ငန်း၏ မတည်ငွေရင်းသည် ဤဥပဒေအရ ဘဏ်က ထိန်းသိမ်းထားရှိရသည့် အနည်းဆုံး မတည်ငွေရင်း၏ ထက်ဝက်အောက် လျော့နည်းနေသည်ဟု ဗဟိုဘဏ်က သတ်မှတ်ဆုံးဖြတ်ခြင်း၊

(ဂ) ဘဏ်၏ ရရန်ပိုင်ခွင့်တန်ဖိုးသည် ကြွေးမြီတန်ဖိုးအောက် လျော့နည်းနေခြင်း သို့မဟုတ် ဘဏ်သည် ကြွေးမြီပေးဆပ်နိုင်စွမ်း မရှိဟု ဗဟိုဘဏ်က သတ်မှတ်ဆုံးဖြတ်ခြင်း၊

(ဃ) ပုဒ်မ ၉၇ အရ ခန့်ထားသည် အုပ်ချုပ်သူက ဘဏ်အား စာရင်းရှင်းလင်းဖျက်သိမ်းရန် အကြံပြုခြင်း။

စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ကိစ္စရပ်များတွင် ဘဏ်ပိုင်ဆိုင်သူများ၏ ကိုယ်စားလှယ်

၁၁၉။ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ကိစ္စရပ်များတွင် ဘဏ်ပိုင်ဆိုင်သူများ၏ ကိုယ်စားလှယ်အဖြစ် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များက ဆောင်ရွက်နိုင်သည်-

(က) နိုင်ငံပိုင်ဘဏ် မဟုတ်သည့် ပြည်တွင်းဘဏ် တစ်ခုအတွက် ဘဏ်ပိုင်ဆိုင်သူများက ၎င်းတို့၏ ကိုယ်စားလှယ်အဖြစ် အခြားပုဂ္ဂိုလ်တစ်ဦးအား ခန့်အပ်ထားခြင်းမရှိပါက ဘဏ်ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌရာထူးအား လက်ရှိဆောင်ရွက်နေသူ သို့မဟုတ် ၎င်းက အခွင့်အာဏာ အပ်နှင်းထားသည့် ကိုယ်စားလှယ်၊

(ခ) နိုင်ငံပိုင်ဘဏ်တစ်ခုအတွက် အစိုးရအဖွဲ့ သို့မဟုတ် ၎င်းဘဏ်က အခွင့်အာဏာအပ်နှင်းခြင်း ခံရသူ၊

(ဂ) နိုင်ငံခြားဘဏ်တစ်ခု၏ လက်အောက်ခံဘဏ် သို့မဟုတ် ဘဏ်ခွဲတစ်ခုအတွက် နိုင်ငံခြားဘဏ်၏ အမှုဆောင်အရာရှိချုပ် သို့မဟုတ် ၎င်း၏လက်ထောက်။

စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်ရန်အတွက် လျှောက်ထားခြင်း

၁၂၀။ ဗဟိုဘဏ်သည် ဘဏ်အား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားနိုင်သည်။

လျှောက်ထားခြင်းအား ပယ်ချခြင်း

၁၂၁။ ဘဏ်စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းအား လျှောက်ထားသည့်စာသည် အောက်ပါအကြောင်း တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ပယ်ချနိုင်သည်-

(က) ပုဒ်မ ၁၁၈၊ ပုဒ်မခွဲ (က)နှင့် သက်ဆိုင်သည့် အကြောင်းအချက်များ မပါရှိခြင်း၊

(ခ) စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်ရန် လိုအပ်သော အထောက်အထားများ လျှောက်လွှာတွင် ပူးတွဲ တင်ပြမှုမရှိခြင်း၊

(ဂ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်လွှာနှင့်အတူ ပူးတွဲ တင်ပြသည့် စာတမ်းအမှတ်အသား သို့မဟုတ် အထောက်အထားသည် မှားယွင်းကြောင်း ထင်ရှားခြင်း သို့မဟုတ် တိကျခိုင်မာမှုမရှိခြင်းနှင့် ဥပဒေအရ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည့် အထောက် အထားနှင့် စာတမ်းအမှတ်အသားများ လျှောက်လွှာတွင် ပူးတွဲမပါရှိခြင်း၊

(ဃ) ဘဏ်ပိုင်ဆိုင်သူများ၏ ကိုယ်စားလှယ်သည် ဗဟိုဘဏ်၏ သဘောတူညီချက်ဖြင့် လုံလောက်သော ငွေကြေးရန်ပုံငွေကို ဘဏ်အနေဖြင့် မတည်ရင်းနှီးငွေအဖြစ် ချက်ချင်းရရှိနိုင်မည်ဖြစ်ကြောင်း တင်ပြနိုင် ခြင်း၊

(င) လျှောက်လွှာသည် နိုင်ငံတော်အစိုးရပိုင် ပြည်တွင်းဘဏ်တစ်ခုအတွက်ဖြစ်ပါက ဘဏ်၏ပေးရန် တာဝန်များအားလုံးကို ပေးချေမည်ဖြစ်ကြောင်း စာဖြင့်ရေးသားထားသည့် အာမခံစာကို တင်ပြခြင်း၊

(စ) လျှောက်လွှာသည် ဥပဒေ၏ အခြားသော လိုအပ်ချက်တစ်ရပ်ရပ်ကို မဖြည့်ဆည်းနိုင်ခြင်း။

စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိခန့်အပ်ခြင်း

၁၂၂။ ဘဏ်တစ်ခုအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းစတင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်၏ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်သည် ဗဟိုဘဏ်ကို ဖြစ်စေ၊ ဗဟိုဘဏ်က အမည်စာရင်းပေးသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပုဂ္ဂိုလ်များကိုဖြစ်စေ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် ခန့်အပ်ရမည်။

ညှိနှိုင်းထားသည့် စာရင်းရှင်းလင်းခြင်း

၁၂၃။ (က) ဘဏ်အား စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ဗဟိုဘဏ်၏ ကြိုတင်သဘောတူညီချက်ရယူ၍ ဘဏ်၏ မြီစား၊ မြီရှင်တစ်ဦးဦး၏ တောင်းဆိုလွှာများ အပေါ်တွင် ညှိနှိုင်းထားသည့် စာရင်းရှင်းလင်းခြင်းများကို ပြုလုပ်ဆောင်ရွက်နိုင်သည်။

(ခ) စာရင်းရှင်းလင်းချက်များကို ဆန့်ကျင်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် အယူခံဝင်ခြင်းများ အရ မဖြစ်စေရ။

ဦးစားပေးရမည့် ပေးချေမှုများ

၁၂၄။ ဘဏ်၏ ရရန်ပိုင်ခွင့်များကို အောက်ပါဦးစားပေးအစီအစဉ်အရ မြီရှင်များအကြား ခွဲဝေပေးရမည်-

(က) အာမခံဖြင့် ကြွေးမြီများ၊

(ခ) လူမွဲစာရင်းခံယူရာတွင် ကုန်ကျငွေနှင့် စရိတ်အားလုံး၊

(ဂ) ကြွေးမြီသက်သေခံလက်မှတ်များပုံစံဖြင့် မဟုတ်ဘဲ အပ်နှံငွေနှင့် ပတ်သက်၍ တောင်းခံမှုများ၊

(ဃ) စီမံခန့်ခွဲခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ဗဟိုဘဏ်သို့ ပေးရန်ရှိသော ပေးရန်တာဝန်များ စာရင်း အရ ဘဏ်၏ ပေးရန်တာဝန်များ၊

(င) စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အဆုံးအဖြတ်မတိုင်မီ တစ်နှစ်ထက်မပိုသော အချိန်ကာလ တစ်ခုထိ ပေးရန်ရှိသော နိုင်ငံတော်နှင့် ပြည်တွင်းအခွန်အခများ၊

(စ) ဒါရိုက်တာအဖွဲ့ဝင်များ၏ လစာငွေများမပါဝင်ဘဲ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ကိစ္စရပ်ပြုလုပ် ရန် အဆုံးအဖြတ်ပေးသော နေ့အထိ ပေးရန်ရှိသော ဘဏ်၏ ဝန်ထမ်းများသို့ ပေးရန်လစာငွေများ၊

(ဆ) အာမခံမဲ့မြီရှင်များ၏ တောင်းခံငွေများ၊

(ဇ) ပုဒ်မခွဲ (က) မှ (စ)တွင် မပါဝင်သော အခြားတောင်းခံငွေများ။

နယ်စပ်ဖြတ်ကျော် ကြွေးမြီများကို ပြန်လည်ပေးဆပ်နိုင်စွမ်းမရှိခြင်း

၁၂၅။ (က) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို နယ်စပ်ဖြတ်ကျော် ဆောင်ရွက်ရာတွင် ဘဏ်၏ ရရန်ပိုင် ခွင့်စုစုပေါင်းကို ပြည်တွင်းနေထိုင်သူနှင့် ပြည်တွင်းနေထိုင်သူ မဟုတ်သူ မြီရှင်များ တန်းတူအခွင့်အရေး ရရှိအောင် ဆောင်ရွက်ရန်အလို့ငှာ-

(၁) စာရင်းရှင်းလင်းဖျက်သိမ်းသည့် ဘဏ်သည် နိုင်ငံခြားတိုင်းပြည်တွင် လုပ်ငန်းခွဲရှိလျှင် ထိုနိုင်ငံရှိ အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်ရမည်။

(၂) စာရင်းရှင်းလင်းဖျက်သိမ်းသည့် ဘဏ်၏ မြီရှင်တစ်ဦးသည် နိုင်ငံခြားတိုင်းပြည်တွင် ထိုသူ၏ တောင်းခံလွှာအပေါ် တစ်စိတ်တစ်ပိုင်းပေးချေမှု ရရှိထားလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အစီအစဉ်လုပ်ဆောင်ရာတွင် ကျသင့် သော ကုန်ကျစရိတ်များနှင့်အတူ ပေးချေမှုအတွက် ထိုသူ တောင်းခံလွှာ၏ လက်ကျန်ရှင်းတမ်းကို တင်ပြရမည်။

(၃) မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်ခွဲနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်မှ ဆောင်ရွက်သော စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ဆောင်ရွက်မှုတွင် နိုင်ငံခြားဘဏ် ခွဲသည် နိုင်ငံခြားတွင် ကြွေးမြီများ မည်သည့်အတိုင်းအတာအထိ အပြည့်အဝပေးဆပ်နိုင်ခြင်းရှိသည် ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် မှ ဆုံးဖြတ်နိုင်သည်။

(၄) နိုင်ငံခြားဘဏ်ခွဲသည် ၎င်း၏လုပ်ငန်း အဓိကဆောင်ရွက်သောနိုင်ငံတွင် စာရင်းရှင်းလင်းဖျက် သိမ်းလျှင် နိုင်ငံခြားဘဏ်ခွဲ အနေဖြင့် မြန်မာနိုင်ငံတွင် အပ်နှံသူများနှင့် ထိုနိုင်ငံခြားဘဏ်ခွဲ၏ မြီရှင်များ အကျိုးစီးပွားအတွက် အကြံဉာဏ်များ ပေးနိုင်ပြီး မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်ခွဲ၏ အဆိုပါရရန်ပိုင် ခွင့်များကို ထိုနိုင်ငံရှိ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ နိုင်ငံခြားဘဏ်ခွဲ၏ တောင်းဆိုချက် ဖြင့်လွှဲပြောင်းရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်မှ အခွင့်အာဏာ ပေးနိုင်သည်။

(ခ) နိုင်ငံခြားဘဏ်ခွဲ၏ ပြည်တွင်းနေထိုင်သူ မဟုတ်သူ မြီရှင်များ၏ တောင်းခံလွှာများ၊ ပေးရန် တာဝန်များကို ခုနှိမ်ခြင်း သို့မဟုတ် အသားတင်ခြားနားခြင်း ဆောင်ရွက်နိုင်ခွင့် မရှိသကဲ့သို့ နိုင်ငံခြား ဘဏ်ခွဲကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတွင် လည်း ပါဝင်ခွင့်မပြုရ။

(ဂ) မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်ခွဲအပေါ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ဆောင်ရွက်ရာတွင် ၎င်း ဘဏ် ခွဲကို ပိုင်ဆိုင်သည့် နိုင်ငံခြားဘဏ်ခွဲ၏ မြီရှင်များ၏ တောင်းခံလွှာများအတွက် ပြည်ပရရန် ပိုင်ခွင့်များ ရယူခြင်း၌ မြီရှင်များ၏ အခွင့်အရေးများကို ကန့်သတ်ခြင်းမရှိစေရ။

၁၂၆။ ဗဟိုဘဏ်သည် အောက်ပါတို့ကို သတ်မှတ်နိုင်သည်-

(က) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊

(ခ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ တာဝန်နှင့် စည်းမျဉ်းစည်းကမ်းများ၊

(ဂ) နောက်ဆုံးငွေပေးချေခြင်း၊ ရှင်းလင်းခြင်းနှင့် ညှိနှိုင်းဖြေရှင်းခြင်း စနစ်များ၊

(ဃ) ခုနှိမ်ခြင်းနှင့် အသားတင်ခြားနားခြင်း လုပ်ငန်းစဉ်များ၊

(င) ဖြန့်ဝေခြင်းအတွက် လုပ်ငန်းစဉ်များ၊

(စ) နိုင်ငံခြားဘဏ်ခွဲနှင့် သက်ဆိုင်သည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း လုပ်ငန်းစဉ်၊

(ဆ) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို ရပ်စဲခြင်း။

၁၂၇။ (က) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊ အထူးကုမ္ပဏီအက်ဥပဒေနှင့် ကုမ္ပဏီများ လူမွဲခံယူ ခြင်းနှင့် သက်ဆိုင်သော အခြားဥပဒေ၏ ပြဋ္ဌာန်းချက်များသည် ဤအခန်းတွင် သတ်မှတ်ပြဋ္ဌာန်းထား ခြင်းမရှိလျှင် ဘဏ်တစ်ခုအား အကျိုးသက်ရောက် ခြင်း မရှိစေရ။

(ခ) ဘဏ်တစ်ခုအတွက် အပြီးသတ်အမိန့် သို့မဟုတ် ထိန်းသိမ်းသူ ခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် မည်သည့် အသနားခံစာ ကိုမဆို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကသာ  သက်ဆိုင်ရာ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားတင်ပြရမည်။