ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၁၅) ဘဏ်အား ပြန်လည်ထူထောင်ခြင်း

ဗဟိုဘဏ်၏ အရေးယူဆောင်ရွက်နိုင်မှု

၁၀၄။ (က) ဗဟိုဘဏ်သည် ဘဏ်အား အုပ်ချုပ်သူ၏ ထိန်းချုပ်ကွပ်ကဲမှုအောက်တွင် ထားရှိသည့်နေ့မှ တစ်နှစ်အတွင်း သက်ဆိုင်ရာဘဏ်၏ ငွေစာရင်းများကို စာရင်းစစ်ခြင်း သို့မဟုတ် စာရင်းစစ် ဆေး စေခြင်း ပြုလုပ်ရမည်။

(ခ) ဗဟိုဘဏ်သည် အုပ်ချုပ်သူနှင့် စာရင်းစစ်တို့၏ အစီရင်ခံစာကို အခြေခံ၍ အောက်ပါအရေးယူ ဆောင်ရွက်မှု တစ်ရပ်ရပ်ကို ဆောင်ရွက်နိုင်သည်-

(၁) ပုဒ်မ ၉၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁၈)အရ ပြုလုပ်သည့်ဘဏ်၏ ဒါရိုက်တာအဖွဲ့အား ရာထူးရပ် ဆိုင်းထားခြင်းမှ ကင်းလွတ်စေနိုင်သည်။ ထို့အပြင် ဒါရိုက်တာအဖွဲ့အား ရပ်ဆိုင်းထားသော ဘဏ်၏ လုပ်ငန်းများကို ပြန်လည်ပြုလုပ်စေခြင်း၊

(၂) ဘဏ်၏ ဒါရိုက်တာအဖွဲ့အား ထုတ်ပယ်ပြီး ဒါရိုက်တာအဖွဲ့အသစ် ရွေးချယ်တင်မြှောက်ရေး အတွက် သင်းလုံးကျွတ် အထွေထွေအစည်းအဝေး ကျင်းပရန် ညွှန်ကြားခြင်း၊

(၃) မတည်ငွေရင်း ​လျှော့ချရန် ဆောင်ရွက်ခြင်းအပြင် ဆုံးရှုံးခဲ့သော သို့မဟုတ် ရရန်ပိုင်ခွင့်အဖြစ် မသတ်မှတ်နိုင်သော အစုရှယ်ယာတန်ဖိုး၏ အစိတ်အပိုင်းတစ်ရပ်ရပ်ကို ပြင်ဆင်သတ်မှတ်ခြင်း၊

(၄) ဗဟိုဘဏ်က လိုအပ်၍သတ်မှတ်ပေးသည့် တန်ဖိုးဖြင့် အစုရှယ်ယာအသစ်များကို ရောင်းချပေး ခြင်းဖြင့် လက်ရှိအစုရှယ်ယာရှင်များ၏ ပါဝင်မှုကို လျှော့ချခြင်း၊

(၅) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တွင် ဘဏ်အားစာရင်း ရှင်းလင်းဖျက်သိမ်းပေးပါရန် လျှောက်လွှာတင်ခြင်း။

(ဂ) ပုဒ်မ ၉၆ သို့မဟုတ် ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်များကို ထိခိုက်မှုမရှိစေဘဲ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဥပဒေအရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်များအရ-

(၁) ဗဟိုဘဏ်သည် အများပြည်သူသိရှိရန် အောက်ပါတို့ကို ထုတ်ပြန်ကြေညာရမည်-

(ကက) ဘဏ်၏ အစုရှယ်ယာရှင်တစ်ဦးဦးကို ၎င်း၏အစုရှယ်ယာအား လွှဲပြောင်းစေခြင်း သို့မဟုတ် သင့်မြတ်လျော်ကန်မှုရှိသည့် ပုဂ္ဂိုလ်အား ရောင်းချစေခြင်း ပြုနိုင်သည်။

(ခခ) ဗဟိုဘဏ်က သတ်မှတ်သည့် စည်းကမ်းချက်များအတိုင်း ဘဏ်၏ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အခြားဘဏ် သို့မဟုတ် ငွေရေးကြေး ရေး အဖွဲ့အစည်းများသို့ လွှဲပြောင်းစေနိုင်သည်။

(ဂဂ) ပုဒ်မ ၁၀၇ နှင့်အညီ ဗဟိုဘဏ်က သင့်လျော်သည်ဟု ယူဆသည့် ဘဏ်၏ ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အခြားသောဘဏ် သို့မဟုတ် ငွေရေး ကြေးရေးအဖွဲ့အစည်းထံ လွှဲအပ်နိုင်သည်။

(၂) ဗဟိုဘဏ်သည် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရ အဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသဘောတူညီချက်ရယူပြီး ဆောင်ရွက်ခွင့်ရှိသည်-

(ကက) ဘဏ်၏ စီးပွားရေးလုပ်ငန်းကို ထိန်းချုပ်နိုင်ရန် ဘဏ်၏အစုရှယ်ယာများကို ပြည်ထောင်စု ၏ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူခြင်း၊

(ခခ) ဘဏ်၏ ခိုင်မာတည်ငြိမ်ရေးအတွက်ဖြစ်စေ၊ ငွေရေးကြေးရေး စနစ်တစ်ရပ်လုံး၏ တည်ငြိမ်ရေး အတွက်ဖြစ်စေ ဘဏ်သို့ ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေဖြင့် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထုတ်  ချေးခြင်း၊

(ဂဂ) ဘဏ်၏ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များကို ရယူနိုင်ရန် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေ ထည့် ဝင်သော မတည်ရင်းနှီးငွေဖြင့် ဘဏ်အသစ်အား တည်ထောင်ခြင်း။

(ဃ) ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ မှန်ကန်သင့်လျော်သော အရေးယူဆောင်ရွက်မှုကို ဆုံးဖြတ် ပြုလုပ်ရာတွင် ဗဟို ဘဏ်သည် နောက်ဆုံးစာရင်းစစ်အစီရင်ခံစာနှင့် အုပ်ချုပ်သူက တင်ပြသော အစီရင် ခံစာတို့ကို အလေးအနက်ထည့်သွင်း စဉ်းစားရမည်။

(င) ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ မည်သည့် အရေးယူမှုကိုမျှ ဘဏ်အား ကျေနပ်မှု မရှိ ကြောင်းပြသရန် ကျိုးကြောင်း ဆီလျော်သော အခွင့်အရေးမပေးဘဲ ချမှတ်ခြင်း မပြုရ။ သို့ရာတွင် နှောင့်နှေးခြင်းကြောင့် ဘဏ်သို့မဟုတ် ၎င်း၏ ငွေအပ်နှံသူမြီရှင်များ သို့မဟုတ် ယေဘုယျအားဖြင့် အများပြည်သူ ထိခိုက်စေမည်ဟု ဗဟိုဘဏ်က ထင်မြင်ယူဆလျှင် ချက်ချင်း အရေးယူနိုင်ပြီး မကျေနပ် ချက်များ တင်ပြရေးအတွက် ယင်းအခွင့်အရေးကို အမြန်ဆုံးဖြစ်နိုင်သမျှ အခွင့်အရေးပေးပြီး ဆောင်ရွက် နိုင်သည်။

(စ) အဆိုပါကျေနပ်မှုမရှိကြောင်း အကျိုးဆက်အဖြစ် ဗဟိုဘဏ်က အရေးယူထားချက်ကို စည်းကမ်း ချက်များ သတ်မှတ်၍ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ လျှော့ပေါ့ခြင်း၊ ပြောင်းလဲခြင်း၊ အစားထိုးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်နိုင်သည်။

(ဆ) ဗဟိုဘဏ်သည် ဤပုဒ်မ အလို့ငှာ ဘဏ်ကို ရယူပိုင်ဆိုင်ရန် အလားအလာရှိသူအား ဘဏ်နှင့် သက်ဆိုင်သော သတင်းအချက်အလက်ကို ပေးနိုင်သည်။ သို့သော် ထိုသတင်းအချက်အလက်ရရှိသူသည် လျှို့ဝှက်ထိန်းသိမ်းထားရမည်။ ထိုသတင်းအချက်အလက်များအား ဘဏ်ကို ရယူပိုင်ဆိုင်ခြင်းအတွက် သာ အသုံးပြုရမည်။

အစုရှယ်ယာပိုင်ဆိုင်သူ၏ အခွင့်အရေး

၁၀၅။ (က) ဤအခန်းပါ ကိစ္စရပ်အလို့ငှာ ဘဏ်ပိုင်ရှင်၏ ကိုယ်စားလှယ်ကသာ ဗဟိုဘဏ်၏ အရေး ယူမှုအပေါ် ကျေနပ်မှု မရှိကြောင်း ဗဟိုဘဏ်သို့ တင်ပြခွင့်ရှိသည်။

(ခ) ပိုင်ဆိုင်သူများ၏ ကိုယ်စားလှယ်အဖြစ် အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးက ဆောင်ရွက်နိုင်သည်-

(၁) ဘဏ်၏ ပိုင်ရှင်များက အများဆန္ဒဖြင့် ဘဏ်၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ၊

(၂) ဘဏ်၏ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌရာထူး ဆောင်ရွက်နေသူ သို့မဟုတ် ထိုသူက ကိုယ်စားလှယ်အဖြစ် အခွင့်အာဏာ လွှဲအပ်ခြင်း ခံရသူ။

(ဂ) ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်လိုပါက ပုဒ်မ ၁၀၄၊ ပုဒ်မခွဲ (ခ)နှင့် (ဂ) တို့အရ ဗဟို ဘဏ်၏ ကြေညာချက်ကို ရရှိသည့်နေ့မှ ၁၄ရက်အတွင်း ဘဏ်၏ပိုင်ရှင်များက ကန့်ကွက်စာတင်နိုင် သည်။

(ဃ) ကန့်ကွက်သောစာကို ဗဟိုဘဏ်က သတ်မှတ်အချိန်အတွင်း လက်ခံရရှိခြင်းမရှိပါက ပိုင်ရှင်များက သဘောတူညီသည်ဟု မှတ်ယူရမည်။

(င) ဗဟိုဘဏ်သည် သတ်မှတ်သည့် ၁၄ရက်အတွင်း ကန့်ကွက်စာရရှိပါက ကန့်ကွက်တင်ပြချက်ကို ပြန်လည်သုံးသပ်ကာ မိမိ၏အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အမိန့်အားပယ်ဖျက်ခြင်း သင့်လျော်သလို ပြုနိုင်သည်။ ထိုသို့ ပြုလုပ်ရာတွင် မိမိ၏ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက် ဖော်ပြရမည်။

(စ) ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်ကို ဘဏ်၏ ပိုင်ရှင်များ၏ ကိုယ်စားလှယ်ထံ ချက်ချင်းပေးပို့ရမည်။

(ဆ) ဗဟိုဘဏ်၏ အရေးယူမှုအားလုံးသည် ဗဟိုဘဏ်က ပယ်ဖျက်ခြင်း မပြုသမျှ တရားဝင် အတည် ဖြစ်စေရမည်။

(ဇ) ဗဟိုဘဏ်က ထုတ်ပြန်သော အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ဆုံးဖြတ်ချက်အမိန့်စာ သည် အပြီးအပြတ် အတည်ဖြစ်စေရမည်။

မတည်ငွေရင်း လျှော့ချခြင်းနှင့် အစုရှယ်ယာများ ပယ်ဖျက်ခြင်း

၁၀၆။ (က) ဘဏ်၏ ထည့်ဝင်ပြီး မတည်ငွေရင်း ဆုံးရှုံးခြင်းဖြစ်စေ၊ ရရန်ပိုင်ခွင့်များဖြင့် မတင်ပြနိုင် လျှင်ဖြစ်စေ အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တွင် လျှောက်ထားပြီး ထိုမှတစ်ဆင့် ဘဏ်၏ အဆိုပါ မတည်ငွေရင်းဆုံးရှုံးမှု သို့မဟုတ် ရရန်ပိုင်ခွင့်များဖြင့် မတင်ပြနိုင်မှုတို့ကို ပယ်ဖျက်ခြင်းပြုပြီး မတည်ငွေရင်းကို လျှော့ချခြင်း ပြုနိုင်သည်။

(ခ) ဘဏ်၏ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များကို ပုဒ်မ ၁၀၄၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) ၊ ပုဒ်မခွဲငယ်စိတ် (ခခ) နှင့် (ဂဂ) တို့အရ အခြားသူသို့ လွှဲပြောင်းထားပြီး ဖြစ်လျှင် ဗဟိုဘဏ်သည် အများ ပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာပြီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တွင် လျှောက်ထားရမည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်၏အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်အရ ဘဏ်၏ ကျန်အစုရှယ်ယာ မတည်ငွေရင်းကို ပယ်ဖျက် နိုင်သည်။

(ဂ) ဗဟိုဘဏ်က ပုဒ်မခွဲ (က)အရ အစုရှယ်ယာ မတည်ငွေရင်းကို လျှော့ချရန်အမိန့်ကို ထုတ်ပြန်သည့် အခါ ထိုသို့ထုတ်ပြန်သည့် နေ့မှ ရက်ပေါင်း ၉၀ အတွင်း အစုရှယ်ယာရှင်များကလာရောက် ပေးသွင်း ခြင်းမပြုပါက ဗဟိုဘဏ်သည် အဆိုပါ ပေးသွင်းခြင်းမပြုသည့် တန်ဖိုးကိုပယ်ဖျက်ရေးအတွက် သက် ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားနိုင်သည်။

(ဃ) ဘဏ်၏ အစုရှယ်ယာမတည်ငွေရင်းကို ပုဒ်မခွဲ (က)အရ လျော့ချခြင်း သို့မဟုတ် ပုဒ်မခွဲ (ခ)အရ အစုရှယ်ယာများကို ပယ်ဖျက်ခြင်းပြုသည့်အခါ ဗဟိုဘဏ်သည် ဘဏ်၏ စာတမ်းအမှတ်အသား များကို ဖြစ်စေ၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း တို့ကိုဖြစ်စေ ပြောင်းလဲပြင်ဆင်ရေးအတွက် ကုမ္ပဏီ မှတ်ပုံတင်ရုံးသို့ လျှောက်ထားရန် ဘဏ်အား တောင်းဆိုနိုင်သည်။

အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

၁၀၇။ ဘဏ်၏ ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များသည် အားလုံးဖြစ်စေ၊ အချို့အဝက်ဖြစ်စေ၊ အခြားသော ငွေရေးကြေးရေး အဖွဲ့အစည်းသို့ ပုဒ်မ ၁၀၄ အရ အပ်နှံခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြု ရာတွင် ဗဟိုဘဏ်သည် အများပြည်သူသိရှိနှိုင်ရန် အမိန့်ထုတ်ပြန်ကြေညာရမည်။ ယင်းအမိန့်သည် အပြီးအပြတ် အတည်ဖြစ်စေရမည်။

၁၀၈။ အပြီးအပိုင် အပ်နှင်းခွင့်ရရှိသူသည် အောက်ပါအချက်များနှင့် ကိုက်ညီရမည်-

(က) ပုဒ်မ ၁၀၇ အရ ထုတ်ပြန်သော အမိန့်နှင့်သက်ဆိုင်သည် ဘဏ်၏ အပြီးအပိုင်အပ်နှင်း ရရှိသည့် ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ရယူရာတွင် လွှဲပြောင်းပေးသူအဖွဲ့အစည်း၏ ငွေအပ်နှံသူများနှင့် မြီရှင်များ၏ အကျိုး သို့မဟုတ် အများပြည်သူအကျိုး ဖြစ်သည်ကို ခိုင်လုံစွာ ဆုံးဖြတ်နိုင်ခြင်း၊

(ခ) လွှဲပြောင်းလက်ခံသည့် အဖွဲ့အစည်းသည် ဘဏ်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရာတွင် လုပ်ကိုင်နိုင်စွမ်းရည်ရှိခြင်း၊

(ဂ) အပြီးအပိုင် အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်ကို အသုံးပြုခြင်းနှင့် လက်ရှိပေးရန်တာဝန်ကို ဖြေရှင်း ခြင်းနှင့်စပ်လျဉ်း၍ လွှဲပြောင်းလက်ခံသည့်အဖွဲ့အစည်းက ဗဟိုဘဏ်က ချမှတ်သော စည်းကမ်း ချက်များကို လိုက်နာမည်ဖြစ်ကြောင်း သဘော တူညီခြင်း။

အပြီးအပိုင် အပ်နှင်းသည့် အမိန့်၏ အကျိုးသက်ရောက်ခြင်း

၁၀၉။ (က) ပုဒ်မ ၁၀၇ အရ ထုတ်ပြန်သော အပြီးအပိုင်အပ်နှင်းရရှိသည့် အမိန့်တွင် သက်ဆိုင်ရာ နေ့ရက်မှ စတင်အကျိုး သက်ရောက်ရာတွင်-

(၁) အပြီးအပိုင် အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်သို့ ပြောင်းလဲပေးသော အခွင့်အရေးအားလုံးနှင့် အပြီး အပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များ ရယူရာတွင် အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့် ရရှိခြင်း သည် ပြီးမြောက်ခြင်းမရှိစေကာမူ လွှဲပြောင်းလက်ခံသော အဖွဲ့အစည်းက ရရှိပြီးဖြစ်သည်ဟု မှတ်ယူရ မည်။

(၂) အပြီးအပိုင် အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များကို သက်ဆိုင်ရာ တရား ဝင်မှတ်ပုံတင်စာအုပ် အသီးသီးတွင် ရေးသွင်းချက်များအားလုံးကို လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်း၏ အမည်သို့ပြောင်း၍ အစားထိုးပြီး ဖြစ်စေရမည်။ သို့သော် ထိုသို့အမည်ပြောင်းခြင်း မရှိစေ ကာမူ အပြီးအပိုင် အပ်နှင်းရရှိသည့် အမိန့်အရ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များကို လွှဲ ပြောင်းလက်ခံရရှိသော အဖွဲ့အစည်းသို့ အကျိုးသက်ရောက်ပြီး ခံစားပိုင်ခွင့်များ ရရှိစေရမည်။

(၃) ဗဟိုဘဏ်က ဤဥပဒေအရ သို့မဟုတ် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့် အထူးကုမ္ပဏီ အက် ဥပဒေတို့အရ ထုတ်ပြန်သော အမိန့်ပါ စည်းကမ်းချက်များကို လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်းက လိုက်နာရမည်။ ထိုအဖွဲ့အစည်းသည် ထိုသို့လိုက်နာမည့်အကြောင်း စာဖြင့် သဘော တူညီချက်ပေးရမည်။

(၄) လွှဲပြောင်းလက်ခံသော အဖွဲ့အစည်းအား ထုတ်ပေးထားသော လိုင်စင်ကို ရရန်ပိုင်ခွင့် အပြီးအပိုင် အပ်နှင်းသည့် အမိန့်နှင့်အညီ ထိုအဖွဲ့အစည်းကို အပ်နှင်းသည့်ခံစားခွင့်များ အကျိုးသက်ရောက်မှု ရှိစေ ရန် လိုအပ်သလို ပြုပြင်ရမည်။

(၅) လွှဲပြောင်းပေးသော အဖွဲ့အစည်းက ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်အားလုံးကို လွှဲပြောင်းလက်ခံရရှိ သော အဖွဲ့အစည်းသို့ လွှဲပြောင်းအပ်နှင်းပြီးလျှင် ဗဟိုဘဏ်သည် လွှဲပြောင်းပေးသော အဖွဲ့အစည်း၏ လိုင်စင်ကို ပယ်ဖျက်ရမည်။

(ခ) ပုဒ်မ ၁၀၇ အရ ထုတ်ဆင့်သော ရရန်ပိုင်ခွင့်အပ်နှင်းသည့် အမိန့်တွင် ဗဟိုဘဏ်က အခြားနည်းဖြင့် သီးခြားဖော်ပြထားခြင်း မရှိလျှင် သက်ဆိုင်ရာနေ့ရက်မှစ၍ အောက်ပါတို့ အကျိုးသက်ရောက်စေရမည်-

(၁) လွှဲပြောင်းလက်ခံသည့် အဖွဲ့အစည်းသို့ အပ်နှင်းလွှဲအပ်သည့် ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန်များ နှင့်စပ်လျဉ်း၍ ပဋိညာဉ်များ၊ စာချုပ်များ၊ အာမခံစာချုပ်များ၊ သဘောတူညီချက်များ၊ ကိုယ်စားလှယ်လွှဲ စာများ၊ တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခွင့်များနှင့် အခြားစာချုပ်စာတမ်းများသည် လွှဲပြောင်း ပေးသော အဖွဲ့အစည်းသို့ သဘောတူခွင့်ပြုသောနေ့ရက်မှစ၍ လွှဲပြောင်းအပ်နှံပြီးဖြစ်သည်ဟု မှတ်ယူရ မည်။

(၂) လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်းသို့ အပ်နှင်း၍ ရရှိသော ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန် တာဝန်များနှင့် စပ်လျဉ်း၍ ထိုသို့ အပ်နှံခြင်းမပြုမီက ရှိခဲ့သော အရေးယူဆောင်ရွက်ချက်များနှင့် စွဲဆို ချက်များမှာ လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်းကစွဲဆိုသော သို့မဟုတ် ၎င်းအဖွဲ့အစည်းအပေါ် စွဲဆိုသော အရေးယူမှုများ နှင့် စွဲဆိုချက်များဖြစ်သည်ဟု မှတ်ယူ၍ အကျိုးသက်ရောက်မှုရှိစေရမည်။

(ဂ) ဤပုဒ်မ အလို့ငှာ-

(၁) သက်ဆိုင်ရာနေ့ ဆိုသည်မှာ အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာသော ပိုင်ဆိုင်ခွင့် အပြီး အပိုင်အပ်နှင်းသည့်အမိန့် ထုတ်ပြန်သည့်နေ့ကို ဆိုသည်။

(၂) တရားဝင်မှတ်ပုံတင်ခြင်းများဆိုသည်မှာ နိုင်ငံတော်၏ ဥပဒေအရ တည်ထောင်သည့် မှတ်ပုံတင်ဌာနတွင် လူပုဂ္ဂိုလ်နှင့်  နိုင်ငံတော်တွင် ဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်းများ၏ ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းအတွက် ရပိုင်ခွင့်မှတ်တမ်းများအရ အကျိုးခံစားမှုများ၊ ပိုင်ဆိုင်မှုများ၊ လွှဲပြောင်းခြင်းများ မှတ်ပုံတင်ခြင်းကို ဆိုသည်။

အခွန်နှင့်အခများ

၁၁၀။ ဤဥပဒေအခန်းပါ ပြဋ္ဌာန်းချက်အရ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်လွှဲပြောင်းမှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ အခွန်နှင့်အခ ကင်းလွတ်ခွင့်ရရှိရန် ဝန်ကြီးဌာနသို့ လျှောက်ထားနိုင်သည်။

ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်အား ရပ်ဆိုင်းထားခြင်း

၁၁၁။ (က) ဤအခန်းပါ လုပ်ပိုင်ခွင့်များအပြင် ဗဟိုဘဏ်သည် ဘဏ်၏ အကျိုးအတွက်ဖြစ်စေ၊ ငွေအပ် နှံသူများ၏ အကျိုးစီးပွားနှင့် စုဆောင်းငွေများကို ကာကွယ်ရန်ဖြစ်စေ၊ ငွေကြေးစနစ်တည်ငြိမ်ရန်ဖြစ်စေ လိုအပ်သည်ဟု ထင်မြင်လျှင် အများပြည်သူ သိရှိနိုင်ရန် အောက်ပါတို့ကို ထုတ်ပြန်ကြေညာရမည်-

(၁) အမိန့်တွင် ဘဏ်၏ ဘဏ်လုပ်ငန်းအားလုံး သို့မဟုတ် အချို့အဝက်ကို လုပ်ကိုင်ခွင့် တားမြစ်ပိတ် ပင်ခြင်း၊

(၂) ဘဏ်အား ဘဏ်လုပ်ငန်းနှင့်ဆက်နွှယ်သော လုပ်ငန်းတာဝန်များအားလုံး သို့မဟုတ် အစိတ်အပိုင်း ကို ဆောင်ရွက်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း၊

(၃) ပုဒ်မခွဲငယ် (၁) သို့မဟုတ် ပုဒ်မခွဲငယ် (၂) အရ တားမြစ်ထားသော ကာလအတွက် အကျိုးသက် ရောက်မှုရှိစေရန် ထိုတားမြစ်သည့်ကာလအတွင်း ဤဥပဒေအရ ထုတ်ပေးသည့် ဘဏ်၏ လိုင်စင်အား ရပ်ဆိုင်းထားခြင်း၊

(၄) အထက်ပါပုဒ်မခွဲများပါ ပြဋ္ဌာန်းချက်များကို အကျိုးသက်ရောက်စေရန် အလို့ငှာ ဘဏ်၏ ပိုင်ဆိုင် ပစ္စည်းများ၊ စာအုပ်များနှင့် စာတမ်းအမှတ်အသားများကို ဗဟိုဘဏ်က ထိန်းချုပ်ကွပ်ကဲခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း အပါအဝင် မရှောင်လွှဲနိုင်သော အကျိုးသက်ရောက်မှုများ၊ နောက်ဆက်တွဲကိစ္စများ အတွက် သတ်မှတ်ခြင်း။

(ခ) အခါအားလျော်စွာ ပုဒ်မခွဲ (က)အရ ထုတ်ပြန်သော အမိန့်ကိုပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ အစား ထိုးခြင်းပြုနိုင်သည်။ထိုသို့ လက်တွေ့ဆောင်ရွက်ရန် မဖြစ်နိုင်လျှင် သို့မဟုတ် တရားမျှတမှုမရှိလျှင် ပုဒ်မ ခွဲ (က) အရ နောက်ထပ် အမိန့်ကို ထုတ်ဆင့် နိုင်သည်။

(ဂ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)အရ ထုတ်ဆင့်သည့် အမိန့်နှင့်  ပုဒ်မခွဲ (ခ)အရ  နောက်ထပ် ထုတ်ပြန် သော အမိန့်ကို ရုတ်သိမ်းနိုင်သည်။ ထို့ပြင် ဗဟိုဘဏ်သည် လိုအပ်သည်ဟုထင်မြင်လျှင် အဆိုပါအမိန့် တွင် လိုအပ်သောညွှန်ကြားချက် သို့မဟုတ် ဆက်နွှယ်သော နောက်ဆက်တွဲ သဘောသဘာဝရှိသည်များ ကို ထည့်သွင်းထုတ်ပြန်နိုင်သည်။