ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၁၂) ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း

ဘဏ်သို့သွားရောက်စစ်ဆေးခြင်း

၉၁။ (က) ဗဟိုဘဏ်သည် အစစ်ဆေးခံဘဏ်သို့ သွားရောက်စစ်ဆေးမှုကို နှစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် စစ်ဆေးရမည်။

(ခ) ဗဟိုဘဏ်သည်-

(၁) အစစ်ဆေးခံဘဏ်သို့ သွားရောက်စစ်ဆေးမှုကို အခြားပုဂ္ဂိုလ်များနှင့် ပူးတွဲပြုလုပ်နိုင်သည်။

(၂) ငွေစာရင်းများစစ်ဆေးရန် လက်မှတ်ရပြည်သူ့စာရင်းကိုင် တစ်ဦးဦးကိုဖြစ်စေ၊ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များ အဖွဲ့တစ်ခုခုကို ဖြစ်စေ ရွေးချယ်ခန့်အပ်ပြီး လုပ်ပိုင်ခွင့်အပ်နှင်းနိုင်သည်။

(ဂ) ကြီးကြပ်စစ်ဆေးသူတစ်ဦးဦးသည် အောက်ပါတို့ကို တရားဝင်ဆောင်ရွက်နိုင်သည်-

(၁) လိုအပ်ပါက ဘဏ်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အားလုံးကို ဖြည့် ဆည်းပံ့ပိုးပေးရန် အစစ်ဆေးခံဘဏ်၏ ဒါရိုက်တာ၊ အရာရှိ၊ အခြားဝန်ထမ်း သို့မဟုတ် စာရင်းစစ် တစ်ဦးဦးအား တောင်းဆိုခြင်း၊

(၂) စစ်ဆေးလျက်ရှိသည့် ဘဏ်၏လက်ဝယ်တွင်ရှိသော သို့မဟုတ် ထိန်းသိမ်းထားရှိသော ၎င်း၏ စာတမ်းအမှတ်အသားများ၊ ငွေသား၊ ငွေချေးသက်သေခံလက်မှတ်များနှင့် အခြားရရန်ပိုင်ခွင့်များကို စစ် ဆေးရေးအတွက် တင်ပြရန် အစစ်ဆေးခံဘဏ်၏ ဒါရိုက်တာ၊ အရာရှိ၊ အခြားဝန်ထမ်း သို့မဟုတ် စာရင်းစစ်တစ်ဦးဦးကို တောင်းဆိုနိုင်ခြင်း၊

(၃) အစစ်ဆေးခံဘဏ်က မမှန်မကန်စီမံခန့်ခွဲမှုပြုလုပ်ကြောင်း သက်သေခံချက် အထောက်အထားတွေ့ ရှိသည့်ကိစ္စတွင် အောက်ပါတို့ကို တောင်းဆိုနိုင်ခြင်း-

(ကက) ဗဟိုဘဏ်က လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် စာရင်းစစ်က စစ်ဆေးရေးအတွက် ဘဏ်၏စာရင်း များ တင်ပြရန်၊

(ခခ) စစ်ဆေးမေးမြန်းရာတွင် စာရင်းစစ်ကို လိုအပ်သည့် သတင်းအချက်အလက်များအား ဖြည့်ဆည်း ပေးရန်၊

(ဂဂ) စာရင်းစစ်က စစ်ဆေးရေးအတွက် ဘဏ်၏ သို့မဟုတ် ၎င်း၏လက်ဝယ်တွင်ရှိသော စာတမ်း အမှတ်အသား၊ ငွေသား၊ ငွေချေးသက်သေခံလက်မှတ်များ နှင့် အခြားရရန်ပိုင်ခွင့်များကို တင်ပြရန်။

(ဃ) အစစ်ဆေးခံဘဏ်၏ ဒါရိုက်တာ၊ အရာရှိ ၊ ဝန်ထမ်းနှင့် စာရင်းစစ်များသည် ပုဒ်မ ၉၁ အရ သတ်မှတ်ချက်များကို လိုက်နာရန်နှင့် လိုအပ်ချက်များကို ဆောင်ရွက်ပေးရမည်။

(င) ဗဟိုဘဏ်သည် ဘဏ်တစ်ခုက လက်ရှိကာလတွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ ငွေအပ်နှံသူများ အား ထိခိုက်နစ်နာစေမည့် နည်းလမ်းတစ်ခုခုဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်း ရှိမရှိ ဆုံးဖြတ်ရန် လိုအပ် သည့်အခါ ဘဏ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်ရရှိရန် သက်ဆိုင်ရာပုဂ္ဂိုလ် တစ်ဦးဦးကို အကြောင်းကြားစာပေးပို့တောင်းဆိုနိုင်သည်။

(စ) ပုဒ်မခွဲ (င) အရ ဗဟိုဘဏ်သို့ တင်ပြပေးရန် တောင်းဆိုခြင်းခံရသူသည် တရားရုံး အမိန့်ဖြင့် ထိုသို့ တင်ပြပေးခြင်းမပြုရန် တားမြစ်ထားခြင်းမရှိလျှင် ဗဟိုဘဏ်ကတောင်းဆိုသည့်အတိုင်း တင်ပြရမည်။

(ဆ) အစစ်ဆေးခံ ဘဏ်၏လုပ်ငန်းဆောင်ရွက်ချက် အခြေအနေမှန်ကို သိရှိရန်အလို့ငှာ ဗဟိုဘဏ် သည် ပုဒ်မ ၉၁ အရ စစ်ဆေးမေးမြန်းမှုအတွက် ၎င်းအဖွဲ့အစည်းနှင့် ဆက်နွှယ်ဆက်စပ်လျက်ရှိသည့် အောက်ပါကုမ္ပဏီတစ်ခုခု၏ လုပ်ငန်းကိုလည်း စစ်ဆေးနိုင်သည်-

(၁) အစစ်ဆေးခံရသော ဘဏ်၏ဦးပိုင်ကုမ္ပဏီ သို့မဟုတ် လက်အောက်ခံကုမ္ပဏီ၊

(၂) အစစ်ဆေးခံရသော ဘဏ်၏ဦးပိုင်ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ၊

(၃) အစစ်ဆေးခံဘဏ်၏ တွဲဖက်ကုမ္ပဏီ။

(ဇ) မည်သူမဆို ပုဒ်မ၉၁ ပါလိုအပ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဗဟိုဘဏ်က ပုဒ်မ၉၁ အရ ဆောင်ရွက်ရန် ပေးအပ်သော လိုအပ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ ပျက်ကွက်ခြင်းမရှိစေဘဲ လိုက်နာရမည်။

နိုင်ငံခြားဘဏ်များက စစ်ဆေးခြင်း

၉၂။ (က) နိုင်ငံခြားဘဏ်သည် ဗဟိုဘဏ်၏ အတည်ပြုချက်ရယူပြီးနောက် ဗဟိုဘဏ်က သတ်မှတ်သော စည်းကမ်းချက်များနှင့် အညီ နိုင်ငံတော်၌ တည်ထောင်သော ၎င်း၏ ကုမ္ပဏီရုံးခွဲနှင့် ဘဏ်ရုံးခွဲကို စစ် ဆေးနိုင်သည်။

(ခ) သက်ဆိုင်ရာ နိုင်ငံခြားဘဏ်သည် ပုဒ်မခွဲ (က)အရ စစ်ဆေးမှုပြုလုပ်ပြီး စစ်ဆေးချက် အစီရင်ခံစာ မိတ္တူကို ဗဟိုဘဏ်သို့ တင်ပြရမည်။