ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း(၁၁) စာရင်းပြုစုခြင်း၊ စာရင်းစစ်ဆေးခြင်းနှင့် ငွေရေးကြေးရေး ရှင်းတမ်းများ

ငွေစာရင်းများနှင့် ငွေရေးကြေးရေး ရှင်းတမ်း အစီရင်ခံစာများ

၈၄။ (က) ဘဏ်သည် မိမိတို့၏ လုပ်ငန်းများလည်ပတ်မှုနှင့် ငွေရေးကြေးရေး အခြေအနေတို့ကို ထင် ဟပ်စေရန် လုံလောက်သော ငွေစာရင်းများထိန်းသိမ်းခြင်းနှင့် အချိန်ကာလအလိုက် ငွေရေးကြေးရေး ရှင်းတမ်းများ ပြုစုခြင်းတို့ကို နိုင်ငံတကာက လက်ခံထားသော စာရင်းရေးသွင်းခြင်းဆိုင်ရာ စံသတ်မှတ် ချက်များနှင့်အညီ ဗဟိုဘဏ်က စည်းမျဉ်းများဖြင့် သတ်မှတ်သည့် အတိုင်း ဆောင်ရွက်ရမည်။

(ခ) အဆိုပါ စည်းမျဉ်းများနှင့် လိုက်နာဆောင်ရွက်မှုကို အခြားဥပဒေတစ်ရပ်ရပ်တွင်ဖြစ်စေ၊ ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ သတ်မှတ်ထားသည့် စာရင်းရေးသွင်းခြင်းဆိုင်ရာ စံသတ်မှတ်ချက်နှင့်အညီ လိုက် နာဆောင်ရွက်သည်ဟု မှတ်ယူရမည်။

(ဂ) ပုဒ်မခွဲ (က) ပါယေဘုယျ ပြဋ္ဌာန်းချက်ကို ကန့်သတ်ခြင်းမပြုဘဲ နိုင်ငံခြားဘဏ်ခွဲ အသီးသီးသည် သီးခြားငွေစာရင်း စာအုပ်များ၊ ငွေစာရင်းများနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားရမည်။ ထို့ပြင် အရှုံး အမြတ်စာရင်းများ အပါအဝင် ငွေရေးကြေးရေးရှင်းတမ်းတို့ကို ယင်းနိုင်ငံခြားဘဏ်၊ ဘဏ်ခွဲ၏ ရရန်ပိုင် ခွင့်များ၊ ပေးရန်တာဝန်များ၊ ဝင်ငွေများနှင့် ကုန်ကျစရိတ်များကို ရှင်းလင်းစွာ ထင်ဟပ်ပေါ်လွင်စေရန် နိုင်ငံခြားဘဏ်က ပိုင်ဆိုင်သော အခြားငွေစာရင်းစာအုပ်များ၊ ငွေစာရင်းများ၊ မှတ်တမ်းများနှင့် ငွေရေး ကြေးရေးရှင်းတမ်းနှင့် ခွဲခြား၍ ပြုစုရမည်။

စာရင်းစစ်ကော်မတီ

၈၅။ (က) ဘဏ်တိုင်းသည် စာရင်းစစ်ကော်မတီကို ဖွဲ့စည်းထားရန် လိုသည်။

(ခ) ဘဏ်၏ အစုဝင်များ သင်းလုံးကျွတ်အစည်းအဝေးမှ အဖွဲ့ဝင်သုံးဦးပါဝင်သော စာရင်းစစ် ကော်မတီ ကို ဖွဲ့စည်းရမည်။ စာရင်းစစ်ကော်မတီအဖွဲ့ဝင်များ၏ သက်တမ်းမှာ လေးနှစ် ဖြစ်သည်။

(ဂ) ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးသည် စာရင်းစစ်ကော်မတီကို ဦးဆောင်ရမည်။ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ သည် စာရင်းစစ် ကော်မတီတွင် ပါဝင်တာဝန်ထမ်းဆောင်ခြင်းမပြုရ။

(ဃ) စာရင်းစစ်ကော်မတီသည်-

(၁) ဘဏ်အတွက် သင့်လျော်သော စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်ထိန်းချုပ်မှု များကို သတ်မှတ်ထားရမည့်ပြင် ယင်းလုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု ရှိမရှိ ကြီးကြပ် ရမည်။ ထို့ပြင်ဘဏ်၏ ငွေစာရင်းနှင့် မှတ်တမ်းများကို စစ်ဆေးရမည်။

(၂) ဘဏ်နှင့်သက်ဆိုင်သည့် ဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်မှု ရှိမရှိ စောင့်ကြပ် ကွပ်ကဲရမည့်အပြင် ထိုသို့ စောင့်ကြည့်ကွပ်ကဲမှုကို ဒါရိုက်တာအဖွဲ့သို့ အစီရင်ခံရမည်။

(၃) ဒါရိုက်တာအဖွဲ့သို့ တင်ပြသည့် ကိစ္စတစ်ရပ်ရပ်အပေါ် အကြံပြုချက်တောင်းခံလျှင် အကြံပြုချက် ပေးရမည်။

(င) စာရင်းစစ်ကော်မတီသည် အစည်းအဝေးသို့ သုံးလလျှင် တစ်ကြိမ်ပုံမှန် ကျင်းပရမည်ဖြစ်ပြီး ဒါရိုက် တာအဖွဲ့က အစည်းအဝေး တက်ရောက်ရန် ခေါ်သည့်အခါတိုင်း တက်ရောက်ရမည်။

လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်း

၈၆။ (က) ဘဏ်သည် နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အခါ အောက်ပါတို့ကို ပြုစုရမည်-

(၁) သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏ နောက်ဆုံးအလုပ်လုပ်ရက်များရှိ လက်ကျန်ရှင်းတမ်း၊

(၂) အဆိုပါ ဘဏ္ဍာရေးနှစ်အတွက် အရှုံးအမြတ်စာရင်း၊

(၃) ဗဟိုဘဏ်က လိုအပ်သည့် အခြားငွေရေးကြေးရေးဆိုင်ရာ ရှင်းတမ်းများ။

(ခ) ဘဏ်၏ ငွေရေးကြေးရေး ရှင်းတမ်းများဖြစ်သည့်  လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်း သည် ၎င်းအဖွဲ့အစည်းနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်မှုနှင့် ငွေရေး ကြေးရေးအခြေအနေတို့ကို သီးခြားစီဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ ထင်ဟပ်ပေါ်လွင်နေရမည်။

(ဂ) ဘဏ်သည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ငွေရေးကြေးရေးရှင်းတမ်းများကို  ဗဟိုဘဏ်သို့ ပေးပို့ရမည်။

(ဃ) ဘဏ်သည် ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ဆေးထားသည့် ငွေရေးကြေးရေးရှင်းတမ်းကို ဗဟို ဘဏ်ကခွင့်ပြုသည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် အများပြည်သူ သိရှိရန် ထုတ်ပြန်ကြေညာရမည်။

(င) စာရင်းစစ်ဆေးထားသည့် ငွေရေးကြေးရေးရှင်းတမ်းကို ဘဏ်၏ ဘဏ်ခွဲအသီးသီး၌ မြင်သာသော နေရာတွင် ပြသ ထားရမည်။

(စ) ဘဏ်သည်၎င်း၏ လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်းတို့ကို ဗဟိုဘဏ်က သတ်မှတ်သည့် အချက်အလက်များပါရှိသည့် ပုံစံဖြင့် ပြုစုရမည်။ ထို့အပြင် အတည်ပြုချက် ထုတ်ပေးခြင်း၊ အများပြည် သူသိရှိစေရန် ထုတ်ပြန်ခြင်းတို့နှင့် စပ်လျဉ်း၍ ဗဟိုဘဏ်၏ သတ်မှတ်ချက်များအရ ဆောင်ရွက်ရမည်။

(ဆ) ဘဏ်က ပုဒ်မခွဲ (စ)အရ ဘဏ်ရှင်းတမ်းကို ထုတ်ပြန်ရာတွင် ပါရှိရမည့်အချက်များ မပါရှိခြင်း သို့မဟုတ် မမှန်မကန် ဖော်ပြခြင်း သို့မဟုတ် လှည့်ဖြား၍ ဖော်ပြခြင်းပြုလုပ်ကြောင်း တွေ့ရှိလျှင် ဗဟိုဘဏ်သည် ဘဏ်သို့ အောက်ပါတို့ကို ဆောင်ရွက် ရန် အကြောင်းကြားစာ ပေးပို့နိုင်သည်-

(၁) ထုတ်ပြန်သည့်ရှင်းတမ်းတွင် ချန်လှပ်ထားသော အချက်များပြန်လည် ထည့်သွင်းဖော်ပြရန်၊

(၂) မမှန်ကန်သော သို့မဟုတ် လှည့်ဖြားထားသော အချက်များမပါသည့် ရှင်းတမ်းအား ထုတ်ပြန်ရန်၊

(၃) ဗဟိုဘဏ်က အကြောင်းကြားစာကို သတ်မှတ်ပေးသည့်အတိုင်း မှားယွင်းချက်များကို ပြင်ဆင်ရန်။

ဗဟိုဘဏ်သို့ပေးပို့ရသော အချိန်ကာလအလိုက် အစီရင်ခံစာများ

၈၇။ (က) ဘဏ်အသီးသီးသည် ငွေရေးကြေးရေးအစီရင်ခံစာများကို ကာလအပိုင်းအခြားအလိုက် ပြုစု ပြီး ဗဟိုဘဏ်သို့ အစီရင်ခံရမည်။

(ခ) ပုဒ်မခွဲ (က)အရ လိုအပ်သော အစီရင်ခံစာအသီးသီးကို-

(၁) ဗဟိုဘဏ်က သတ်မှတ်သည့်ပုံစံနှင့် သတ်မှတ်သည့်ကာလအတွင်း တင်ပြရမည်။

(၂) ဘဏ်၏ အမှုဆောင်အရာရှိချုပ်နှင့် ဘဏ္ဍာရေးအရာရှိချုပ်တို့က မှန်ကန်ကြောင်း သက်သေခံလက် မှတ်ရေးထိုးရမည်။

(ဂ) လိုင်စင်ရ နိုင်ငံခြားဘဏ်ခွဲများ၏ အစီရင်ခံစာများတွင် ၎င်းတို့၏ ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန် များ၊ ဝင်ငွေများ၊ ကုန်ကျစရိတ်များ၊ စီမံခန့်ခွဲမှုများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ပါဝင်စေရမည်။

(ဃ) ဤပုဒ်မအရ တင်ပြရန် လိုအပ်သည့် အစီရင်ခံစာတစ်ခုခုကို တင်သွင်းရန် ပျက်ကွက်လျှင် ဤဥပဒေအရ ပြစ်မှုကျူးလွန်ရာ ရောက်သည်။

ပြင်ပစာရင်းစစ်များ

၈၈။ (က) ဘဏ်အသီးသီးသည် ၎င်း၏ ငွေစာရင်းများကို စစ်ဆေးရန်အတွက် သင်းလုံးကျွတ် အထွေ ထွေအစည်းအဝေးကျင်းပ၍ သင့်လျော်သော ပြင်ပစာရင်းစစ်ခန့်အပ်ရန် တာဝန်ရှိသည်။

(ခ) ဘဏ်များသည် ၎င်းတို့၏ပြင်ပစာရင်းစစ်များကို ငါးနှစ်လျှင် အနည်းဆုံးတစ်ကြိမ် အစားထိုး ပြောင်းလဲခန့်အပ်တာဝန် ပေးရမည်ဖြစ်ပြီး ၎င်းစာရင်းစစ်ကို သုံးကြိမ်ဆက်တိုက်ထက်ပို၍ ခန့်ထားခြင်း မပြုရ။ သို့မဟုတ် ဗဟိုဘဏ်က သတ်မှတ်သည့် ကာလအတိုင်းဖြစ်သည်။

(ဂ) ဘဏ်အသီးသီးသည် ပြင်ပစာရင်းစစ်များကို ခန့်အပ်ပြီးနောက် ထိုစာရင်းစစ်များ၏ အမည်၊ လုပ်ငန်းတည်နေရာလိပ်စာ၊ အရည်အချင်းနှင့် အတွေ့အကြုံများကို ချက်ချင်းဗဟိုဘဏ်သို့ အကြောင်း ကြားရမည်။

(ဃ) ဘဏ်က ခန့်အပ်တာဝန်ပေးထားသည့် ပြင်ပစာရင်းစစ်မှာ ရာထူးတာဝန်နှင့် မသင့်လျော်ကြောင်း ဗဟိုဘဏ်မှ အကြောင်းပြချက်များဖြင့် အကြောင်းကြားစာပေးထားခြင်း မရှိပါက ထိုစာရင်းစစ်မှာ သင့် လျော်သည်ဟု မှတ်ယူရမည်။ ထိုသို့သော အကြောင်းကြားစာရရှိပါက ဘဏ်သည် ၎င်း၏ ပြင်ပစာရင်း စစ်ကို ချက်ချင်းအစားထိုး ခန့်အပ်ရမည်။

(င) သင့်မြတ်လျော်ကန်သူကိုသာလျှင် ဘဏ်၏ စာရင်းစစ်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ဘဏ် နှင့်ဆက်နွှယ်သူနှင့် ဝန်ထမ်းများကို ဘဏ်၏ ပြင်ပစာရင်းစစ်အဖြစ် မခန့်အပ်ရ။

(စ) ပြင်ပစာရင်းစစ်အဖြစ် ခန့်ထားခြင်းခံရသူသည် ၎င်းအား ခန့်အပ်တာဝန်ပေးပြီးနောက် ဘဏ်နှင့် သက်ဆိုင်သူ သို့မဟုတ် ဝန်ထမ်းဖြစ်ပါက ပြင်ပစာရင်းစစ်အဖြစ်မှ ချက်ချင်းတာဝန်မှ ရပ်စဲရမည်။

(ဆ) ပုဒ်မခွဲ (က)အရ ဘဏ်ကပြင်ပစာရင်းစစ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပျက်ကွက်ပါက ဗဟိုဘဏ်သည် အဆိုပါဘဏ် အတွက် ပုဒ်မ ၈၉ အရ သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ပြင်ပစာရင်းစစ်များကို ထိုဘဏ်၏ ကုန်ကျစရိတ်ဖြင့် ခန့်အပ်ပိုင်ခွင့်ရှိသည်။

(ဇ) ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (င)အရ ဘဏ်က ခန့်အပ်သည့် ပြင်ပစာရင်းစစ်သည် ၎င်း၏ တာဝန် ဆောင်ရွက်ရန် ဘဏ်၏စာအုပ်များ၊ ငွေစာရင်းများ၊ ဘောက်ချာများနှင့် စာတမ်းအမှတ်အသား အားလုံး ကိုလိုအပ်သည့်အချိန်တိုင်း ရယူစစ်ဆေးခွင့် ရှိသည်။ထို့ပြင် ပြင်ပစာရင်းစစ်သည် ဘဏ်၏ ဒါရိုက်တာ များနှင့် အရာရှိများထံမှ ၎င်း၏စာရင်းစစ်လုပ်ငန်း တာဝန်ထမ်းဆောင်ရာတွင် လိုအပ်သည်ဟု ထင်မြင် သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များကို တောင်းခံရယူ စစ်ဆေးပိုင်ခွင့်ရှိသည်။

(ဈ) ဗဟိုဘဏ်သည် ပြင်ပစာရင်းစစ်များအတွက် စံသတ်မှတ်ချက်များနှင့်အခြား သက်ဆိုင်သည့် ကိစ္စ ရပ်များအတွက် စည်းမျဉ်းကို ထုတ်ပြန်နိုင်သည်။

၈၉။ (က) နှစ်စဉ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးသုံးလအတွင်း စာရင်းစစ်အစီရင်ခံစာတိုင်းကို ပြည့်စုံစွာပြုစု ရမည်ဖြစ်ပြီး စာရင်းစစ်က ထိုအစီရင်ခံစာတွင် အောက်ပါအချက်များ ဖော်ပြပါရှိစေရမည်-

(၁) ၎င်းတို့၏ ထင်မြင်ချက်တွင် ဘဏ်က ရေးဆွဲထားသော လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ် စာရင်းများသည် ပြည့်စုံ၍ မျှတကျနစွာ ရေးဆွဲထားခြင်း ရှိမရှိ၊

(၂) ဘဏ်၏ လုပ်ငန်းဆောင်တာများကို ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိမရှိ၊

(၃) အဆိုပါဘဏ်၏ အရာရှိများ သို့မဟုတ် ကိုယ်စားလှယ်များထံမှရရှိသော သတင်းအချက်အလက် သည် ကျေနပ်ဖွယ်ရာ ရှိမရှိ၊

(၄) ဗဟိုဘဏ်က သတ်မှတ်နိုင်သော အခြားသက်ဆိုင်သည့် အဆိုပါကိစ္စရပ်များ။

(ခ) ဘဏ်များအတွက် ပုဒ်မခွဲ (က)နှင့်အညီ ပြုစုထားသည့် စာရင်းစစ်အစီရင်ခံစာကို အစုရှယ်ယာဝင် အားလုံး တက်ရောက်သည့် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးတွင် ဘဏ်၏ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့်အတူ ယှဉ်တွဲ၍ ဖတ်ပြရမည်။

(ဂ) ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် သုံးလထက်နောက်မကျစေဘဲ စာရင်းစစ်၏ စီမံခန့်ခွဲမှု စာနှင့်အတူ ပုဒ်မခွဲ (က) အရ ပြုစု သည့် အစီရင်ခံစာပြီးဆုံးသည့်အခါ ထိုစာရင်းစစ်အစီရင်ခံစာကို ဗဟိုဘဏ်သို့ လွှဲပြောင်းပေးပို့ရမည်။

(ဃ) ဗဟိုဘဏ်သည် စာရင်းစစ်ဆေးထားသည့် ဘဏ္ဍာရေးအခြေအနေ ထုတ်ဖော်ချက်များမှာ ဘဏ်၏ လုပ်ငန်းဆောင်ရွက်ချက်များ စစ်မှန်ပြီးမှန်ကန်စွာ ထုတ်ဖော်ပြသခြင်းမရှိဟု သော်လည်းကောင်း၊ စာရင်းစစ်၏ အစီရင်ခံစာ သို့မဟုတ် စီမံခန့်ခွဲမှုစာမှာ ကျေနပ်ဖွယ်ရာမရှိဟု သော်လည်းကောင်း ထင်မြင် လျှင် ဘဏ်၏စရိတ်ဖြင့် ပြင်ပစာရင်းစစ်ကို ထပ်မံခန့်ထားရန် နှင့် စာရင်းစစ်အစီရင်ခံစာအသစ်တင်ရန် ထိုဘဏ်သို့ အမိန့်ထုတ်ဆင့်နိုင်သည်။

(င) ဘဏ်၏ စာရင်းစစ်အဖြစ် ၎င်း၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် စာရင်းစစ်သည် အောက် ပါကိစ္စရပ်တစ်ရပ်ရပ်အား စစ်ဆေးတွေ့ရှိပါက ဗဟိုဘဏ်သို့ ထိုကိစ္စကို ချက်ချင်းသတင်းပို့ရမည်-

(၁) ဤဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ခြင်း သို့မဟုတ် လိုက်နာမှုမရှိခြင်း သို့မဟုတ် လိမ်လည်မှု သို့မဟုတ် မရိုးမဖြောင့်မှု ကျူးလွန်ခြင်း၊

(၂) ဘဏ်၏ မတည်ရန်ပုံငွေများ ၅၀ ရာခိုင်နှုန်းမျှ လျော့ကျခြင်းကြောင့် အရှုံးဖြစ်ပေါ်ခြင်း၊

(၃) မြီရှင်များအတွက် အာမခံချက်ကိုထိခိုက်စေသည့် ပုံမမှန်မှု အပါအဝင် စနစ်ကျနမှု မရှိခြင်း၊

(၄) မြီရှင်များ၏ တောင်းဆိုမှုအပေါ် ရရန်ပိုင်ခွင့်များဖြင့် ပေးချေနိုင်မည်ဟု ၎င်းက အတည်ပြုထောက် ခံနိုင်မှုမရှိခြင်း။

၉၀။ (က) ပြင်ပစာရင်းစစ်သည် စာရင်းစစ်အစီရင်ခံစာကို သက်ဆိုင်ရာဘဏ်နှင့် ဗဟိုဘဏ်သို့ တင်ပြရ မည်။

(ခ) ပုဒ်မခွဲ(က)အရ စာရင်းစစ်အစီရင်ခံစာကို ဗဟိုဘဏ်သို့တင်ပြသည့်အခါ ပြင်ပစာရင်းစစ်သည် ထိုအစီရင်ခံစာနှင့်အတူ ဘဏ်၏ စာရင်းစစ်ဆေးချက်နှင့် ဆက်စပ်သော အခြားအစီရင်ခံစာများတွင် ဗဟိုဘဏ်က သတ်မှတ်သည့် စာတမ်း အမှတ်အသားများ ပူးတွဲ၍ တင်ပြရမည်။