ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
Download : Myanmar / English
အခန်း (၁၀) ဘဏ်များ၏ ဒါရိုက်တာအဖွဲ့၊ အမှုဆောင်အရာရှိချုပ်

၇၃။ (က) ဘဏ်သည် အစုရှယ်ယာရှင်များ သင်းလုံးကျွတ် အထွေထွေ အစည်းအဝေးမှ ရွေးချယ်ခြင်း ခံရသူ ဒါရိုက်တာငါးဦး အောက်မနည်းသော ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းထားရှိရမည်။

(ခ) ဘဏ်၏ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် အစည်းအဝေး အထမြောက်ရန် တက်ရောက်ရမည့် အဖွဲ့ဝင်ဒါရိုက်တာဦးရေ ပြည့်မီစွာ တက်ရောက်သော်လည်း အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ် သော ဒါရိုက်တာ အနည်းဆုံးတစ်ဦး တက်ရောက်မှသာ ထိုအစည်းအဝေး အထမြောက်သည်။

(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်သည် နိုင်ငံခြားဘဏ်ခွဲများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၇၄။ (က) အစုရှယ်ယာဝင်များ၏ သင်းလုံးကျွတ် အထွေထွေအစည်းအဝေးမှ ဆောင်ရွက်ရန် ပေးအပ် သည့် လုပ်ငန်းတာဝန်များ အပြင်ဘဏ်ကဆောင်ရွက်ရမည့် လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ အားလုံး ကို ဤဥပဒေအရ ဒါရိုက်တာအဖွဲ့သည် ကျင့်သုံးဆောင်ရွက်ရမည်။

(ခ) ပုဒ်မခွဲ (က)အရ လုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်ရန်အလို့ငှာ ဒါရိုက်တာအဖွဲ့သည် လိုအပ်သော စည်းကမ်းများကို ချမှတ်ထားရမည်။

(ဂ) ဒါရိုက်တာအဖွဲ့၏ တာဝန်များတွင် စီမံခန့်ခွဲရေးကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခြင်းအပြင် အောက် ပါတို့ပါဝင်သည်-

(၁) ပြည့်စုံသော ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရေး လုပ်ငန်းစဉ်ချမှတ်ခြင်းနှင့် သုံးသပ်ခြင်း၊

(၂) ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရေး၊ ထိန်းချုပ်ကွပ်ကဲမှုစနစ်နှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်းနှင့် သုံးသပ်ခြင်း၊

(၃) လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပေးအပ်ရန် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊

(၄) ကျင့်ဝတ်နှင့် ကျွမ်းကျင်မှုစံများ မြှင့်တင်ပေးမည့် အဖွဲ့အစည်းအတွင်း လက်တွေ့ကျင့်သုံးမှုနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း၊

(၅) ဘဏ်၏ဌာနတွင်း ထိန်းချုပ်ကွပ်ကဲမှုစနစ်ကို ချမှတ်ခြင်းနှင့် သုံးသပ်ခြင်း၊

(၆) ဘဏ်၏ ဥပဒေနှင့် ထုတ်ပြန်သည့် နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များ လိုက်နာမှုကို သေချာစေခြင်း။

၇၅။ (က) ဒါရိုက်တာအဖွဲ့သည် အောက်ဖော်ပြပါ ကော်မတီများအပါအဝင် သီးသန့်ရည်ရွယ်ချက်များဖြင့် ကော်မတီနှင့် ဆပ်ကော်မတီများကို တစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ ဖွဲ့စည်းနိုင်သည်-

(၁) ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီ၊

(၂) ချေးငွေကော်မတီ၊

(၃) လစာချီးမြှင့်ရေးကော်မတီ၊

(၄) စာရင်းစစ်ကော်မတီ၊

(၅) ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေး ကော်မတီ။

(ခ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသည့် ကော်မတီနှင့် ဆပ်ကော်မတီတို့၏ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့် များနှင့် လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် လည်းကောင်း၊ ၎င်းတို့အဖွဲ့ဝင်များကို ပေးရမည့် လစာနှင့် ချီးမြှင့်ငွေများသည်လည်းကောင်း ဒါရိုက်တာအဖွဲ့က သတ်မှတ်သည့်အတိုင်း ဖြစ်စေရ မည်။

၇၆။ (က) ရာထူးတာဝန်ယူရန် သင့်မြတ်လျော်ကန်မှုရှိခြင်းနှင့် ဤဥပဒေအရ ရာထူးတာဝန်ထမ်းဆောင် ရန် တားမြစ်ပိတ်ပင်ခြင်း မရှိပါက မည်သူမဆို ဘဏ်တစ်ခု၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မ ဟုတ် မန်နေဂျာအဖြစ် ခန့်အပ်ပိုင်ခွင့်၊ ရွေးချယ်တင်မြှောက် ခံပိုင်ခွင့် သို့မဟုတ် အမည်စာရင်း တင်သွင်း ခွင့်ရှိသည်။

(ခ) ဤဥပဒေအရ ရာထူးတာဝန်နှင့် သင့်မြတ်လျော်ကန်သူ ဟုတ်မဟုတ် ဆုံးဖြတ်ရာတွင် ဗဟိုဘဏ်က သတ်မှတ်နိုင်သည့် အခြားကိစ္စရပ်များအပြင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်-

(၁) ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ စီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် သက်ဆိုင်ရာ ကဏ္ဍတစ်ခုခု တွင် ပညာအရည်အချင်း သို့မဟုတ် အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်သော အရည်အချင်းများ သို့မဟုတ် ထိရောက်သည့်အတွေ့အကြုံများ၊

(၂) အဆိုပါ ပုဂ္ဂိုလ်သည် လိမ်လည်လှည့်ဖြားမှု၊ မရိုးမဖြောင့်မှု သို့မဟုတ် အခြား မလျော်မကန်ပြုမူ ကြောင်း ကြပ်မတ်ကွပ်ကဲသည့် အဖွဲ့အစည်းကဖြစ်စေ၊ ပြည်တွင်းပြည်ပတွင် ဖွဲ့စည်းထားသည့် အသက်မွေးဝမ်းကျောင်းအသင်းအဖွဲ့ သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းထားသည့် အခြားအဖွဲ့အစည်းတစ်ခုခုကဖြစ်စေ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စုံစမ်းခြင်းခံရခြင်း၊

(၃) အဆိုပါ ပုဂ္ဂိုလ်သည် ငွေရေးကြေးရေး စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပရှိ တရားရုံးတစ်ခု ခုက ပြစ်ဒဏ်ချမှတ်ခြင်း ခံရခြင်း ရှိမရှိ၊

(၄) အဆိုပါ ပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ လူမွဲစာရင်း ခံယူသူအဖြစ် ကြေညာခံ ရခြင်း ရှိမရှိ၊

(၅) အဆိုပါ ပုဂ္ဂိုလ်သည် ကြွေးမြီပြန်လည်ပေးဆပ်မှုအပါအဝင် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ တရားရုံးတစ်ခုခု၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်တစ်ခုခုကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူ ဟုတ်မဟုတ်၊

(၆) အဆိုပါပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေတရားရုံးတစ်ခုခုကသော်လည်း ကောင်း၊ နိုင်ငံတော်တွင် အစိုးရဆေးဘုတ်အဖွဲ့ကသော်လည်းကောင်း စိတ်မနှံ့သူ ဖြစ်သည် ဟု ကြေညာထားခြင်းခံရသူ ဟုတ်မဟုတ်၊

(၇) အဆိုပါ ပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ကြပ်မတ်ကွပ်ကဲခြင်း စည်းမျဉ်းအရ အရေးယူခြင်းကြောင့် သော်လည်းကောင်း၊ ဗဟိုဘဏ်ကသော်လည်းကောင်း ငွေရေးကြေးရေးအဖွဲ့ အစည်း သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ခုခုတွင် ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် ထမ်းဆောင်ခြင်းမှ ထုတ်ပယ်ခြင်း သို့မဟုတ် ရာထူးရပ်ဆိုင်းခြင်းခံရသူ ဟုတ်မဟုတ်၊

(၈) အဆိုပါ ပုဂ္ဂိုလ်သည် နိုင်ငံတော်တွင်ဖြစ်စေ၊ အရပ်ဒေသတစ်ခုခုတွင်ဖြစ်စေ လိုင်စင်အား ခေတ္တ ရပ်စဲခြင်း သို့မဟုတ် ရပ်စဲခြင်းခံထားရသည့် ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခုခု၏ အဓိကအစု ရှယ်ယာရှင်၊ ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ်တစ်ဦး ဟုတ်မဟုတ်။

(ဂ) ပုဒ်မခွဲ (ခ)ကို မထိခိုက်စေဘဲ ဘဏ်၏ ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ် သို့မဟုတ် မန်နေဂျာ သည် ယင်းဘဏ်၏ လက်အောက်ခံအခြားအဖွဲ့အစည်း သို့မဟုတ် ဦးပိုင်ကုမ္ပဏီမှအပ အခြားဘဏ် သို့မ ဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် တစ်ချိန်တည်းတာဝန် ထမ်းဆောင်ခြင်းမပြုရ။

(ဃ) မည်သူ့ကိုမျှ ၎င်း၏ဒါရိုက်တာအဖြစ် ခန့်အပ်ရန် ရည်ရွယ်ကြောင်း ဗဟိုဘဏ်သို့ အကြောင်းကြား စာပေးပို့ပြီးရက်ပေါင်း ၃၀ မပြည့်မီ ဒါရိုက်တာအဖြစ် အမည်စာရင်းတင်သွင်းခြင်း၊ ခန့်အပ်ခြင်း၊ ရွေး ချယ်တင်မြှောက်ခြင်း မပြုရ။

(င) အကြောင်းကြားစာကို ဗဟိုဘဏ်၏ သတ်မှတ်သည့်ပုံစံဖြင့် ပေးပို့ရမည်ဖြစ်ပြီး ဗဟိုဘဏ်က တောင်းခံသည့် သက်ဆိုင်သော စာတမ်းအမှတ်အသားများနှင့် သတင်းအချက်အလက်များ ပူးတွဲပါရှိရ မည်။

(စ) ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့တွင် ရည်ညွှန်းဖော်ပြသော ကိစ္စတရပ်ရပ်ကို သေချာစစ်ရန် လိုအပ်သလို စဉ်းစားချင့်ချိန်ပြီး နောက်ကြောင်း စုံစမ်းစစ်ဆေးခြင်း တစ်ရပ်ရပ်ဆောင်ရွက်ရန် ဗဟိုဘဏ်သည် ဤ ဥပဒေအရ အခွင့်အာဏာရှိသည်။

အမှုဆောင်အရာရှိချုပ် ခန့်ထားခြင်းနှင့် ဝန်ဆောင်မှုစည်းကမ်းချက်များ

၇၇။ (က) ဒါရိုက်တာအဖွဲ့သည် ဤဥပဒေနှင့် သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်းများနှင့်အညီ ဘဏ်၏ အမှုဆောင်အရာရှိချုပ်ကို ခန့်အပ်ရမည်။

(ခ) ဘဏ်က ပုဒ်မ ၇၆၊ ပုဒ်မခွဲ (ဃ) ကို လိုက်နာမှုမရှိဘဲ မည်သူ့ကိုမျှ အမှုဆောင်အရာရှိချုပ် အဖြစ် အမည်စာရင်းတင်သွင်းခြင်း သို့မဟုတ် ခန့်အပ်ခြင်းမပြုရ။

(ဂ) ဗဟိုဘဏ်သည် ဘဏ်ကအမှုဆောင်အရာရှိချုပ်ခန့်အပ်ရန် ရည်ရွယ်ကြောင်း အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဘဏ်၏ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း သို့မဟုတ် အတည်ပြုရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ဃ) ပုဒ်မခွဲ (ဂ)အရ ဗဟိုဘဏ်၏ အတည်ပြုရန် ငြင်းပယ်ကြောင်း အကြောင်းကြားချက်ကို မကျေနပ် သူတစ်ဦးဦးသည် ထိုအကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ၁၅ရက်အတွင်း ဗဟိုဘဏ်သို့ အယူခံနိုင် သည်။

(င) ပုဒ်မခွဲ (ဃ)အရ အယူခံမှုကို လက်ခံရရှိသည့်အခါ ဗဟိုဘဏ်သည် လက်ခံရရှိသည့် နေ့မှရက်ပေါင်း ၃၀ အတွင်း အမည်စာရင်းတင်သွင်းခြင်း သို့မဟုတ် ခန့်အပ်ခြင်းကို အတည်ပြုခြင်း သို့မဟုတ် အယူခံ ကိုပယ်ချခြင်း ပြုနိုင်သည်။

(စ) ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်စေရမည်။

ဒါရိုက်တာများနှင့် အရာရှိများ အရည်အချင်းပျက်ယွင်းခြင်းနှင့် ရာထူးတာဝန်မှ ထုတ်ပယ်ခြင်း

၇၈။ (က) ပုဂ္ဂိုလ်တစ်ဦးဦးသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းမရှိစေရ-

(၁) ရာထူးတာဝန်တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် သင့်မြတ်လျော်ကန်မှု မရှိသူဖြစ်ခြင်း၊

(၂) ပုဒ်မ ၇၆ ၊ ပုဒ်မခွဲ(ဃ)အရ ဗဟိုဘဏ်သို့ နည်းလမ်းတကျ အကြောင်းကြားခြင်းမရှိဘဲ ခန့်အပ် ထားသူ၊ ရွေးချယ် တင်မြှောက်ထားသူ သို့မဟုတ် အမည်စာရင်းတင်သွင်းထားသူဖြစ်ခြင်း၊

(၃) ခန့်အပ်ခြင်း သို့မဟုတ် အမည်စာရင်းတင်သွင်းခြင်းအား ဗဟိုဘဏ်က ပုဒ်မ ၇၇၊ ပုဒ်မခွဲ (ဂ)အရ အတည်ပြုရန် ငြင်းပယ်ခြင်း ခံရသူဖြစ်ခြင်း၊

(၄) ဘဏ်၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရန် အရည်အချင်းမပြည့်သူ၊ အမြဲတမ်းမစွမ်းဆောင်နိုင်သူ ဖြစ်ခြင်း၊

(၅) ဘဏ်၏ ရည်ရွယ်ချက်များနှင့် ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို တစ်နည်းနည်းဖြင့် သိသာ ထင်ရှားစွာ ဆန့်ကျင်မှုများ ပြုလုပ်လာသူဖြစ်ခြင်း။

(ခ) ဘဏ်သည် ၎င်း၏ဒါရိုက်တာများ သို့မဟုတ် အမှုဆောင်အရာရှိချုပ်က ရာထူးတာဝန်ထမ်းဆောင် ရန် အရည်အချင်း ပျက်ယွင်းလာကြောင်း သိရှိသည့်နေ့မှ ၁၅ ရက်အတွင်း ထိုဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိချုပ်အား ထုတ်ပယ်ရမည်ဖြစ်ပြီး ဗဟိုဘဏ်သို့လည်း အကြောင်းကြားစာ ပေးပို့ရမည်။

(ဂ) ဗဟိုဘဏ်သည် ဘဏ်၏ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိချုပ် တစ်ဦးဦးက ပုဒ်မခွဲ(က)အရ ရာထူးတာဝန် ဆက်လက်ထမ်းဆောင်ရန် အရည်အချင်း ပျက်ယွင်းကြောင်း တွေ့ရှိသည့်အခါ ဗဟိုဘဏ် သည်-

(၁) အဆိုပါပုဂ္ဂိုလ်အား သတ်မှတ်ပေးသည့် ရက်အတွင်း ရာထူးမှထုတ်ပယ်ရန်စာဖြင့် ညွှန်ကြားနိုင် သည်။ ထို့ပြင်

(၂) ထိုသို့ညွှန်ကြားချက် မိတ္တူပူးတွဲ၍ ရာထူးတာဝန်မှ ထုတ်ပယ်ခြင်းခံရသူထံစာဖြင့် အကြောင်းကြား ရမည်။

(ဃ) ဘဏ်သည် ညွှန်ကြားချက်ပါ သတ်မှတ်ပေးသည့် အချိန်အတွင်း အဆိုပါပုဂ္ဂိုလ်အား ရာထူးတာဝန် မှ ထုတ်ပယ်ကြောင်းကို အကြောင်းကြားပြီး ဘဏ်၏ အစုရှယ်ယာဝင်များထံ လိုအပ်သလို အကြောင်း ကြားရမည်။ ထို့ပြင် ကုမ္ပဏီများ မှတ်ပုံတင်အရာရှိထံသို့ ထုတ်ပယ်ခြင်း ကိစ္စကို အကြောင်းကြားရမည်။

(င) ပုဒ်မခွဲ (ဂ)အရ ညွှန်ကြားချက်နှင့်အညီ ဒါရိုက်တာ သို့မဟုတ် အရာရှိအား ထုတ်ပယ်ခြင်းသည် အခြားတည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တွင်ဖြစ်စေ၊ ဘဏ်၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း တွင်ဖြစ်စေ မည်သို့ပင်ပါရှိစေကာမူ အဆိုပါရာထူး တာဝန်မှ ထုတ်ပယ်ကြောင်း ထုတ်ပြန်ကြေ ညာ ချက်ကို လက်ခံရရှိသည့်နေ့မှစ၍ အကျိုးသက်ရောက်မှု ရှိစေရမည်။

(စ) ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) အရ ပေးသည့် ညွှန်ကြားချက်ကို သတ်မှတ်အချိန်ကာလအတွင်း လိုက်နာရန် ပျက်ကွက်သော ဘဏ်ဖြစ်ပြီး ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂)အရ အကြောင်းကြားစာ ချမှတ် ခြင်းခံရသော ၎င်း၏ တာဝန်ဆက်လက် ထမ်းဆောင်သော ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဤဥပဒေ အရ ပြစ်မှုကျူးလွန်ရာရောက်သည်။

(ဆ) ဘဏ်တစ်ခုခုက ပုဒ်မခွဲ (ဂ) အရ ထိုဘဏ်၏ ဒါရိုက်တာ သို့မဟုတ် အရာရှိရာထူး တာဝန်မှ ထုတ် ပယ်ခြင်းကို ကျေနပ်မှုမရှိလျှင် သက်ဆိုင်ရာပုဂ္ဂိုလ်က ဗဟိုဘဏ်သို့ အယူခံနိုင်သည်။ ထိုကိစ္စတွင် ပုဒ်မ ၇၇၊ ပုဒ်မခွဲ (ဃ)  နှင့် (င) တို့အရ ပြဋ္ဌာန်းသည့် လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်စေရမည်။

အကျိုးစီးပွားများ ထုတ်ဖော်အသိပေးခြင်း

၇၉။ (က) ဒါရိုက်တာနှင့် အရာရှိတိုင်းသည် ၎င်းဖြစ်စေ၊ ၎င်း၏ဆွေမျိုးများဖြစ်စေ တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပိုင်ဆိုင်သည့် အရေးကြီးသော ငွေရေးကြေးရေးနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ အကျိုးစီးပွား အပြည့်အစုံကို ဒါရိုက်တာအဖွဲ့သို့ ထုတ်ဖော်တင်ပြရမည်။

(ခ) ပုဒ်မခွဲ (က) ပါ ထုတ်ဖော်တင်ပြခြင်းကို ဘဏ်၏ ဒါရိုက်တာ ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် မန်နေဂျာအဖြစ် ခန့်အပ်တာဝန်ပေးသည်နှင့် ပထမဦးစွာပြုလုပ်ရမည်ဖြစ်ပြီး နှစ်စဉ်ထုတ်ဖော် တင်ပြ ခြင်းကိုလည်း ပြုလုပ်ရမည်။

(ဂ) ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ယင်းကဲ့သို့ အကျိုးစီးပွားတစ်ရပ် ထပ်မံတိုးပွားရရှိသည့် အခါ တွင်လည်း ဒါရိုက်တာ အဖွဲ့အစည်းအဝေးတွင် ထိုအကျိုးစီးပွားကို ထုတ်ဖော်တင်ပြရမည်။ သို့ရာတွင် ထိုကိစ္စနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချရန် အကြေအလည်ဆွေးနွေးခြင်း သို့မဟုတ် မဲပေးခြင်းပြုရာ၌ တက်ရောက်ခြင်းမပြုရ။

ဒါရိုက်တာများနှင့် အရာရှိများ၏ ပေးရန်တာဝန်

၈၀။ (က) ဤဥပဒေနှင့်အခြားဥပဒေတစ်ရပ်ရပ်အရ ပြဋ္ဌာန်းသတ်မှတ်သည့် ပေးရန်တာဝန်များအပြင် ဘဏ်၏ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိသည် ၎င်း၏လုပ်ငန်းတာဝန်များ ဆောင် ရွက်ရာတွင် အလွန်အမင်းပေါ့ဆမှုကြောင့် ဖြစ်စေ၊ တမင်မလျော်မကန်ပြုလုပ်မှုကြောင့်ဖြစ်စေ ဘဏ်တွင် သော်လည်းကောင်း၊ ဘဏ်၌ ငွေအပ်နှံသူ အခြားပုဂ္ဂိုလ်တွင် သော်လည်းကောင်း ဖြစ်ပေါ်သည့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် ပေးလျော်ရန်တာဝန်ရှိသည်။

(ခ) ဤပုဒ်မပါ ပုဂ္ဂိုလ်က လုပ်ပိုင်ခွင့်လွှဲအပ်ထားသူ၏ အလွန်အမင်းပေါ့ဆမှုကြောင့်ဖြစ်စေ၊ တမင် မလျော်မကန် ပြုလုပ်မှုကြောင့်ဖြစ်စေ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် အဆိုပါ လွှဲအပ်တာဝန်ပေးသူ နှင့် လွှဲအပ်တာဝန်ပေးခြင်းခံရသူတို့သည် တစ်ဦးချင်းသော်လည်းကောင်း၊ တွဲဖက်၍သော်လည်းကောင်း ပေးလျော်ရန် တာဝန်ရှိစေရမည်။

(ဂ) ဤပုဒ်မအရ ဒါရိုက်တာ သို့မဟုတ် အရာရှိထံမှ ဆုံးရှုံးနစ်နာမှုကို ပြန်လည်ပေးလျော်ရန် ဆောင်ရွက် ချက်များကို ပေါ့ဆမှု သို့မဟုတ် မလျော်မကန်ပြုလုပ်မှု ဖြစ်ပေါ်ပြီး သုံးနှစ် အတွင်း စတင်ပြုလုပ်ရမည်။

လျှို့ဝှက်ချက်များ ထိန်းသိမ်းရန်တာဝန်

၈၁။ (က) ဘဏ်သည် မိမိအဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေစာရင်း၊ မှတ်တမ်းနှင့် လွှဲ ပြောင်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို လုံခြုံစွာထိန်းသိမ်းရမည်။

(ခ) ဘဏ်တစ်ခုခု၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ဝန်ထမ်းများသည် ဆက်သွယ်ဆောင်ရွက်သူ၏ သတင်းအချက်အလက်အား မည်သူ့ကိုမျှ ပေးခြင်း သို့မဟုတ် အခြားနည်းဖြင့် ထုတ်ဖော်ခြင်းမပြုရ။

(ဂ) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်၍ ပုဂ္ဂိုလ်တစ်ဦးဦး သိရှိစေရန်အလို့ငှာ ထုတ်ဖော်သော သတင်းအချက်အလက် သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုကို ရရှိသူသည် အခြားပုဂ္ဂိုလ်တစ်ဦး ဦးအား အလားတူထုတ်ဖော်ခြင်း မပြုရ။

လျှို့ဝှက်ထားရန်တာဝန်အား ခြွင်းချက်ပြုခြင်း

၈၂။ (က) ပုဒ်မ ၈၁ ပါပြဋ္ဌာန်းချက်သည် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူဆိုင်ရာ သတင်းအချက် အလက်ကို အောက်ပါ ကိစ္စများတွင် ထုတ်ဖော်ခြင်းနှင့် မသက်ဆိုင်စေရ-

(၁) ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်တာဝန်များ ကျင့်သုံးဆောင်ရွက်ရေးအတွက် ဗဟိုဘဏ်ကို ဖြစ်စေ၊ ဗဟို ဘဏ်၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ်  ဝန်ထမ်းသို့ဖြစ်စေ ဤဥပဒေအရ ခန့်အပ်တာဝန်ပေးသူ တစ်ဦး ဦးသို့ဖြစ်စေ ထုတ်ဖော်ခြင်း၊

(၂) ဘဏ်ထံမှ သတင်းအချက်အလက်ရရှိရန် ဗဟိုဘဏ်က စာဖြင့် အခွင့်အာဏာအပ်နှင်းထားခြင်းခံရ သည့် ဗဟိုဘဏ်တွင် လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုပေးသူ တစ်ဦးဦးသို့ ထုတ်ဖော်ခြင်း၊

(၃) ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူကဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်က ဖြစ်စေ ထုတ်ဖော်ရန် စာဖြင့် ခွင့်ပြုချက်ပေးထားခြင်း၊

(၄) ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူက ဘဏ်လူမွဲဖြစ်ကြောင်း ကြေညာခြင်းခံရသည့် ကိစ္စ သို့မ ဟုတ် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူသည် ကုမ္ပဏီဖြစ်ပြီး နိုင်ငံတော်တွင် ဖြစ်စေ၊ ပြည်ပတွင် ဖြစ်စေ စာရင်းရှင်းလင်းဖျက်သိမ်းဆဲ သို့မဟုတ် ဖျက်သိမ်းပြီးဖြစ်ခြင်း၊

(၅) စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်အတွက် လိုအပ်သော သတင်းအချက်အလက်ဖြစ်ပြီး ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ ငွေချေးရန်ထိုက်တန်မှု (Credit worthiness) ကိုစိစစ်ရန်အတွက်ဖြစ်ခြင်း၊

(၆) ဘဏ်နှင့် ၎င်း၏ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူအကြား သို့မဟုတ် ၎င်းအားအာမခံသူတို့ အကြားဖြစ်စေ၊ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ ငွေစာရင်းမှငွေကိုထုတ်ယူရန် တောင်းခံသူနှစ်ဦး ထက်ပိုသော ပုဂ္ဂိုလ်များအကြားဖြစ်စေ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ လုပ်ငန်းဆောင်ရွက်ချက် နှင့် ပတ်သက်၍ တရားမကြောင်းအရလည်းကောင်း၊ ပြစ်မှုကြောင်းအရ လည်းကောင်း တရားစွဲဆိုမှု အတွက် လိုအပ်သော သတင်းအချက်အလက်ဖြစ်ခြင်း၊

(၇) ဥပဒေအရ တရားရုံး၏ အမိန့်နှင့်အညီ ထုတ်ဖော်ခြင်း၊

(၈) ဘဏ်အတွင်း စာရင်းစစ်ဆေးမှုပြုခြင်းနှင့်သာ သက်ဆိုင်သည့်ကိစ္စ သို့မဟုတ် ဆုံးရှုံးနိုင်ခြေ စီမံ ခန့်ခွဲမှုအတွက် ဆောင်ရွက်ရသည့် ကိစ္စအတွက် ထုတ်ဖော်ခြင်း၊

(၉) ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးထားသည့် ချေးငွေသတင်းအချက်အလက်ဌာနသို့ ဖော်ထုတ်ခြင်း၊

(၁၀) ဘဏ်က ၎င်း၏လုပ်ငန်းတာဝန်များကို ပြင်ပအခြားအဖွဲ့အစည်းအား ဆောင်ရွက်စေသည့်အခါ ထိုပြင်ပအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များနှင့်သာ သက်ဆိုင်သည့် ကိစ္စအတွက် ထုတ်ဖော်ခြင်း၊

(၁၁) ဘဏ်က အခြားလိုင်စင်ရ အဖွဲ့အစည်းနှင့် ပူးပေါင်းရန် သို့မဟုတ် ပူးပေါင်းရေးအတွက် အဆိုပြု ရန်ကိစ္စနှင့် စပ်လျဉ်း၍ ထုတ်ဖော်ခြင်း၊

(၁၂) ဘဏ်၏လုပ်ငန်းများ အခြားဘဏ်သို့ လွှဲပြောင်းခြင်း သို့မဟုတ် လွှဲပြောင်းရန်အဆိုပြုခြင်း အတွက်ထုတ်ဖော်ခြင်း၊

(၁၃) အခန်း (၁၄)နှင့် (၁၅)တို့အရ ဘဏ်၏ ပြန်လည်ဖွဲ့စည်းခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ရောင်းချ ခြင်းနှင့်သာ သက်ဆိုင်သော ထုတ်ဖော်ခြင်း၊

(၁၄) ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ပါ ပြဋ္ဌာန်းချက် အရ ထုတ်ဖော်ခြင်း၊ အချက်အလက်များအသိပေးခြင်း။

(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၆) သို့မဟုတ် ပုဒ်မခွဲငယ် (၇)အရ တရားမမှုခင်းတစ်ခုခုတွင် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ ငွေစာရင်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် သို့မဟုတ် စာတမ်း အမှတ်အသားတစ်ခုခုကို ထုတ်ဖော်ရန်ရှိသည့်အခါ အဆိုပါ တရားမမှုခင်းတွင် တရားရုံး၏အမိန့်အရ ဖြစ်စေ၊ အမှုသည်တစ်ဦး၏ တောင်းဆိုချက်အပေါ် ချမှတ်သည့် အမိန့်အရဖြစ်စေ အဆိုပါအမှုကို တံခါး ပိတ်ကြားနာပြီး ထုတ်ဖော်သည့် သတင်းအချက်အလက် သို့မဟုတ် စာတမ်းအမှတ်အသားကို အမှုသည် များနှင့် တရားရုံးအကြား လျှို့ဝှက်ထားရမည်။ ထို့ပြင်မည်သည့်အမှုသည်မျှ ထိုသတင်းပေးချက် သို့မ ဟုတ် စာတမ်းအမှတ်အသားကို အခြားသူအား ထုတ်ဖော်ခြင်းမပြုရ။

(ဂ) တရားရုံးက အခြားနည်းဖြင့် အမိန့်ချမှတ်ထားခြင်းမရှိလျှင် မည်သူမျှ ပုဒ်မခွဲ (ခ)တွင် ရည်ညွှန်း ဖော်ပြထားသည့် အဆိုပါ တရားမမှုခင်းတွင် ပါဝင်သည့်အမှုသည် တစ်ဦးဦး၏ အမည်၊ နေရပ်လိပ်စာ သို့မဟုတ် ဓာတ်ပုံကိုသော်လည်းကောင်း၊ အမှုသည်များက ထိုအမှုတွင်မည်သူတို့က မည်သို့မည်ပုံပါဝင် သည်ကိုသိနိုင်လောက်သည့် သတင်းအချက်အလက်တစ်ခုခုကို သော်လည်းကောင်း ပုံနှိပ်ဖြန့်ချိခြင်းမပြု ရ။

လျှို့ဝှက်ချက်ထိန်းသိမ်းရန်တာဝန်နှင့် စပ်လျဉ်းသည့် နောက်ထပ်ခြွင်းချက်များ

၈၃။ အခြားပုဒ်မတစ်ခုခုတွင် မည်သို့ပင် ပါရှိစေကာမူ ဗဟိုဘဏ်သည်-

(က) ဘဏ်များထံမှ သတင်းအချက်အလက်များကို တစ်စုတစ်ပေါင်းတည်း ပုံစံဖြင့် အများပြည်သူ အကျိုးငှာ သင့်လျော်သည် ထင်မြင်လျှင် ပုံနှိပ်ဖြန့်ချိနိုင်သည်။

(ခ) သတင်းအချက်အလက်များကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ထိရောက်စွာ ကြီးကြပ်စစ်ဆေး ခြင်းအတွက်သာ အသုံးပြုရန်ဖြစ်ပါက ပြည်တွင်းပြည်ပမှ ငွေရေးကြေးရေးအဖွဲ့အစည်းများ ကြပ်မတ် ကွပ်ကဲရေးနှင့် ကြီးကြပ်စစ်ဆေးရေး အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်များကို လျှို့ဝှက် အဆင့်ဖြင့် ဖလှယ်နိုင်သည်။