ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း(၂၃) ပြစ်မှုနှင့် ပြစ်ဒဏ်များ

၈၇။ (က) မည်သူမဆို စီးပွားရေးအလို့ငှာ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို အခွင့်အရေးရရှိသူ၏ သဘောတူခွင့်ပြုချက်မရှိဘဲ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုသုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်သည်-

(၁) အမှတ်တံဆိပ်အတုပြုလုပ်ခြင်း၊

(၂) အမှတ်တံဆိပ်အတုအား ကုန်ပစ္စည်းတွင် အသုံးချခြင်း သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အသုံးချခြင်း၊

(၃) အမှတ်တံဆိပ် အတုပြုလုပ်ရန် ဖြစ်စေ၊ အမှတ်တံဆိပ်အတုကို ကုန်ပစ္စည်းတွင် အသုံးချရန်ဖြစ်စေ အဓိကအသုံးပြုသော မည်သည့်ပစ္စည်း သို့မဟုတ် ကိရိယာတန်ဆာပလာများကိုမဆို လက်ဝယ်ထား ရှိခြင်း။

(ခ) မည်သူမဆို စီးပွားရေးအလို့ငှာ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်-

(၁) အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းအားရောင်းဝယ်ဖောက်ကားဖြန့်ဝေခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကား ဖြန့်ဝေရန် လက်ဝယ်ထားခြင်း၊

(၂) အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းအား နိုင်ငံတော်သို့တင်သွင်းခြင်း သို့မဟုတ် နိုင်ငံတော်မှတင်ပို့ခြင်း။

၈၈။ မည်သူမဆို ပုဒ်မ ၈၇ ပါ ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက် အဆိုပါပြစ်မှုကိုထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်း ဆုံးသုံးနှစ်မှ အများဆုံး ၁၀ နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်လည်းချမှတ်နိုင်သည်။

၈၉။ မည်သူမဆိုနိုင်ငံတော်မှ အဖွဲ့ဝင်ထားသော အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များအရ အထူးအကာအကွယ်ပေးထားသောအလံ သို့မဟုတ် သင်္ကေတအမှတ်အသားများကို အမှတ်တံဆိပ်အဖြစ် စီးပွားရေးအလို့ငှာ အသုံးပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၉၀။ မည်သူမဆို အမှတ်တံဆိပ်ပိုင်ရှင်ကို ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မှတ်ပုံတင်အမှတ်တံဆိပ်ကို ဖယ်ရှားခြင်း၊ ဖျက်ဆီးခြင်း၊ ပုံသဏ္ဌာန်ဖျက်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းတစ်ခုခုပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

၉၁။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်သည်-

(က) အမှတ်တံဆိပ်မှတ်ပုံတင်လက်မှတ်ကို မမှန်မကန်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးစေခြင်း၊

(ခ) အမှတ်တံဆိပ် မှတ်ပုံတင်စာရင်းတွင် မရိုးမဖြောင့်သောသဘောဖြင့် မမှန်မကန်ရေးသွင်းခြင်း သို့မဟုတ် ရေးသွင်းစေခြင်း၊

(ဂ) ပုဒ်မ ၅၂ ပါတားမြစ်ချက်ကိုဖောက်ဖျက်ခြင်း။

၉၂။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာတွင်ပူးပေါင်းပါဝင်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်အတိုင်းချမှတ်ခြင်းခံရမည်။