ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း(၂၂) အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်တရားရုံး၏ လုပ်ပိုင်ခွင့်များ

၇၇။ (က) အခွင့်အရေးရရှိသူသည် နစ်နာမှုအတွက် တရားမကြောင်းအရ ပုဒ်မ ၇၉ နှင့် ၈၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယာယီအရေးယူဆောင်ရွက်သည့် အမိန့်ချမှတ်ပေးရန် မူပိုင်ခွင့်တရားရုံးတွင် အထွေထွေမှု လျှောက်ထားနိုင်သည်။

(ခ) အခွင့်အရေးရရှိသူသည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေအရေးယူပေးရန် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားနိုင်သည်။

၇၈။ မူပိုင်ခွင့်တရားရုံးသည်-

(က) အမှတ်တံဆိပ်ပိုင်ရှင် မဟုတ်သော အခြားသူတစ်ဦးက ယင်းအမှတ်တံဆိပ် ပိုင်ရှင်၏သဘောတူ ခွင့်ပြုချက်မပါဘဲ ပုဒ်မ ၃၈ ပါ အခွင့်အရေးတစ်ရပ်ရပ်ကို နိုင်ငံတော်တွင် ကျင့်သုံးဆောင်ရွက်ပါက ဤဥပဒေအရ အကာအကွယ်ပေးထားသော အမှတ်တံဆိပ်ကို ချိုးဖောက်သည်ဟု မှတ်ယူရမည်။

(ခ) ထပ်တူ သို့မဟုတ် အလားတူသော ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများအတွက်ထပ်တူ သို့မဟုတ် အလားတူ မှတ်ပုံတင်မထားသည့် ကျော်ကြားသော အမှတ်တံဆိပ်သင်္ကေတတစ်ခုအား ခွင့်ပြုချက်မရဘဲ အသုံးပြုခြင်းသည် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေနိုင်သည်ဟု မှတ်ယူရမည်။

၇၉။ (က) မူပိုင်ခွင့်တရားရုံးသည် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ ပုဒ်မ ၇၇၊ ပုဒ်မခွဲ (က) အရ လျှောက်ထားလာပါက တရားမကြောင်းအရ ကုစားဆောင်ရွက်ရန် အောက်ပါယာယီအရေးယူဆောင်ရွက်သည့် အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

(၁) အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းကို ကာကွယ်တားဆီးရန်နှင့် အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်အရပ်ရပ် ပေးဆောင်၍ ရှင်းလင်းထုတ်ယူပြီးသည့် သွင်းကုန် ပစ္စည်းများ အပါအဝင်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်သည့် ကုန်ပစ္စည်းများ နိုင်ငံတော်၏ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကို တားဆီးရန်သင့်သည် ထင်မြင်သည့် အမိန့်၊

(၂) စွပ်စွဲခံရသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်မှုနှင့် သက်ဆိုင်သည့် သက်သေခံအထောက်အထားများကို မူလအခြေအနေမပျက်ထိန်းသိမ်းထားရန်သင့်သည်ထင်မြင်သည့် အမိန့်၊

(၃) သက်ဆိုင်ရာအကောက်ခွန်ဦးစီးဌာနက ထုတ်ထားသည့် ဆိုင်းငံ့မိန့်ကို ပြင်ဆင်ရန်၊ ပယ်ဖျက်ရန် သို့မဟုတ် အတည်ပြုရန် အမိန့်။

(ခ) မူပိုင်ခွင့်တရားရုံးသည် ယာယီအရေးယူဆောင်ရွက်ပေးရန်အတွက် လျှောက်ထားသူထံမှအောက်ပါ တို့ကို တင်သွင်းရန် ညွှန်ကြားနိုင်သည်-

(၁) လျှောက်ထားသူမှာ အခွင့်အရေးရရှိသူဖြစ်ကြောင်း၊ ယင်း၏အခွင့်အရေးကိုထိပါးချိုးဖောက်နေကြောင်း သို့မဟုတ် ထိပါးချိုးဖောက်ရန် အလားအလာရှိကြောင်းထင်ရှားစေရန် ခိုင်လုံသည့်အထောက်အထားများကို တင်ပြစေခြင်း၊

(၂) ယာယီ အရေးယူဆောင်ရွက်မှုကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်တားဆီးရန်အတွက် လုံလောက်သည့် အာမခံတင်သွင်းစေခြင်း။

(ဂ) မူပိုင်ခွင့်တရားရုံးသည် ပုဒ်မခွဲ (က) ပါ အမိန့်အရ ယာယီအရေးယူ ဆောင်ရွက်မှုများကို ဆောင်ရွက်ရာတွင် ထိပါးချိုးဖောက်သည်ဟု စွပ်စွဲခံရသော ကုန်ပစ္စည်းများကို ခွဲခြားသတ်မှတ်နိုင်ရန် နောက်ထပ်လိုအပ်သော မည်သည့်သတင်းအချက်အလက်ကိုမဆို တင်သွင်းရန် လျှောက်ထားသူကိုထပ်မံ ညွှန်ကြား နိုင်သည်။

(ဃ) မူပိုင်ခွင့်တရားရုံးသည် လျှောက်ထားတောင်းဆိုခဲ့သည့် ယာယီအရေးယူဆောင်ရွက်ချက်များကို စတင်ဆောင်ရွက်ခဲ့သည့်နေ့မှစ၍ ထိခိုက်နစ်နာမှုအပေါ် အမှုကို အပြီးအပြတ်ဆုံးဖြတ်နိုင်ရန်အတွက် မူပိုင်ခွင့်တရားရုံးက သတ်မှတ်ထားသည့် သင့်လျော်သောကာလအတွင်း သို့မဟုတ် ယင်းကဲ့သို့ သတ်မှတ်ထားခြင်းမရှိခဲ့လျှင် ယာယီအရေးယူ ဆောင်ရွက်ရန်အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း တရားစွဲဆိုမှုကို တရားမကြောင်းအရ တရားစွဲဆိုခြင်းမရှိလျှင် ပုဒ်မ ၈၀၊ ပုဒ်မခွဲ (ခ) ကို မထိခိုက်စေဘဲ ပုဒ်မ ၇၉၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၈၀၊ ပုဒ်မခွဲ (က) တို့အရ ချမှတ်ထားသော ယာယီအရေးယူဆောင်ရွက်ချက်များကို လျှောက်ထားခံရသူ၏ တောင်းဆိုချက်အရ ရုပ်သိမ်းရမည် သို့မဟုတ် အကျိုးသက်ရောက်မှုကို ရပ်စဲရမည်။

(င) မူပိုင်ခွင့် တရားရုံးသည် ယာယီအရေးယူ ဆောင်ရွက်ချက်များကို ရုပ်သိမ်းလျှင်ဖြစ်စေ၊ လျှောက်ထားသူ၏ ပျက်ကွက်မှု သို့မဟုတ် ပြုလုပ်မှုတစ်ရပ်ရပ်ကြောင့် ရပ်စဲလျှင်ဖြစ်စေ၊ အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်ခြင်းမရှိကြောင်း သို့မဟုတ် ထိပါးချိုးဖောက်ရန်အလားအလာမရှိကြောင်း တွေ့ရှိလျှင်ဖြစ်စေ လျှောက်ထားခံရသူ၏ တောင်းဆိုချက်အရ အဆိုပါအရေးယူ ဆောင်ရွက်ချက်များကြောင့် ပေါ်ပေါက်သောထိခိုက်နစ်နာမှုများအတွက် သင့်လျော်သောလျော်ကြေးကို လျှောက်ထားသူကလျှောက်ထားခံရသူသို့ ပေးစေရန် အမိန့်ချမှတ်နိုင်သည်။

၈၀။ (က) မူပိုင်ခွင့်တရားရုံးသည် အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် တစ်ဖက်သတ် ယာယီအရေးယူ ဆောင်ရွက်သည့် အမိန့်များကို ချမှတ်နိုင်သည်-

(၁) အခွင့်အရေးရရှိသူကို ကုစား၍မရနိုင်သော ထိခိုက်နစ်နာမှုကို ဖြစ်စေတန်ရာသည့်နှောင့်နှေး ကြန့်ကြာမှုတစ်စုံတစ်ရာရှိခြင်း၊

(၂) သက်သေခံအထောက်အထားများ ပျက်စီးဆုံးရှုံးမည့် အန္တရာယ်အမှန်တကယ်ကျရောက်နေခြင်း။

(ခ) မူပိုင်ခွင့်တရားရုံးသည် တစ်ဖက်သတ်ယာယီအရေးယူ ဆောင်ရွက်ရာတွင်-

(၁) ဆောင်ရွက်ပြီးလျှင်ပြီးချင်း နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ယာယီအရေးယူဆောင်ရွက်သည့် အမိန့်ကို လျှောက်ထားခံရသူထံ အသိပေးအကြောင်းကြားရမည်။

(၂) မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့် အချိန်ကာလအတွင်း သို့မဟုတ် ယင်းကဲ့သို့သတ်မှတ်ချက်မရှိခဲ့လျှင် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အကြောင်းကြားခံရသူက လိုက်နာခြင်းမရှိလျှင် ယင်းအရေးယူဆောင်ရွက်ချက်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။

(ဂ) ယင်းအရေးယူ ဆောင်ရွက်ချက်များအပေါ် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အတည်ပြုခြင်းတို့ကို ဆုံးဖြတ်ပေးရန် လျှောက်ထားခံရသူများ၏ တောင်းဆိုချက်အရ နှစ်ဖက်ကြားနာ၍ ပြန်လည်စစ်ဆေးခြင်းတစ်ရပ်ကို သင့်လျော်သည့်ကာလအတွင်းဆောင်ရွက်ရမည်။

၈၁။ (က) အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ တရားမ ဥပဒေနှင့် တရားမကျင့်ထုံးဥပဒေတို့ကို မထိခိုက်စေဘဲ ပုဒ်မ ၇၇၊ ပုဒ်မခွဲ (ခ) အရ စွဲဆိုမှုတွင် မူပိုင်ခွင့်တရားရုံးသည် အောက်ပါအမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

(၁) အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်အရပ်ရပ်ပေးဆောင်၍ ရှင်းလင်းထုတ်ယူပြီးတင်သွင်းလာ မည့် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ထားသည့်ကုန်ပစ္စည်းများ နိုင်ငံတော်၏ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကို တားဆီးခြင်း အပါအဝင် အမှတ်တံဆိပ်မူ ပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးထိပါးချိုးဖောက်မှုအတွက် တားမြစ်သည့် အမိန့်၊

(၂) (ကက) အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းကြောင့်ဖြစ်ပေါ်လာသော အခွင့်အရေးရရှိသူ၏ ထိခိုက်နစ်နာမှုများအတွက် ထိပါးချိုးဖောက်သူမှ အခွင့်အရေးရရှိသူထံသို့ လုံလောက်သော နစ်နာကြေးကိုပေးဆောင်စေရန်အတွက် ချမှတ်သည့် အမိန့် သို့မဟုတ် သင့်လျော်သော ကိစ္စရပ်များတွင် အခွင့်အရေးရရှိသူမှ ကြိုတင်သတ်မှတ်တောင်းဆိုထားသော နစ်နာကြေးကိုဖြစ်စေ၊ ချိုးဖောက်သူမှ ရယူခံစားခဲ့သောအကျိုးအမြတ်ကိုဖြစ်စေ၊ နှစ်ရပ်လုံးကိုဖြစ်စေ ပြန်လည်ပေးစေရန် အမိန့်၊

(ခခ) အခွင့်အရေးရရှိသူ၏ တရားစရိတ်နှင့် ရှေ့နေစရိတ်တို့ အပါအဝင်သင့်လျော်သော ကုန်ကျစရိတ် များကို ပေးဆောင်စေရန် အမိန့်၊

(၃) အခွင့်အရေးရရှိသူကို ထိခိုက်နစ်နာမှုမရှိစေရန်အလို့ငှာ လျော်ကြေးတစ်စုံတစ်ရာပေးဆောင်စေခြင်းမရှိဘဲ အမှတ်တံဆိပ် ချိုးဖောက်သော ကုန်ပစ္စည်းများကို ကုန်သွယ်မှုလမ်းကြောင်း စျေးကွက်မှ ဖယ်ရှားရန်သို့မဟုတ် ဖျက်ဆီးရန်ချမှတ်သည့်အမိန့်၊

(၄) အမှတ်တံဆိပ်ချိုးဖောက်သော ကုန်ပစ္စည်းများ ပြုလုပ်ရာတွင် အဓိကအသုံးပြုသော ပစ္စည်းကိရိယာတန်ဆာပလာများကို ကုန်သွယ်မှုလမ်းကြောင်း စျေးကွက်မှဖယ်ရှားရန် သို့မဟုတ် ဖျက်ဆီးရန် ချမှတ်သည့်အမိန့်။

(ခ) မူပိုင်ခွင့်တရားရုံးသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) နှင့် (၄) တို့အရ အမိန့်တစ်ခုခုကို ချမှတ်ရန်စဉ်းစားရာတွင် အဆိုပါအမိန့်နှင့် အမှတ်တံဆိပ်ချိုးဖောက်မှုအတိုင်းအတာကို အချိုးညီစွာ ချင့်ချိန် ဆုံးဖြတ်ရမည်ဖြစ်ပြီး အခြားအကျိုးသက်ဆိုင်သူများ၏ အကျိုးစီးပွားကိုလည်းထည့်သွင်း စဉ်းစားရမည်။

၈၂။ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးချိုးဖောက်ခံရသည်ဟု မရိုးမဖြောင့်သောသဘောဖြင့် မမှန်မကန်တိုင်ကြားကြောင်းပေါ်ပေါက်လျှင် ယင်းသို့တိုင်ကြားခြင်းကြောင့် မှားယွင်းစွာ ဟန့်တား ခံရသည့်လျှောက်ထားခံရသူကို လျှောက်ထားသူက လျော်ကြေးပေးရမည့်အပြင် လျှောက်ထားခံရသူ၏ ကျသင့်သော ရှေ့နေစရိတ် အပါအဝင်တရားစရိတ်နှင့် အခြားကုန်ကျစရိတ်များကို လျှောက်ထားသူက ပေးဆောင်စေရန် မူပိုင်ခွင့်တရားရုံးက အမိန့်ချမှတ်နိုင်သည်။

၈၃။ (က) မူပိုင်ခွင့်တရားရုံးသည် အောက်ပါအခြေအနေများတွင် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ သင့်လျော်သော ကိစ္စရပ်များတွင် လျှို့ဝှက်သတင်း အချက်အလက်များကို အကာအကွယ်ပေးလျက် သက်သေခံအထောက်အထားများကို တစ်ဖက်အမှုသည်က တင်ပြရန် အမိန့်ချမှတ်နိုင်သည်-

(၁) အခွင့်အရေးရရှိသူက ယင်း၏တောင်းဆိုချက်များကို လုံလောက်စွာ အထောက်အကူပြုနိုင်မည့် ခိုင်လုံသည့် သက်သေခံအထောက်အထားများကို တင်ပြထားသောအခါ၊

(၂) ယင်းတောင်းဆိုချက်များနှင့်စပ်ဆိုင်သည့် ခိုင်လုံသောသက်သေခံအထောက်အထားများသည် တစ်ဖက်အမှုသည်၏ လက်ဝယ်တွင်ရှိကြောင်း တိကျစွာ ဖော်ပြထားသောအခါ။

(ခ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မိမိအလိုအလျောက် ထိပါးချိုးဖောက်မှုတွင်မူပိုင်ခွင့်တရားရုံးသည် အောက်ပါအခြေအနေများ၌ ထိခိုက်နစ်နာသူနှင့် ထိပါးချိုးဖောက်သူတို့၏ စွပ်စွဲချက်များ သို့မဟုတ် သက်သေခံအထောက်အထားများအရကြားနာခွင့်ပေးပြီး ယင်းတို့၏ အပြန်အလှန် စွပ်စွဲငြင်းဆိုသည့်အချက်များအပါအဝင် သတင်းအချက်အလက်များအပေါ် အခြေခံ၍ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်းစသည့် ပဏာမနှင့် အပြီးသတ်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည်-

(၁) လိုအပ်သည့် သတင်းအချက်အလက်များကို ရယူရာတွင် ငြင်းဆိုလျှင်၊

(၂) သင့်လျော်သော ကာလအတွင်း လိုအပ်သော သတင်းအချက်အလက်ကို မပေးပို့နိုင်လျှင်၊

(၃) အရေးယူဆောင်ရွက်မှုနှင့်စပ်လျဉ်းသော လုပ်ထုံးလုပ်နည်းများကို သိသာစွာဟန့်တားလျှင်။

၈၄။ မူပိုင်ခွင့်တရားရုံးသည် ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်တွင် ငွေဒဏ်ချမှတ်ခဲ့ပါက ယင်းချမှတ်သော ငွေဒဏ်အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း နစ်နာကြေးအဖြစ် နစ်နာသူအားပေးစေရန် အမိန့်ချမှတ်နိုင်သည်။

၈၅။ တရားစွဲဆိုရန် အကြောင်းတစ်ရပ်တည်းကို အခြေပြ၍ ပြစ်မှုကြောင်းနှင့် တရားမကြောင်း နှစ်ရပ်လုံးဖြင့် စွဲဆိုပါက မူပိုင်ခွင့်တရားရုံသည် တရားမမှုတွင် ထိခိုက်နစ်နာမှုအတွက် နစ်နာကြေး ပေးစေရန် စီရင်ချက်၊ အမိန့်နှင့်ဒီကရီ ချမှတ်သည့်အခါ ပုဒ်မ ၈၄ အရ ချမှတ်သည့် ငွေဒဏ်မှနစ်နာကြေး အဖြစ်ပေးခဲ့သောငွေကြေးကို ခုနှိမ်ပေးရမည်။

၈၆။ မူပိုင်ခွင့်တရားရုံးသည် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းအတွက် အရေးယူ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဤဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် သက်သေခံအက်ဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် အခြားစပ်ဆိုင်သည့် တည်ဆဲဥပဒေတို့ပါ ပြဋ္ဌာန်းချက် များကို ကျင့်သုံးဆောင်ရွက်နိုင်သည်။