ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း(၂၁) အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကောက်ခွန်ဦးစီးဌာနက အကာအကွယ်ပေးခြင်း

၆၈။ အခွင့်အရေးရရှိသူသည် အမှတ်တံဆိပ်အတုကို အသုံးပြုထားသည်ဟု စွပ်စွဲခံထားရသော ကုန်ပစ္စည်းများကို နိုင်ငံတော် နယ်နိမိတ်အတွင်းသို့ တင်သွင်းထားကြောင်း သို့မဟုတ် တင်သွင်းလျက် ရှိကြောင်း သို့မဟုတ် တင်သွင်းရန်ရှိကြောင်း သံသယဖြစ်ဖွယ်ရာ အထောက်အထားရှိပါက အဆိုပါ ကုန်ပစ္စည်းကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့မိန့်ထုတ် ပေးရန်သတ်မှတ်ချက်နှင့်အညီ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားနိုင်သည်။

၆၉။ (က) အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည်-

(၁) ပုဒ်မ ၆၈ အရ လျှောက်ထားချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းလျှောက်လွှာကို လက်ခံကြောင်းသို့မဟုတ် ငြင်းပယ်ကြောင်းလျှောက်ထားသူထံ အကြောင်းကြားရမည်။

(၂) လျှောက်ထားချက်ကို စိစစ်ရန် လိုအပ်သော သတင်းအချက်အလက်များ မပြည့်စုံခဲ့လျှင် လျှောက်ထားသူမှ အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှ ၁၅ ရက် အတွင်း သတင်းအချက်အလက်များ ထပ်မံဖြည့်စွက်ပေးပို့ရန် ယင်း၏ဆုံးဖြတ်ချက်ကို လျှောက်ထားသူထံ အကြောင်းကြားစာပေးပို့၍ ရွှေ့ဆိုင်းရမည်။

(၃) လျှောက်ထားချက်ကို လက်ခံရာတွင် အာမခံချက်တစ်ရပ်ကို အကောက်ခွန်ဦးစီးဌာနတွင် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားသူမှပေးရန် သတ်မှတ်နိုင်သည်။

(၄) လျှောက်ထားချက်ကို ငြင်းပယ်ခဲ့လျှင် အကြောင်းပြချက်ကို ရှင်းလင်းစွာ ဖော်ပြရမည်။

(ခ) လျှောက်ထားသူသည် ပိုမိုတိုတောင်းသော အချိန်ကာလတစ်ခုကို တောင်းဆိုခြင်းမပြုခဲ့လျှင် ပုဒ်မခွဲ (က) ပါ လုပ်ဆောင်မှုများသည် ခြောက်လအထိ သက်ရောက်မှုရှိစေရမည်။

၇၀။ (က) အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၆၉ အရ လျှောက်ထားချက်ကို လက်ခံပြီးနောက်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်အရဖြစ်စေ အမှတ်တံဆိပ်အတု ကို အသုံးပြု၍ တင်သွင်းသော ကုန်ပစ္စည်းဖြစ်သည်ဟု ယူဆနိုင်သောခိုင်လုံသည့် အထောက်အထားများ ရှိလျှင် အဆိုပါကုန်ပစ္စည်းများကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့ထားရမည်။ ယင်းသို့ ဆိုင်းငံ့ထားခြင်းကို လျှောက်ထားသူနှင့် တင်သွင်းသူတို့အား ချက်ချင်းအကြောင်းကြားရမည်။

(ခ) အဆိုပါကုန်ပစ္စည်းသည် အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းဖြစ်ကြောင်း လျှောက်ထားသူ၏ တောင်းဆိုချက် မှန်ကန်ကြောင်း သက်သေပြရန် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် လျှို့ဝှက်သတင်းအချက်အလက်များအား မပေါက်ကြားစေဘဲ ဆိုင်းငံ့ထားသော ကုန်ပစ္စည်းများကို လျှောက်ထားသူနှင့် တင်သွင်းသူတို့အား လုံလောက်သော စစ်ဆေးခွင့်ပြုရမည်။

၇၁။ (က) လျှောက်ထားသူထံ ဆိုင်းငံ့မိန့်ကို အသိပေးအကြောင်းကြားသည့်နေ့မှ ၁၅ ရက်အတွင်း လျှောက်ထားသူက အမှုကိစ္စအမှားအမှန်အပေါ် ဆုံးဖြတ်နိုင်ရန် အရေးယူဆောင်ရွက်ခြင်းကို စတင် ဆောင်ရွက်နေကြောင်း သို့မဟုတ် မူပိုင်ခွင့်တရားရုံးမှ ကုန်ပစ္စည်းစီးဆင်းမှုဆိုင်းငံ့သည့် ယာယီအရေး ယူဆောင်ရွက်ချက်များသည် ကြန့်ကြာနေကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ အကြောင်းကြားခဲ့ခြင်းမရှိလျှင် ယင်းကုန်ပစ္စည်းကို ကင်းလွတ်ခွင့်ပြုရမည်။ သင့်လျော်သောကိစ္စရပ်များတွင် ထိုသတ်မှတ်သည့် အချိန်ကာလကို ၁၅ ရက် မကုန်ဆုံးမီ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ဖြင့် ၁၅ ရက် ထပ်မံတိုးနိုင်သည်။

(ခ) ပျက်စီးလွယ်သော ပစ္စည်းဖြစ်ပါက သတ်မှတ်ကာလသည် သုံးရက်ဖြစ်သည်။

၇၂။ ဆိုင်းငံ့မိန့်အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် တင်သွင်းသူသည် ဆိုင်းငံ့မိန့်ကို မကျေနပ်ပါက သက်ဆိုင်ရာစီရင်ပိုင်ခွင့်ရှိသည့် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားနိုင်သည်။ မူပိုင်ခွင့်တရားရုံးသည် ပြန်လည်စိစစ်ရန် အခွင့်အရေး တောင်းဆိုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်းဆိုင်းငံ့ကာလကို ပြင်ဆင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် အတည်ပြုခြင်း ပြုလုပ်ရမည်။

၇၃။ မူပိုင်ခွင့်တရားရုံးက အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်း မှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့လျှင် တင်သွင်းသူသည် အဆိုပါကုန်ပစ္စည်းများအား ထိန်းသိမ်းခြင်း၊ ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်းတို့အတွက် ကုန်ကျစရိတ်များကို အကောက်ခွန်ဦးစီးဌာနသို့ ပေးဆောင်ရမည်။ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အနေဖြင့် တင်သွင်းသူထံမှ အဆိုပါကုန်ကျစရိတ်များကို မရရှိခဲ့လျှင်လျှောက်ထားသူသည် အဆိုပါကုန်ကျစရိတ်များအား ပေးဆောင်ရန် တာဝန်ရှိပြီး တင်သွင်းသူထံမှ ထိုသို့ပေးဆောင်ရမည့် မည်သည့်စရိတ်ကိုမဆို ပြန်လည်ရပိုင်ခွင့်ရှိစေရမည်။

၇၄။ မူပိုင်ခွင့်တရားရုံးက အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းမဟုတ်ကြောင်း ဆုံးဖြတ်ခဲ့လျှင် အဆိုပါကုန်ပစ္စည်းများကို မှားယွင်းစွာဆိုင်းငံ့ခြင်းနှင့် ယာယီထိန်းသိမ်းခြင်းတို့ကြောင့် ဖြစ်ပေါ်သည့် နစ်နာကြေးကို မူပိုင်ခွင့်တရားရုံးမှ သတ်မှတ်ဆုံးဖြတ်သည့်ပမာဏအတိုင်း လျှောက်ထား သူမှ တင်သွင်းသူထံ ပေးဆောင်ရမည်။

၇၅။ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းများအား စီးပွားရေးအလို့ငှာမဟုတ်ဘဲ တင်သွင်းသူက ကိုယ်ပိုင်သုံးရန် ရည်ရွယ်၍ ခရီးသည် ဝန်စည်အနေဖြင့် ယူဆောင်လာသော ကုန်ပစ္စည်းနှင့် သော်လည်းကောင်း၊ နည်းဥပဒေတွင် သတ်မှတ်ဖော်ပြထားသော တင်သွင်းတင်ပို့လာသော ကုန်ပစ္စည်းနှင့်သော်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ။

၇၆။ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် အမှတ်တံဆိပ်အတုကို အသုံးပြုထားသည်ဟု စွပ်စွဲထားသည့် ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ကမ္ဘာ့အကောက်ခွန်အဖွဲ့နှင့်လည်းကောင်း၊ အခြားနိုင်ငံမှ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်လည်းကောင်း သတင်းအချက်အလက်များဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သည်။