ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၅) အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို တရားမဝင်ကြောင်းကြေညာခြင်းနှင့် ပယ်ဖျက်ခြင်း

၅၀။ (က) အကျိုးသက်ဆိုင်သူတစ်ဦးဦး၏ လျှောက်ထားချက်အရ ပုဒ်မ ၂၊ ပုဒ်မခွဲ (ည) ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မကိုက်ညီသော အမှတ်တံဆိပ်ဖြစ်ကြောင်း သို့မဟုတ် ပုဒ်မ ၁၃ ပါ ငြင်းပယ်ရန် ခိုင်လုံသည့် အကြောင်းပြချက်တစ်ရပ်ရပ်ကြောင့် မှတ်ပုံတင်ခွင့် မရရှိသင့်သည့် အမှတ်တံဆိပ်ဖြစ်ကြောင်း အထောက်အထားခိုင်လုံလျှင် မှတ်ပုံတင်အရာရှိသည် အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို တရားမဝင်ကြောင်း ကြေညာရမည်။

(ခ) အကျိုးသက်ဆိုင်သူတစ်ဦးဦး၏ လျှောက်ထားချက်အရ ပုဒ်မ ၁၄ ပါ ငြင်းပယ်ရန်ဆက်စပ်သော အကြောင်းပြချက်တစ်ရပ်ရပ်ကြောင့် မှတ်ပုံတင်ခွင့်မရရှိသင့်သည့် အမှတ်တံဆိပ်ဖြစ်ကြောင်း အထောက်အထားခိုင်လုံလျှင် မှတ်ပုံတင်အရာရှိသည် အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို တရားမဝင်ကြောင်း ကြေညာရမည်။

(ဂ) အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို တရားမဝင်ကြောင်း ကြေညာပေးရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ တရားရုံး၏ အပြီးသတ်ဆုံးဖြတ်ချက် သို့မဟုတ် စီရင်ချက်တို့ကို လက်ခံရရှိလျှင် မှတ်ပုံတင်အရာရှိသည် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားမဝင်ကြောင်း ကြေညာရမည်။

(ဃ) (၁) ပုဒ်မခွဲ (က) ပါ တရားမဝင်ကြောင်း ကြေညာခြင်းအတွက် တောင်းဆိုချက်ကို မည်သည့်အချိန်တွင်မဆို လျှောက်ထားနိုင်သည်။

(၂) မရိုးမဖြောင့်သောသဘောဖြင့် မှတ်ပုံတင်ခဲ့ခြင်းမဟုတ်လျှင် ပုဒ်မခွဲ (ခ) ပါ တရားမဝင်ကြောင်း ကြေညာခြင်းအတွက် တောင်းဆိုချက်သည် မှတ်ပုံတင်သည့်နေ့မှ ငါးနှစ်အတွင်းသာ လျှောက်ထား နိုင်သည်။

(င) တရားမဝင်ကြောင်း ကြေညာသည့် အကြောင်းရင်းများသည် မှတ်ပုံတင်ထားသော အမှတ်တံဆိပ်၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအချို့နှင့်သာ သက်ဆိုင်လျှင် ယင်းနှင့်ဆက်စပ်သော မှတ်ပုံတင်ခြင်းကိုသာလျှင် တရားမဝင်ကြောင်း ကြေညာရမည်။

(စ) မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်ထားသော အမှတ်တံဆိပ်ကို တရားမဝင်ကြောင်း ကြေညာခြင်းဖြစ်ကြောင်း မှတ်တမ်းတင်ပြီး ထိုသို့ တရားမဝင်ကြောင်း ကြေညာခြင်းကို အမှတ်တံဆိပ် ပိုင်ရှင်ထံ အကြောင်းကြားရမည့်အပြင် အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာရမည်။

၅၁။ (က) အမှတ်တံဆိပ် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အကျိုးသက်ဆိုင်သူတစ်ဦးဦး၏ လျှောက်ထား ချက်အရ မှတ်ပုံတင်အရာရှိသည် အောက်ဖော်ပြပါ တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိပါက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ပယ်ဖျက်ရမည်-

(၁) မှတ်ပုံတင်ထားသော အမှတ်တံဆိပ်နှင့် သက်ဆိုင်သည့်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို မှတ်ပုံတင်အရာရှိထံ လျှောက်ထားသည့်နေ့မှစ၍ သုံးနှစ်အတွင်း လုံးဝအသုံးမပြုခြင်းနှင့် အဆိုပါအသုံးပြုမှု ပျက်ကွက်ခြင်းအတွက် ခိုင်လုံသော အကြောင်းပြချက်မရှိခြင်း၊

(၂) မှတ်ပုံတင်ထားသော အမှတ်တံဆိပ် အသုံးပြုခြင်းအား တစ်ဆက်တည်း သုံးနှစ်ကြာဆိုင်းငံ့ထား ခြင်းနှင့် အဆိုပါဆိုင်းငံ့ထားခြင်းအတွက် ခိုင်လုံသော အကြောင်းပြချက်မရှိခြင်း၊

(၃) မှတ်ပုံတင်ထားသော အမှတ်တံဆိပ်သည် ကုန်ပစ္စည်း၏ အမျိုးအစား၊ ဆက်စပ်သော အကြောင်းအရာ၊ အရည်အသွေး၊ အရေအတွက်၊ ရည်ရွယ်ထားသော အသုံးဝင်မှု၊ တန်ဖိုး၊ မူရင်းဒေသ၊ ထုတ်လုပ်သည့်အချိန်တို့ကို ဖော်ပြသည့် ညွှန်းပြချက်များ သို့မဟုတ် မျက်မှောက်ဝေါဟာရ အသုံးအနှုန်းတွင် ယေဘုယျ အသုံးအနှုန်းဖြစ်လာခြင်း သို့မဟုတ် ဓလေ့ထုံးစံဖြစ်လာခြင်းနှင့် ကုန်သွယ်မှုနယ်ပယ်တွင် လက်တွေ့အသုံးအနှုန်းဖြစ်လာသည့် ညွှန်းပြချက်များ သီးသန့်ပါဝင်လာခြင်း။

(ခ) ပုဒ်မခွဲ (က) အရ အမှတ်တံဆိပ်အသုံးပြုခြင်းတွင် အောက်ပါတို့ပါဝင်သည်-

(၁) မှတ်ပုံတင်ထားသော အမှတ်တံဆိပ်၏ ထူးခြားသော လက္ခဏာများအားပြောင်းလဲခြင်းမရှိဘဲ ကွဲပြားသောပုံစံတစ်ခုအဖြစ် အသုံးပြုခြင်း၊

(၂) ပြည်ပသို့တင်ပို့ရန် ရည်ရွယ်၍ ကုန်ပစ္စည်းများပေါ်တွင် အမှတ်တံဆိပ်ကို ကပ်ခြင်း သို့မဟုတ် ယင်းကုန်ပစ္စည်းကို ထုပ်ပိုးထားခြင်းအပေါ်တွင် အမှတ်တံဆိပ်ကို ကပ်ခြင်းတို့ အပါအဝင် နိုင်ငံတော် တွင် အသုံးပြုခြင်း။

(ဂ) ဤဥပဒေအရ အမှတ်တံဆိပ်အသုံးပြုသည့်ကာလ၊ သဘောသဘာဝ သို့မဟုတ် နယ်ပယ်အပါအဝင် အမှတ်တံဆိပ်အားအသုံးပြုမှုကို သက်သေပြရန် လိုအပ်လျှင် အဆိုပါ သက်သေပြရန်တာဝန်သည် အမှတ်တံဆိပ်ပိုင်ရှင်အပေါ် ကျရောက်စေရမည်။

(ဃ) ပယ်ဖျယ်စေသည့် အကြောင်းရင်းများသည် မှတ်ပုံတင်ထားသောအမှတ်တံဆိပ်၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု အချို့နှင့်သာ သက်ဆိုင်လျှင် ယင်းနှင့်ဆက်စပ်သောမှတ်ပုံတင်ခြင်းကိုသာလျှင် ပယ်ဖျက်စေရမည်။

(င) အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို ပယ်ဖျက်ပြီးပါက အဆိုပါမှတ်ပုံတင်ခြင်းသည် တရားဝင်ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

(စ) မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်ထားသော အမှတ်တံဆိပ်ကို ပယ်ဖျက်ကြောင်းမှတ်တမ်းတင်ပြီး ထိုသို့ပယ်ဖျက်ပြီးကြောင်းကို အမှတ်တံဆိပ်ပိုင်ရှင်ထံ အကြောင်းကြားရမည့်အပြင် အများပြည်သူသိရှိ စေရန် ထုတ်ပြန်ကြေညာရမည်။

၅၂။ မည်သူမဆို ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဂ) နှင့် ငြိစွန်းသဖြင့် မှတ်ပုံတင်အရာရှိက မှတ်ပုံတင်ရန်ငြင်းပယ် သည့် သို့မဟုတ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်သည့် အမှတ်တံဆိပ်ကို အသုံးမပြုရ။