ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၄) မှတ်ပုံတင်ထားသောအမှတ်တံဆိပ်ကို ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ပေးခြင်း

၄၅။ အမှတ်တံဆိပ်ပိုင်ရှင်သည် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ဖြစ်စေ၊ ယင်း၏မှတ်ပုံတင်ထားသော အမှတ်တံဆိပ်ကို အသုံးပြုရန်အတွက် စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးနိုင်သည်။

၄၆။ အမှတ်တံဆိပ်ပိုင်ရှင် သို့မဟုတ် ယင်း၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူသည် ခွင့်ပြုချက် စာတမ်းအမှတ်အသား မိတ္တူမှန်နှင့်အတူ သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို မှတ်တမ်းတင်ပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

၄၇။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၄၆ အရ လျှောက်ထားခြင်းကို မှတ်တမ်းတင်ပြီး သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

၄၈။ အမှတ်တံဆိပ်ပိုင်ရှင် သို့မဟုတ် ယင်း၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူက မှတ်ပုံတင် အရာရှိထံတွင် မှတ်တမ်းတင်ထားသည့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို ပယ်ဖျက်ရန် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားလျှင် မှတ်ပုံတင်အရာရှိက မှတ်တမ်းမှပယ်ဖျက်ပြီး ယင်းသို့ ပယ်ဖျက်ကြောင်း အများပြည်သူသိရှိစေရန် သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

၄၉။ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံ မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းမရှိလျှင် ယင်းခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ပေးခြင်းသည် အကျိုးသက်ရောက်မှုမရှိစေရ။