ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၃) အမှတ်တံဆိပ်အခွင့်အရေးများကို လွှဲပြောင်းခြင်း

၄၂။ (က) အမှတ်တံဆိပ်မှတ်ပုံတင်ပေးရန် လျှောက်ထားသူသည် ယင်း၏ လျှောက်ထားချက်ကို ပုဂ္ဂိုလ်တစ်ဦးဦးသို့ဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသို့ဖြစ်စေ လွှဲပြောင်းခြင်းအား မှတ်တမ်းတင်ပေးရန် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

(ခ) အမှတ်တံဆိပ်ပိုင်ရှင်သည် ယင်း၏မှတ်ပုံတင်ထားသော အမှတ်တံဆိပ်ပိုင်ဆိုင်မှုကို ပုဂ္ဂိုလ် တစ်ဦးဦးသို့ဖြစ်စေ၊ တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသို့ဖြစ်စေ လွှဲပြောင်းခြင်းအား မှတ်တမ်းတင်ပေးရန် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံလျှောက်ထားနိုင်သည်။

၄၃။ မှတ်ပုံတင်အရာရှိသည် အမှတ်တံဆိပ် မှတ်ပုံတင်ပေးရန် လျှောက်ထားသူကဖြစ်စေ၊ ပုဒ်မ ၄၂၊ ပုဒ်မခွဲ (က) အရ လွှဲပြောင်းခြင်းကို လက်ခံသူကဖြစ်စေ၊ အမှတ်တံဆိပ်ပိုင်ရှင်ကဖြစ်စေ၊ ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ) အရ လွှဲပြောင်းခြင်းကို လက်ခံသူကဖြစ်စေ သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး ပိုင်ဆိုင်မှု လွှဲပြောင်းကြောင်း မှတ်တမ်းတင်ပေးရန် လျှောက်ထားလျှင် ပိုင်ဆိုင်မှုလွှဲပြောင်းကြောင်း မှတ်တမ်းတင်၍ အများပြည်သူသိရှိစေရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

၄၄။ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံ မှတ်တမ်းတင်ပေးရန် လျှောက်ထားခြင်းမရှိလျှင် ယင်းပိုင်ဆိုင်မှုလွှဲပြောင်းခြင်းသည် အကျိုး သက်ရောက်မှု မရှိစေရ။