ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၁၂) မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ

၃၇။ အမှတ်တံဆိပ်ပိုင်ရှင်သည် အခန်း (၁၁) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ပါက မှတ်ပုံတင်သက်တမ်းကာလအတွင်း ဤအခန်းပါ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ခံစားခွင့်ရှိသည်။

၃၈။ အမှတ်တံဆိပ်ပိုင်ရှင်သည် ပုဒ်မ ၃၉ နှင့် ၄၀ တို့ပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ-

(က) သီးသန့်အခွင့်အရေးအဖြစ်-

(၁) ယင်း၏သဘောတူညီချက်မရှိဘဲ အခြားသူတစ်ဦးက ထပ်တူ သို့မဟုတ် အလားတူသော အမှတ်တံဆိပ်ကို ထပ်တူ သို့မဟုတ် အလားတူသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွင် အသုံးပြု၍ ကုန်သွယ်မှုပြုရာတွင် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေပါက ဤဥပဒေနှင့်အညီ ကာကွယ် တားဆီးခွင့်ရှိသည်။

(၂) မှတ်ပုံတင်ထားသော အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်သူအား ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ နှစ်ရပ်လုံးအရဖြစ်စေ တရားစွဲဆိုခွင့်ရှိသည်။

(၃) အောက်ပါအခြေအနေများနှင့် ကိုက်ညီလျှင် မှတ်ပုံတင်ထားသည့် ကျော်ကြားသော အမှတ်တံဆိပ်နှင့် ထပ်တူ သို့မဟုတ် အလားတူသော အမှတ်တံဆိပ်ကို မတူညီသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများတွင် ယင်း၏ သဘောတူညီချက်မရှိဘဲ ကုန်သွယ်မှုပြုရာတွင် အသုံးပြုခြင်းကို ကာကွယ်တားဆီးခွင့်ရှိသည်-

(ကက) မှတ်ပုံတင်ထားသည့်ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်နှင့် အသုံးပြုထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအကြား ဆက်နွှယ်မှုရှိသည်ဟု ညွှန်ပြသကဲ့သို့ ဖြစ်နေခြင်း၊

(ခခ) ယင်းအမှတ်တံဆိပ်ပိုင်ရှင်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ခြင်း။

(ခ) အခန်း (၁၃) နှင့် (၁၄) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထားသော အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း ပြုနိုင်သည်။

၃၉။ အမှတ်တံဆိပ်ပိုင်ရှင်သည် အခြားသူတစ်ဦးဦးက စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် ကုန်သွယ်မှု လုပ်ငန်းများအတွက် အောက်ပါတို့နှင့်စပ်လျဉ်း၍ သဘောရိုးဖြင့် အသုံးပြုဆောင်ရွက်ခြင်းကို တားမြစ် ပိတ်ပင်ခွင့်မရှိစေရ-

(က) ပိုင်ရှင်၏ကိုယ်ပိုင်အမည် သို့မဟုတ် နေရပ်လိပ်စာ၊

(ခ) ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ၏အမျိုးအစား၊  ဆက်စပ်သော အကြောင်းအရာ၊ အရည်အသွေး၊ အရေအတွက်၊ ရည်ရွယ်ထားသော အသုံးဝင်မှု၊ တန်ဖိုး၊ မူရင်းဒေသ၊ ထုတ်လုပ်သည့် အချိန်ကာလ သို့မဟုတ် အခြားသောလက္ခဏာများကို ဖော်ပြသည့် ညွှန်းပြချက်များ၊

(ဂ) ကုန်ပစ္စည်းကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အသုံးပြုရန် ရည်ရွယ်သည့် ဖော်ပြချက်၊ အထူးသဖြင့် တွဲဖက်သုံးပစ္စည်းများ သို့မဟုတ် အပိုပစ္စည်းများ၏ အသုံးပြုရန် ရည်ရွယ်သည့် ဖော်ပြချက်။

၄၀။ အမှတ်တံဆိပ်ပိုင်ရှင်သည် ယင်းကိုယ်တိုင်ကဖြစ်စေ၊ ယင်း၏သဘောတူညီချက် ရရှိသူကဖြစ်စေ ပေးပို့ထားသည့် ဈေးကွက်တွင် ရောက်ရှိနေသော ကုန်ပစ္စည်းများ၌ ယင်း၏အမှတ်တံဆိပ်ကို အသုံးပြုခြင်းအား တားမြစ်ပိတ်ပင်ခွင့်မရှိစေရ။

၄၁။ ပုဒ်မ ၄၀ တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမှု အမှတ်တံဆိပ်ပိုင်ရှင်သည် ကုန်ပစ္စည်းများကို ဈေးကွက်သို့ တင်သွင်းပြီးနောက် ယင်းကုန်ပစ္စည်း၏ အခြေအနေ ပြောင်းလဲသွားလျှင် သို့မဟုတ် ပျက်စီးယိုယွင်းသွားလျှင် ယင်းကုန်ပစ္စည်းအား ဆက်လက်ရောင်းချခြင်းကို တည်ဆဲဥပဒေနှင့်အညီ တားမြစ်ပိတ်ပင်နိုင်သည်။