ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၉) စစ်ဆေးခြင်း၊ ကန့်ကွက်ခြင်းနှင့် မှတ်ပုံတင်ခြင်း

၂၃။ စစ်ဆေးရေးအရာရှိသည် အမှတ်တံဆိပ်မှတ်ပုံတင်ပေးရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍-

(က) ပုဒ်မ ၁၃ ပါအချက်များနှင့်ငြိစွန်းခြင်း ရှိ မရှိ ကိုလည်းကောင်း၊ ပုဒ်မ ၁၇ ပါ အချက်များ ပြည့်စုံစွာပါဝင်ခြင်း ရှိ မရှိ ကိုလည်းကောင်း စစ်ဆေးပြီးနောက် သတ်မှတ်ချက်နှင့် ညီညွတ်သော လျှောက်ထားချက်များကို သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။

(ခ) ပုဒ်မ ၁၃ ပါ အချက်များနှင့် ငြိစွန်းခြင်း ရှိ မရှိ ကိုလည်းကောင်း၊ ပုဒ်မ ၁၇ ပါ အချက်များ ပြည့်စုံစွာပါဝင်ခြင်း ရှိ မရှိ ကိုလည်းကောင်း စစ်ဆေးပြီးနောက် သတ်မှတ်ချက်နှင့် ညီညွတ်ခြင်း မရှိသော လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ရန် မှတ်ပုံတင်အရာရှိ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားသူထံ အကြောင်းကြားရမည်။ လျှောက်ထားသူက အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပြင်ဆင်ဆောင်ရွက်ခြင်း မရှိပါက အဆိုပါမှတ်ပုံတင် လျှောက်ထားချက်ကို စွန့်လွှတ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(ဂ) ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ချက်ကို လက်ခံရရှိပါက စိစစ်ပြီး လျှောက်ထားချက်ကို မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။

၂၄။ အမှတ်တံဆိပ်ကို မှတ်ပုံတင်ပေးရန် လျှောက်ထားသူသည်-

(က) သတ်မှတ်သည့် ကာလအတွင်း လိုက်နာရန်ပျက်ကွက်ခဲ့ပြီး အဆိုပါပျက်ကွက်ခဲ့မှုကြောင့်  သက်ဆိုင်ရာ အမှတ်တံဆိပ်လျှောက်ထားချက်နှင့်စပ်လျဉ်းသည့်အခွင့်အရေး ဆုံးရှုံးမှုဖြစ်ပေါ်စေမည် ဆိုပါက အောက်ပါအချက်များနှင့် ကိုက်ညီလျှင် အမှတ်တံဆိပ် မှတ်ပုံတင်ပေးရန် မှတ်ပုံတင်အရာရှိထံ ပြန်လည်လျှောက်ထားနိုင်သည်-

(၁) သတ်မှတ်သည့်ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့မှုကြောင့် စွန့်လွှတ်ခံရသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း တောင်းဆိုချက်တစ်ရပ်ကို တင်ပြခြင်း၊

(၂) သတ်မှတ်သည့် ကာလအတွင်းလိုက်နာရန် ပျက်ကွက်ခဲ့မှုနှင့် စပ်လျဉ်းသည့် လိုအပ်ချက်များ၊ သတင်းအချက်အလက်များ သို့မဟုတ် ရှင်းလင်းချက်များကို ပူးတွဲတင်ပြခြင်း၊

(၃) သတ်မှတ်သည့် ကာလအတွင်း လိုက်နာရန် ပျက်ကွက်ခဲ့မှုအပေါ် ခိုင်လုံသော အကြောင်းပြချက်ကို တောင်းဆိုချက်တွင် ဖော်ပြခြင်း၊

(၄) အခကြေးငွေ ပေးသွင်းပြီးဖြစ်ခြင်း။

(ခ) အယူခံတင်သွင်းထားသည့် ကာလအတွင်း ပုဒ်မခွဲ (က) အရ လျှောက်ထားချက်နှင့် စပ်လျဉ်းသည့် အခွင့်အရေး ပြန်လည်ပေးအပ်ရန်တောင်းဆိုလာလျှင် မှတ်ပုံတင်အရာရှိက ဆိုင်းငံ့ထားရမည်။

၂၅။ မှတ်ပုံတင်အရာရှိသည်-

(က) အမှတ်တံဆိပ် လျှောက်ထားချက်နှင့် စပ်လျဉ်းသည့် အခွင့်အရေးဆုံးရှုံးမှုဖြစ်ပေါ်စေမည် ဆိုပါက စွန့်လွှတ်ပြီးသော အမှတ်တံဆိပ်ကို မှတ်ပုံတင်ပေးရန် ပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ ပြန်လည်လျှောက်ထား လာလျှင် အဆိုပါ တောင်းဆိုချက်ကို စိစစ်၍ ခွင့်ပြုနိုင်သည်။

(ခ) ပုဒ်မ ၁၃၊ ပုဒ်မ ၁၇ တို့နှင့် ညီညွတ်သော လျှောက်ထားချက်ကို အများပြည်သူသိရှိစေရန်နှင့် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

၂၆။ အမှတ်တံဆိပ် မှတ်ပုံတင်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသူသည် ထုတ်ပြန် ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ ရက်အတွင်း ပုဒ်မ ၁၃ နှင့် ၁၄ တို့တွင် ဖော်ပြထားသော အကြောင်းပြချက်တစ်ရပ်ရပ်ဖြင့် သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။

၂၇။ မှတ်ပုံတင်အရာရှိသည် ကန့်ကွက်လွှာကို လက်ခံရရှိပါက သတ်မှတ်သည့် အချိန်ကာလအတွင်း ကန့်ကွက်ချက်ကို ခုခံချေပနိုင်ရန် လျှောက်ထားသူထံ အကြောင်းကြားစာပေးပို့ရမည်။

၂၈။ မှတ်ပုံတင်အရာရှိသည် အမှတ်တံဆိပ်မှတ်ပုံတင်ပေးရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍-

(က) အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်လွှာ တင်သွင်းခြင်းမရှိပါက အဆိုပါအမှတ်တံဆိပ်မှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို ခွင့်ပြုနိုင်သည်။

(ခ) ကန့်ကွက်လွှာတင်သွင်းလာပါက ကန့်ကွက်ချက်ကို ပုဒ်မ ၁၃ သို့မဟုတ် ပုဒ်မ ၁၄ ပါ အချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးပြီးခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ဂ) မှတ်ပုံတင်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားရှိပြီး လျှောက်ထားသူထံ အကြောင်းကြားရမည်။ ထို့ပြင် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို အများပြည်သူသိရှိစေရန် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာရမည်။

(ဃ) မှတ်ပုံတင်ခြင်းကို ခွင့်ပြုလျှင် အမှတ်တံဆိပ် မှတ်ပုံတင်လက်မှတ်ကို လျှောက်ထားသူထံ ထုတ်ပေးရမည်။

၂၉။ အမှတ်တံဆိပ်ပိုင်ရှင်သည်-

(က) အမှတ်တံဆိပ် မှတ်ပုံတင်လက်မှတ်မူရင်း ပျက်စီး သို့မဟုတ် ပျောက်ဆုံးပါက မိတ္တူမှန်ထပ်မံ ထုတ်ပေးရန် သတ်မှတ်သည့်အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

(ခ) မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ထားသော စာအရေးအသားအမှားနှင့် ပြင်ဆင်ခွင့် ပြုနိုင်သည့် အခြားမှားယွင်းမှုများကိုလည်းကောင်း၊ နိုင်ငံသားနှင့်နေရပ်လိပ်စာများကိုလည်းကောင်း ပြင်ဆင် ပေးရန် သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

၃၀။ မှတ်ပုံတင်အရာရှိသည်-

(က) ပုဒ်မ ၂၉၊ ပုဒ်မခွဲ (က) ပါ လျှောက်ထားချက်ကို စိစစ်ပြီး အမှတ်တံဆိပ် မှတ်ပုံတင်လက်မှတ် မိတ္တူမှန်ကို ထုတ်ပေးရမည်။

(ခ) ပုဒ်မ ၂၉၊ ပုဒ်မခွဲ (ခ) ပါ လျှောက်ထားချက်ကိုစိစစ်ပြီး ပြင်ဆင်ခွင့်ပေးနိုင်သည်။