ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
Download : Myanmar / English
အခန်း (၈) လျှောက်ထားခြင်း

၁၅။ ဤဥပဒေအရအမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးရရှိရန် မှတ်ပုံတင်လျှောက်ထားလိုသူသည် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

၁၆။ အမှတ်တံဆိပ်ကို မှတ်ပုံတင်ပေးရန် လျှောက်ထားသူသည်-

(က) မှတ်ပုံတင်လျှောက်ထားချက်ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေရေးသား နိုင်သည်။

(ခ) မြန်မာဘာသာဖြင့် လျှောက်ထားချက်ကို အင်္ဂလိပ်ဘာသာသို့လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် လျှောက်ထားချက်ကို မြန်မာဘာသာသို့လည်းကောင်း ဘာသာပြန်ဆိုပေးရန် မှတ်ပုံတင်အရာရှိက တောင်းဆိုခဲ့လျှင် ဘာသာပြန်ဆိုပေးရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ဘာသာပြန်ဆိုချက်ဖြစ်လျှင် လျှောက်ထားသူက မှန်ကန်ကြောင်း ဝန်ခံလက်မှတ် ရေးထိုးရမည်။

၁၇။ အမှတ်တံဆိပ်ကို မှတ်ပုံတင်ပေးရန် လျှောက်ထားသူသည်-

(က) မှတ်ပုံတင်လျှောက်ထားချက်တွင် အောက်ပါအချက်များ ဖော်ပြရမည်-

(၁) မှတ်ပုံတင်ပေးရန် တောင်းဆိုချက်၊

(၂) လျှောက်ထားသည့် ပုဂ္ဂိုလ် သို့မဟုတ်  တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ အမည်နှင့် နေရပ်လိပ်စာ၊

(၃) ကိုယ်စားလှယ် လွှဲအပ်၍ လျှောက်ထားခြင်းဖြစ်လျှင် ကိုယ်စားလှယ်၏ အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် နေရပ်လိပ်စာ၊

(၄) အမှတ်တံဆိပ်၏ ရှင်းလင်းပြည့်စုံသော ဖော်ပြချက်၊

(၅) အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်အမျိုးအစား အုပ်စုခွဲခြားခြင်းအရ အုပ်စုအလိုက် သတ်မှတ် ထားသည့် မှတ်ပုံတင်ရန်တောင်းဆိုသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ၏ အမည်နှင့် အမျိုးအစားများ၊

(ခ) ပုဒ်မခွဲ (က) ပါ အချက်များအပြင် လိုအပ်ပါက အောက်ပါအချက်များကိုလည်း ပူးတွဲတင်ပြရမည်-

(၁) တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းအတွက် လျှောက်ထားခြင်းဖြစ်လျှင် အဆိုပါ အဖွဲ့အစည်း မှတ်ပုံတင်အမှတ်၊ အမျိုးအစားနှင့် နိုင်ငံအမည်၊

(၂) ဦးစားပေး အခွင့်အရေးရရှိရန် တောင်းဆိုလျှင် ဦးစားပေး အခွင့်အရေးရှိကြောင်း ခိုင်လုံသည့် အထောက်အထား၊ ဖော်ပြချက်တို့နှင့်အတူ ဦးစားပေးအခွင့်အရေးတောင်းဆိုချက်၊

(၃) ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးရရှိရန် တောင်းဆိုလျှင် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေး အခွင့်အရေးရှိကြောင်းခိုင်လုံသည့် အထောက်အထား၊ ဖော်ပြချက်တို့နှင့်အတူ ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးတောင်းဆိုချက်၊

(၄) လျှောက်ထားသည့် အမှတ်တံဆိပ်သည် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ဖြစ်ပါက ယင်းသို့ မှတ်ပုံတင်ထားကြောင်း အထောက်အထား စာရွက်စာတမ်း၊

(၅) အေဂျင်စီနှင့် ဦးစီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် အခြားလိုအပ်ချက်များ။

၁၈။ သတ်မှတ်သည့် အခကြေးငွေ ပေးသွင်းပြီး ပုဒ်မ ၁၇၊ ပုဒ်မခွဲ (က) ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသော အမှတ်တံဆိပ်လျှောက်ထားချက်ကို ဦးစီးဌာနက လက်ခံရရှိသည့်နေ့သည် နိုင်ငံတော်တွင် မှတ်ပုံတင်လျှောက်ထားချက် တင်သွင်းသည့်နေ့ဖြစ်သည်ဟု မှတ်ယူရမည်။

၁၉။ မှတ်ပုံတင်အရာရှိသည်-

(က) ထပ်တူဖြစ်သော သို့မဟုတ် အလားတူသော အမှတ်တံဆိပ်များကို မတူညီသောနေ့ အသီးသီးတွင် တစ်ဦးထက်ပိုသူများက မှတ်ပုံတင်လျှောက်ထားရာ၌ အဆိုပါ လျှောက်ထားချက်များအပေါ် အငြင်းပွားဖွယ်ရာဖြစ်ပေါ်လာခဲ့လျှင် မှတ်ပုံတင်ပေးရန် သတ်မှတ်ချက်များနှင့် ညီညွတ်သော လျှောက်ထားချက်ကို ဦးစွာတင်သွင်းသူအား မှတ်ပုံတင်ခွင့်ပြုရမည်။

(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားရာတွင် လျှောက်ထားသူ အသီးသီးက ဦးစားပေးအခွင့်အရေး သို့မဟုတ် ကုန်စည်ပြပွဲဆိုင်ရာ ဦးစားပေးအခွင့်အရေးကို တောင်းဆိုရာ၌ လျှောက်ထားချက်များအပေါ် အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်ခဲ့လျှင် မှတ်ပုံတင်ပေးရန် သတ်မှတ်ချက်များနှင့် ညီညွတ်သော အမှတ်တံဆိပ် လျှောက်ထားချက်တွင် ဦးစားပေးအခွင့်အရေးနေ့ အစောဆုံးပါရှိသူကိုသာ မှတ်ပုံတင်ခွင့်ပြုရမည်။

၂၀။ ထပ်တူဖြစ်သော သို့မဟုတ် အလားတူသော အမှတ်တံဆိပ်များကို မှတ်ပုံတင်ပေးရန် တစ်ဦးထက် ပိုသူများက တစ်နေ့တည်းတွင် လျှောက်ထားလာပါက သို့မဟုတ် တူညီသော ဦးစားပေးနေ့ကို တောင်းဆို လျှောက်ထားလာပါက-

(က) မှတ်ပုံတင်အရာရှိသည် လျှောက်ထားသူအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး အမှတ်တံဆိပ် လျှောက်ထားသူအဖြစ် သတ်မှတ်ပေးစေလိုသူ၏ အမည်ကို သတ်မှတ်သည့်ကာလအတွင်း ပြန်လည်တင်ပြရန် လျှောက်ထားသူအားလုံးကို ညွှန်ကြားရမည်။

(ခ) လျှောက်ထားသူများသည် မှတ်ပုံတင်အရာရှိ၏ညွှန်ကြားချက်နှင့်အညီ ၎င်းတို့အချင်းချင်းဆွေးနွေး ညှိနှိုင်းချက်အရ အမှတ်တံဆိပ် လျှောက်ထားသူအဖြစ် သတ်မှတ်ပေးရန် သဘောတူညီခြင်းခံရသူ၏ အမည်ကို မှတ်ပုံတင်အရာရှိထံ ပြန်လည်တင်ပြရမည်။

(ဂ) ပုဒ်မခွဲ (က) အရ ညွှန်ကြားသော်လည်း လျှောက်ထားသူများသည် ယင်းတို့အချင်းချင်း သဘောတူညီမှု မရရှိခဲ့လျှင် မှတ်ပုံတင်အရာရှိ၏ သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ဆုံးဖြတ်ခြင်းကို လိုက်နာရမည်။

၂၁။ (က) အမှတ်တံဆိပ်ကို မှတ်ပုံတင်ပေးရန် လျှောက်ထားသူသည်-

(၁) မှတ်ပုံတင်အရာရှိက အမှတ်တံဆိပ်ကို မှတ်ပုံတင်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းမပြုမီဖြစ်စေ၊ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်အပေါ် အယူခံခြင်းနှင့်စပ်လျဉ်း၍ အေဂျင်စီက ဆုံးဖြတ်ချက် မချမှတ်မီဖြစ်စေ လျှောက်ထားချက်၊ ဘာသာပြန်ဆိုချက်နှင့် စာရွက်စာတမ်း အထောက်အထားတစ်ခုခု တွင်ပါရှိသည့် စာအရေးအသားအမှားနှင့် ပြင်ဆင်ခွင့်ပြုနိုင်သည့် အခြားမှားယွင်းမှုများကို ပြင်ဆင်လို ပါကသတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ပြင်ဆင်ပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင် သည်။

(၂) အမှတ်တံဆိပ် မှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို ရုပ်သိမ်းပေးရန် လျှောက်ထားနိုင်သည်။

(၃) ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအများအပြားပါဝင်သော မည်သည့်လျှောက်ထားချက်ကိုမဆို တစ်စောင်ထက်ပိုသော လျှောက်ထားချက် အသစ်များအဖြစ် ခွဲခြားပေးရန်လည်းကောင်း၊ တင်ပြထား သော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုစာရင်းကို ချဲ့ထွင်ခြင်းမပြုဘဲ ကန့်သတ်ခြင်း သို့မဟုတ် လျှော့ချခြင်းပြုလုပ်ပေးရန်လည်းကောင်း သတ်မှတ်သည့် အခကြေးငွေပေးသွင်းပြီး ပြင်ဆင်ပေးရန် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) အရ မှတ်ပုံတင်ပေးရန် ခွဲခြား၍ လျှောက်ထားချက် အသစ်များအဖြစ် တင်သွင်းရာတွင် မူလလျှောက်ထားသည့်နေ့ကို လျှောက်ထားချက်တင်သွင်းသည့်နေ့ဖြစ်သည်ဟု မှတ်ယူရမည်။

၂၂။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၂၁ ပါ လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ပြင်ဆင်ခွင့်ပေးနိုင်သည်။